နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒတ် မဟာ ပဝရ ဓိပတိ ဟွန်မာနိုက် အား သွားရောက်တွေ့ဆုံ

 

နေပြည်တော်   ဩဂုတ်    ၁


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အထူးကိုယ်စား လှယ်အဖြစ်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး  ဝန်ကြီးဌာန(၂)    ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၂ ရက် အထိ ကမ္ဘောဒီးယားနိုင်ငံသို့ အလုပ်သဘော ခရီးစဉ် သွားရောက်ခဲ့သည်။


အထူးကိုယ်စားလှယ်သည်   ဖနောင်ပင်မြို့သို့ ရောက်ရှိစဉ် ယနေ့ နံနက် ၉ နာရီတွင် ကမ္ဘောဒီးယား နိုင်ငံ၊ အထက်လွှတ်တော်ဥက္ကဋ္ဌ ဆမ်ဒတ် အာခါ မိုဟာ ဆီနာ ပါတိုင်း တဲ့ချို ဟွန်ဆန် ကို   အထက် လွှတ်တော်၌လည်းကောင်း၊ နံနက် ၁၀ နာရီခွဲတွင် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဆမ်ဒတ် မဟာ ပဝရ ဓိပတိ ဟွန်မာနိုက်  ကို    ငြိမ်းချမ်းရေးနန်းတော်၌ လည်းကောင်း သွားရောက်တွေ့ဆုံသည်။


တွေ့ဆုံစဉ် အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံ အတွင်း    လတ်တလော    ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံတူညီဆန္ဒ(၅)ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏    ရှေ့လုပ်ငန်းစဉ်(၅)ရပ်    အကောင် အထည်ဖော်ဆောင်ရွက်မှုများနှင့် နိုင်ငံတွင်း တရား မျှတသည့် ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင် လျက်ရှိသည်များကို    ရှင်းလင်းပြောကြားသည်။ ထို့ပြင်  နှစ်နိုင်ငံအကြားရှိရင်းစွဲ    ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ ခရီးသွားလာမှု၊ ချိတ်ဆက်မှု နှင့် ယဉ်ကျေးမှုကဏ္ဍများအပါအဝင် နှစ်ဖက်အပြန်အလှန် အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင် မည့်အလားအလာများ၊  ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်ရေးနှင့် ၂၀၂၅ ခုနှစ်တွင် ကျရောက်မည့် နှစ်(၇၀)ပြည့် သံတမန်ဆက်ဆံရေးထူထောင်သည့် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်  ဆွေးနွေးခဲ့ကြ သည်။


မွန်းလွဲပိုင်းတွင် အထူးကိုယ်စားလှယ်ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယား၊ အထက်လွှတ်တော်ဒုတိယဥက္ကဋ္ဌ(၁) မစ္စတာ ပရတ် ဆုတ်ခွန်းက တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲ သို့ တက်ရောက်ခဲ့ကြသည်။               

သတင်းစဉ်