
နေပြည်တော် ဇွန် ၄
ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၄ ခုနှစ် ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Naypyitaw State Academy ပရိဝုဏ် အတွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ခရေပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့်အတူ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်း ရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီး များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအရာ ထမ်း၊ အမှုထမ်းများ၊ Naypyitaw State Academy မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ကထိကဆရာ ဆရာမကြီးများ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ယနေ့မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို နေပြည်တော်တွင် စဉ်းစားတွေးခေါ်ဖန်တီးမှုကို အားပေးသော၊ အရည် အသွေးပြည့်ဝသည့် သင်ကြားသင်ယူလေ့ကျင့်မှုများမှ တစ်ဆင့် အသုံးချသုတေသနနှင့် တီထွင်ဆန်းသစ်မှု ကို မြှင့်တင်ပေးနိုင်မည့် အဆင့်မြင့်ပညာရပ်များ သင်ယူရာ တက္ကသိုလ်တစ်ခုကို တည်ထောင်ဖွင့်လှစ် ရန်ဟူသည့် ရည်မှန်းချက်ဖြင့် ဖွင့်လှစ်ခဲ့သည့် Naypyitaw State Academy ပရိဝုဏ်အတွင်း၌ ကျင်းပခြင်းဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ အေးချမ်းပျော်ရွှင် စွာအပန်းဖြေနိုင်စေရေး၊ ရာသီဥတုသာယာမျှတစေ ရေး၊ သစ်ပင်သစ်တော စိုက်ပျိုးပြုစုထိန်းသိမ်းရေးတွင် ပိုမိုတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရေး စသည့် ရည်ရွယ်ချက်များနှင့် ယခုသစ်ပင်စိုက်ပွဲတော် ကို ကျင်းပခြင်းဖြစ်ကြောင်း။
ပြည်သူများအားလုံး ပူးပေါင်းပါဝင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူ ခဲ့သည့် ၂၀၂၁ ခုနှစ်မှစတင်ပြီး နှစ်စဉ်သစ်ပင်စိုက်ပွဲများ ကျင်းပလာခဲ့သည်မှာ ယခုအခါ နေပြည်တော်တွင် သစ်ပင်စိုက်ပျိုးပွဲ ၈ ကြိမ်၊ ပျိုးပင်ပေါင်း ၁၂၄၅၅ ပင်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက သစ်ပင်စိုက်ပျိုးပွဲ ၈ ကြိမ် ပျိုးပင်ပေါင်း ၃၀၁၅၄ ပင် ကို အောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ နိုင်ငံနှင့် အဝန်း မိုးကြိုနှင့်မိုးရာသီသစ်ပင်စိုက်ပွဲပေါင်း ၁၁၄၇ ပွဲ၊ ပျိုးပင်ပေါင်း ၇၇၅၁၉၂ ပင်ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ သစ်ပင်သစ်တောများ၏ အကျိုးကျေးဇူးကို သိရှိ နားလည်ပြီး ပြည်သူများအားလုံး ပူးပေါင်းပါဝင်စေရန် ရည်ရွယ်ပြီး ယခုကဲ့သို့ ဦးဆောင်စိုက်ပျိုးခဲ့ခြင်းဖြစ် ကြောင်း။
ယခုကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲတော်တွင် သစ်မျိုး ၆ မျိုး၊ အပင် ၁၀၃၀ စိုက်ပျိုးသွားမည်ဖြစ် ကြောင်း၊ တက္ကသိုလ်ပရိဝုဏ်နှင့် လိုက်ဖက်မည့် ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ ပိတောက် သစ်မျိုးများကို အစီအစဉ်တကျ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း။
