နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေး ငွေကြေးပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ အမှုဆောင်အရာရှိချုပ်အား လက်ခံတွေ့ဆုံ

 

နေပြည်တော် အောက်တိုဘာ ၂၇


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စုအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး ငွေကြေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (U.S. International Development Finance Corporation-DFC) ၏ အမှုဆောင်အရာရှိချုပ် Mr. Adam Boehler ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် Mr. Adam Boehler က DFC ၏ လုပ်ငန်းတာဝန်နှင့် ဦးစားပေးလုပ်ငန်းအစီအစဉ်များ ဖြစ်သည့်
ပုဂ္ဂလိကဈေးကွက်ရှာဖွေမှု၊ ပွင့်လင်းမြင်သာမှု၊ ဈေးကွက်ယှဉ်ပြိုင်နိုင်မှုနှင့် ၎င်းတို့၏ မူဝါဒဖြစ်သည့် နှစ်ဖက်အပြန်အလှန် ဈေးကွက်ဖွင့်လှစ်ရေးအတွက် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု တို့အကြား DFC ၏ ပံ့ပိုးဆောင်ရွက်မှုဖြင့် ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေးနှင့် နည်းပညာအကူအညီပေးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင် ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး တန်ဖိုးမြှင့်စိုက်ပျိုးရေးထုတ်ကုန်များ၊ လျှပ်စစ်ကဏ္ဍ၊ အသေးစားစက်မှုလုပ်ငန်းများ၊ ကန်ထရိုက်လယ်ယာစနစ်၊ အသေးစားချေးငွေလုပ်ငန်း၊ အလုပ်အကိုင်ဖန်တီးရေး၊ ပညာရေး၊ ဝင်ငွေ တိုးတက်ရရှိရေးစသည့်ကဏ္ဍများတွင် အနာဂတ်ပူးပေါင်းဆောင်ရွက်နိုင်မှု အလားအလာများနှင့် ပတ်သက်၍လည်း နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။
ငွေကြေးထောက်ပံ့မှုများကို အဓိက ဆောင်ရွက်
DFC သည် အမေရိကန်ဖက်ဒရယ်အစိုးရ၏ ဖွံ့ဖြိုးမှုတိုးတက်မှုဆိုင်ရာ ငွေကြေးအထောက်အကူပြုဘဏ်တစ်ခုဖြစ်ပြီး ဝင်ငွေနည်းပါးသောနိုင်ငံများနှင့် အလယ်အလတ်အဆင့် ဝင်ငွေနည်းပါးသောနိုင်ငံများရှိ ပုဂ္ဂလိကဆိုင်ရာ ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် ငွေကြေးထောက်ပံ့မှုများကို အဓိက ဆောင်ရွက် ပေးသည့် အဖွဲ့အစည်းဖြစ်သည်။
အဆိုပါတွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ ကြီးများ တက်ရောက်ခဲ့ကြပြီး အမေရိကန်ဘက်မှ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ သံရုံးယာယီတာဝန်ခံ Ms. Gwendolyn Cardno၊ Export-Import Bank ဥက္ကဋ္ဌ Ms. Kimberly Reed၊ အင်ဒို-ပစိဖိတ် ဦးဆောင် ညွှန်ကြားရေးမှူး Mr. Joshua Cartin နှင့် သက်ဆိုင်ရာဌာနများနှင့် DFC တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ သတင်းစဉ်