
နေပြည်တော် ဩဂုတ် ၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Ms. Ma Jia သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန် ဆောင်ဧည့်ခန်းမ၌ ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။
ထို့နောက် မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးအနေဖြင့် ရှည်လျား သည့် သမိုင်းကြောင်းများရှိမှုနှင့် အိမ်နီးချင်းကောင်း၊ မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီး ယခင်ကတည်းက ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅) ရပ်နှင့်အညီ အေးအတူပူအမျှ အသိုက်အဝန်းကို အတူတကွတည်ဆောက်ထားသည့် နိုင်ငံများဖြစ် သည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်စေရေး နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှု အခြေအနေများ၊ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ကာကွယ်ရေးနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နယ်စပ် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များ၊နှစ်နိုင်ငံအကြား နယ်ပယ်စုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ယခုထက် ပိုမိုတိုးတက်အောင် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများ၊ နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် ရပ်တည်ဆောင်ရွက် ပေးလျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အပေါ် တရုတ်နိုင်ငံ အနေဖြင့် ဆက်လက်ထောက်ခံရပ်တည်ပေးသွား မည့်အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
တက်ရောက်
အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်း ရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦးတို့ တက်ရောက်ခဲ့ကြသည်။
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်