အရှိန်အဟုန်ဖြင့်ဆောင်ရွက်
ယခုနှစ် မိုးရာသီတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်း များအပါအဝင် တစ်နိုင်ငံလုံး သစ်ပင်ပေါင်း ၂၂ ဒသမ ၃၃၂ သန်း စိုက်ပျိုးတည်ထောင်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ကျေးရွာ၊ မြို့ပြပတ်ဝန်းကျင်နေရာအသီးသီး တွင်လည်း ဒေသအလိုက် သင့်တော်သည့် အရိပ်ရပင် များ၊ လေကာပင်များကို စဉ်ဆက်မပြတ်စိုက်ပျိုးရန်၊ သစ်ပင်သစ်တောများ ထိန်းသိမ်းရန်၊ မြစ်၊ ချောင်း တစ်လျှောက် သစ်ပင်များစိုက်ပျိုးထိန်းသိမ်းရန်၊ ဒီရေ တောအပင်များ စိုက်ပျိုးတည်ထောင်ရန် စသည့်သစ်ပင် သစ်တောစိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများ အရှိန် အဟုန်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အာဆီယံ လမ်းမကြီးများ ဘေးဝဲယာ၊ အမြန်လမ်းမကြီးဘေး ဝဲယာနှင့် ရထားလမ်းများ ဘေးဝဲယာများတွင်လည်း သစ်ပင်များစဉ်ဆက်မပြတ် စိုက်ပျိုးပြုစုထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများကို အောင် မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ဌာနများနှင့် ပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်မှု မဖြစ်မနေလိုအပ်သည့်အတွက် အတူတကွ ပါဝင် ဆောင်ရွက်ကြရန် အလေးထားမှာကြားလိုကြောင်း။
ယခုကဲ့သို့ သစ်ပင်များစိုက်ပျိုးကြရာတွင် တစ်ပင် စိုက် တစ်ပင်ရှင်သန်အောင်မြင် ဖြစ်ထွန်းစေရန် အတွက် သန်စွမ်းသည့်ပျိုးသက် ၂ နှစ်၊ အမြင့် ၂ ပေ အထက် ပျိုးပင်များကို စိုက်ပျိုးကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ပျိုးပင်များရရှိရန်အတွက် မျိုးကောင်းမျိုးသန့် အပင်များမှ အပင်ပေါက်ရောက် အောင်မြင်ရှင်သန်နိုင် မည့်သစ်စေ့များ ကြိုတင်စုဆောင်းခြင်းနှင့် ပျိုးထောင် ခြင်းလုပ်ငန်းများကို အချိန်ယူကြိုတင်ပြင်ဆင်ပြီး အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပျိုးပင်အဖြစ် ၂ နှစ်တာ ရှင်သန်ဖြစ်ထွန်းလာသည့် အပင်သည် ဆက်လက်ရှင်သန်ကြီးထွားရန် စနစ် တကျဆောင်ရွက်သွားပါက မဖြစ်စရာမရှိကြောင်း။
ဂရုတစိုက်စနစ်တကျစိုက်ပျိုး
စိုက်ပျိုးပင်များ ရှင်သန်အောင်မြင်စေရန်အတွက် နေရာဒေသနှင့် ကိုက်ညီမည့်သစ်မျိုးမှန်ကန်စွာ ရွေးချယ်မှု၊ စနစ်တကျ မြေပြုပြင်မှု၊ ရေနှင့် မြေအစို ဓာတ်ရရှိမှု၊ စိုက်မည့်ကျင်းအရွယ်အစားမှန်ကန်မှု၊ ပန္နက်အကွာအဝေးနှင့် စိုက်ပျိုးနည်းစနစ်မှန်ကန်မှု ရှိစေရေးတို့ကို အထူးအလေးထား ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ မြေဆီအာဟာရပြည့်ဝစေရန် အတွက်လည်း လိုအပ်သည့်သွင်းအားစုများကို ထည့်သွင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဆိုလို သည်မှာ ဂရုတစိုက်စနစ်တကျ စိုက်ပျိုးရန်ဖြစ် ကြောင်း။
၂၀၂၀ ပြည့်နှစ်၊ ကုလသမဂ္ဂစားရေရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၏ အစီရင်ခံစာအရ ကမ္ဘာ့ သစ်တောဖုံးလွှမ်းမှုသည် ကမ္ဘာ့မြေမျက်နှာပြင်၏ သုံးပုံတစ်ပုံဖြစ်သည့် ဧက ၁၀ ဒသမ ၀၃ ဘီလီယံ နီးပါးရှိကြောင်း၊ သို့သော် ၁၉၉၀ မှ ၂၀၀၀ ပြည့်နှစ် အတွင်းတစ်နှစ်လျှင် ဧက ၁၉ ဒသမ၂၇ သန်း၊ ၂၀၀၀ မှ ၂၀၁၀ ပြည့်နှစ်အတွင်း တစ်နှစ်လျှင် ဧက ၁၂ ဒသမ ၈၅ သန်းနှင့် ၂၀၁၀ မှ ၂၀၂၀ ပြည့်နှစ်အတွင်း တစ်နှစ် လျှင် ဧက ၁၁ ဒသမ ၆၁ သန်း လျော့နည်းကျဆင်း သွားသည်ကို လေ့လာသိရှိရကြောင်း။
ပြုန်းတီးလျော့နည်းခဲ့
အာဆီယံဒေသ၏ သစ်တောဖုံးလွှမ်းမှု ပမာဏ အနေဖြင့် ဧက ၅၂၈ ဒသမ ၇၉ သန်းကျော်ရှိခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၃၀ အတွင်း စုစုပေါင်းသစ်တောများ၏ ခြောက်ပုံတစ်ပုံ ခန့် ဧက ၉၂ ဒသမ ၉၁ သန်း ပြုန်းတီးလျော့နည်း ခဲ့သည်ကို လေ့လာသိရှိရကြောင်း။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း၌ မြန်မာနိုင်ငံ သည် သစ်တောဧရိယာ ဒုတိယအများဆုံးပိုင်ဆိုင် သည့်နိုင်ငံဖြစ်ပြီး ကုလသမဂ္ဂစားရေရိက္ခာနှင့် စိုက်ပျိုး ရေးအဖွဲ့၏ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာအရ သစ်တော ဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင် နှုန်းရှိကြောင်း၊ သစ်တောပြုန်းတီးမှုနှုန်းအနေဖြင့် ကြည့်ပါက ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း
နှစ်စဉ် ၁ ဒသမ ၇ ရာခိုင်နှုန်း ပြုန်းတီးခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း နှစ်စဉ် ၀ ဒသမ ၉ ရာခိုင်နှုန်းသာ ပြုန်းတီးခဲ့သည်ကို တွေ့ရ သည့်အတွက် သစ်တောပြုန်းတီးမှုကို လျော့နည်း အောင်ထိန်းသိမ်းနိုင်ခဲ့ခြင်းကို တွေ့ရှိရကြောင်း။
ယခုအခါ ၂၀၂၅ ခုနှစ် သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာထုတ်ပြန်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာတွင် ပဏာမလေ့လာ ဆန်းစစ်မှုများအရ ပင်လယ်ကမ်းရိုးတန်းဒေသများ တွင် ပေါက်ရောက်သည့် ဒီရေတောဧရိယာသည် ၂၀၂၀ ပြည့်နှစ်မှာ ဧက ၁ ဒသမ ၀၇ သန်း၊ နိုင်ငံဧရိယာ ၏ ၀ ဒသမ ၆၄ ရာခိုင်နှုန်းရှိခဲ့ပြီး ယခုအခါတွင် ဧက ၁ ဒသမ ၁၃ သန်း နိုင်ငံဧရိယာ၏ ၀ ဒသမ ၆၇ ရာခိုင်နှုန်းထိ တိုးတက်လာသည်ကို အားတက်ဖွယ် တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည် တည်ထောင်ရေးစီမံကိန်းနှင့် မပျက်စီးအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ခြင်း၏ အကျိုး ရလဒ်များပင် ဖြစ်ကြောင်း။
အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ခဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူခဲ့ သည့် ၃ နှစ်ကျော်ကာလအတွင်း ကြိုးပြင်ကာကွယ် တော ၄၁ ခု၊ ဧရိယာဧက ငါးသိန်းခြောက်သောင်းကျော် (၅၆၀၇၉၇ ဒသမ ၅၇ ဧက)နှင့် သဘာဝထိန်းသိမ်း ရေးနယ်မြေ ၁၄ ခု၊ ဧရိယာဧက ငါးသိန်းကိုးသောင်း ကျော် (၅၉၀၀၁၅ ဒသမ ၁၃ ဧက)၊ စုစုပေါင်းဧရိယာ ဧက ၁ ဒသမ ၁၅ သန်းကျော် (၁၁၅၀၈၁၂ ဒသမ ၇ ဧက)ကို တည်ထောင်ဖွဲ့စည်းနိုင်ခဲ့ပြီး သစ်တော ထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့ကြောင်း။
မြန်မာနိုင်ငံသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များကြောင့် ထိခိုက်နိုင်ခြေမြင့်မားသည့် နိုင်ငံများစာရင်းတွင် ပါဝင်နေကြောင်း၊ ၂၀၂၄ ခုနှစ် နွေရာသီတွင် အယ်နီညိုဖြစ်စဉ်ကြုံတွေ့ရပြီး အကျိုး ဆက်အနေဖြင့် မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲခြင်း၊ နေ့အပူချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်နိုင်ခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့် အစွန်းရောက်မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်ဟုသိရကြောင်း၊ ယခု ၂၀၂၄ ဧပြီလအတွင်းတွင် အပူလှိုင်းဖြတ်သန်းမှု ကြောင့် နေ့အပူချိန်များမြင့်မားခဲ့ကြောင်း၊ မြန်မာ နိုင်ငံအလယ်ပိုင်း ချောက်မြို့သည် ယခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် နေ့အပူချိန် ၄၈ ဒသမ ၂ ဒီဂရီဆဲလ် စီးယပ်စ်အထိရှိခဲ့ပြီး ကမ္ဘာ့အပူချိန်အမြင့်မားဆုံးမြို့ အဖြစ် ပါဝင်ခဲ့ကြောင်း၊ အလားတူ မကွေးမြို့၊ မင်းဘူး မြို့၊ ညောင်ဦးမြို့နှင့် စစ်ကိုင်းမြို့တို့သည် ကမ္ဘာ့ အပူဆုံးမြို့ ၁၅ မြို့စာရင်းတွင် ပါဝင်ခဲ့ကြောင်း။
ထို့ကြောင့်လည်း အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်း စိုပြည်ရေးလုပ်ငန်းများအတွက် သစ်တောဦးစီးဌာန နှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့က ယခုနှစ်မိုးရာသီတွင် တစ်ရွာ ၂ ဧက စိုက်ခင်း၊ ဘက်စုံသုံး စိုက်ခင်းနှင့် ကျေးရွာထင်းစိုက်ခင်း စုစုပေါင်း ဧက ၃၅၅၁ ဒသမ ၂၀၊ ပျိုးပင်ပေါင်း နှစ်သန်းကျော် (၂၀၉၂၈၄၇) ပင်ကို ကျေးရွာပေါင်း ၈၀၉ ရွာတွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ လမ်းဘေးဝဲယာတွင် လည်း အရိပ်ရလေကာပင်များ စိုက်ပျိုးသွားမည်ဖြစ် ကြောင်း၊ “ပူနွေးကမ္ဘာ တားဆီးရာ၊ ဖြေရှာတစ်ခု တောပြုစု”ဟု ဆိုသည့်အတိုင်း ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရေးအတွက် သစ်တောများ၏ အရေး ပါမှုကို သိရှိနားလည်ပြီး သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ သဘာဝတောကျန်များ ထိန်းသိမ်း ကာကွယ်ခြင်း၊ ထင်းအစား အခြားလောင်စာအသုံးချ ရေးလုပ်ငန်းများ တိုးချဲ့ခြင်းတို့ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ကြရန် လိုအပ် သည်ကို အသိပေးတိုက်တွန်း မှာကြားလိုကြောင်း။
စိုက်ပျိုးပြုစုထိန်းသိမ်းသွားကြရန်လို
နေပြည်တော်ကောင်စီနယ်မြေသည် နိုင်ငံ၏ မြို့တော်ဖြစ်သည်နှင့်အညီ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ Green City ၊ Clean City ၊ Smart City ဖြစ်စေရေး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ နေပြည်တော်ကို ပညာရေးမြို့တော်ဖြစ်လာစေရန် ရည်ရွယ်ထားသည့်အတိုင်း အဆင့်မြင့်ပညာရပ် မျိုးစုံကို ရွေးချယ်သင်ယူလေ့လာနိုင်သည့် နိုင်ငံတော် ၏ ထိပ်တန်းတက္ကသိုလ်တစ်ခုအဖြစ် တည်ထောင် ဖွင့်လှစ်ထားသည့် Naypyitaw State Academy ၏ ကျောင်းပရိဝုဏ်နှင့် ပတ်ဝန်းကျင်တွင် မျက်စိပသာဒ ဖြစ်စေပြီး သင်းရနံ့မွှေးပျံ့သည့် သစ်ပင်ပန်းပင်များ နှင့် အမြဲတမ်းစိမ်းလန်းစိုပြည် သာယာလှပစေရန် စိုက်ပျိုးပြုစုထိန်းသိမ်းသွားကြရန် လိုအပ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း သစ်ပင် သစ်တောများဖြင့် စိမ်းလန်းစိုပြည်ပြီး သဘာဝ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် ယနေ့စိုက်ပျိုးသည့် သစ်ပင်၊ ပန်းပင်များ စဉ်ဆက်မပြတ် ရေရှည်တည်တံ့ခိုင်မြဲစွာ စိမ်းလန်းစိုပြည်နေစေရေး အားလုံးဝိုင်းဝန်း စောင့်ရှောက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ စားရေရိက္ခာဖူလုံရေး၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရေး အတွက် သစ်ပင်သစ်တောများသည် အလွန်အရေး ကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံအဝန်းသစ်တောဖုံးလွှမ်းမှု တိုးတက် လာပြီး စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ ရာသီ ဥတုပြန်လည်မျှတကောင်းမွန်စေရေးနှင့် သဘာဝ ဘေးအန္တရာယ်များ တားဆီးကာကွယ်ရေးတို့ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပူးပေါင်း ဆောင်ရွက်သွားပါစို့ဟု တိုက်တွန်းမှာကြားလို ကြောင်း ပြောကြားသည်။
ဦးဆောင်စိုက်ပျိုးပေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခရေပျိုးပင်အား သတ်မှတ်နေရာ တွင် ဦးဆောင်စိုက်ပျိုးပေးသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက် လာကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများနှင့် Naypyitaw State Academy ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ကထိကဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား ကျောင်းသူများ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူ များသည် ပျိုးပင်များကို တစ်ပြိုင်တည်းစိုက်ပျိုး ပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက် လာကြသူများက ပျိုးပင်များကို တပျော်တပါး စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
အပင် ၁၀၃၀ စိုက်ပျိုးနိုင်ခဲ့
ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ ပိတောက် စသည့်သစ်မျိုး ၆ မျိုး၊ အပင် ၁၀၃၀ စိုက်ပျိုးနိုင်ခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်နိုင်ရေး အတွက် လျာထားအဆိုပြုပုံစံများ ခင်းကျင်းပြသ ထားရှိမှုနှင့် အဆိုပါ လျာထားအဆိုပြုပုံစံများအပေါ် ကျောင်းသား ကျောင်းသူများ၏ ဆန္ဒပြုစာရင်း ကောက်ယူနေမှုများကို သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်