
ကိုယ့်ရဲ့အသိုင်းအဝိုင်းအတွက် စဉ်းစားတတ်တဲ့ အလေ့အကျင့်တွေ
ဖြစ်လာမှ မိမိတို့နိုင်ငံ တိုးတက်မယ်ဟု ပြောကြား
နေပြည်တော် မတ် ၁၁
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့တွင် စစ်ကိုင်းတိုင်းဒေသ ကြီး ဒီပဲယင်းမြို့နှင့် ရွှေဘိုမြို့တို့မှ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံသည်။
မုံရွာမြို့သို့ရောက်ရှိ
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့မှ အထူး လေယာဉ်ဖြင့် ထွက်ခွာကြရာ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးဝန်ကြီးများ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မုံရွာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ကြိုဆိုနှုတ်ဆက်
ထို့မှတစ်ဆင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ ရဟတ် ယာဉ်များဖြင့် ဒီပဲယင်းမြို့သို့ရောက်ရှိရာ ဒီပဲယင်းမြို့နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများ မှ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ နှင့် ကျောင်းသား ကျောင်းသူလေးများက နိုင်ငံတော်အလံငယ်များကို ဝှေ့ယမ်း၍ သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် ဒီပဲယင်းမြို့ရှိ မြို့နယ်အားကစားကွင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ် ကြသည့် ဦးမင်းသူ၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊
ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဒေါက်တာမြင့်ထွေး၊ ဒေါက်တာ ဝင်းမြတ်အေး၊ တိုင်းဒေသကြီးဝန်ကြီး ချုပ် ဒေါက်တာမြင့်နိုင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ တိုင်းဒေသကြီးဝန်ကြီး များ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူ များ တက်ရောက်ကြသည်။
လှိုက်လှိုက်လှဲလှဲကြိုဆို
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ပထမဦးဆုံး အနေနဲ့ ကျွန်မကို ဒီပဲယင်းက ပြည်သူ လူထုတွေက လှိုက်လှိုက်လှဲလှဲကြိုဆို တဲ့အတွက် အများကြီးကျေးဇူးတင် ပါတယ်။ ကျွန်မအနေနဲ့ လက်ဆွဲ နှုတ်ဆက်ခြင်း မလုပ်နိုင်တာကို သည်းခံပါလို့ ပြောချင်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြား ချက်တွေ ထုတ်ထားပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါမပြန့်ပွားရေးအတွက် လက်ဆွဲတာတွေ မလုပ်ပါနဲ့တဲ့၊ ကျွန်မအတွက်ရော၊ ကျွန်မနဲ့ လက်ဆွဲနှုတ်ဆက်တဲ့ ပြည်သူတွေ အတွက်ရော အားလုံးအတွက် အန္တရာယ်ကင်း ဘေးရှင်းအောင်လို့ ဒီကာလမှာတော့ လက်ဆွဲနှုတ်ဆက် ခြင်းကို သည်းခံပါလို့ ဆိုလိုတာပါ။ ပြည်သူတွေနဲ့ ထိတွေ့မှုမလိုချင်လို့ မဟုတ်ပါဘူးလို့ ပြောပါရစေ။
ကျွန်မတို့ ဒီလို လူထုတွေ့ဆုံပွဲတွေ လုပ်တဲ့အခါ ပြည်သူတွေ ကိုယ့်ဆန္ဒ အရ ကိုယ်တက်ရတာ ဖြစ်ပါတယ်။ ကျွန်မကတော့ အတင်းတက်ခိုင်းတာ ဘယ်သူမှမရှိပါဘူး။ ပြီးတော့ ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ဆန္ဒအရ လုပ်တဲ့ကိစ္စတစ်ခု ဖြစ်မြောက်ရေး အတွက်ဆိုရင် ကိုယ်ကပါ ပါဝင်ပြီး တော့ တာဝန်ယူရပါလိမ့်မယ်။ ဒါကြောင့် ကျွန်မတို့နိုင်ငံဟာ တိုးတက် ဖို့ဆိုရင် တစ်ယောက်ချင်း တစ်ယောက် ချင်း ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းခြင်း ကနေ စရမှာဖြစ်ပါတယ်။ အရေး အကြီးဆုံးက ဒါပါပဲ။
အလေ့အကျင့်တွေကို ကျင့်ယူ
ကျွန်မတို့ ဒီမိုကရေစီလိုချင်တယ် ဆိုတာဟာ ကိုယ့်ဘဝ၊ ကိုယ့်ရဲ့ ကံကြမ္မာကို ကိုယ်ကိုယ်တိုင် ဖန်တီး ချင်လို့ဆိုပြီး ကျွန်မတို့ လုပ်ခဲ့တာဖြစ်ပါ တယ်။ အဲဒီတော့ ကိုယ့်ရဲ့ဘဝ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးချင် တယ်ဆိုရင် ကိုယ်က ဖန်တီးသင့် ဖန်တီးထိုက်တဲ့ လူတစ်ယောက်ဖြစ် အောင်နေဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကိုယ့်ကို လူအများ က ထိန်းသိမ်းတာမခံချင်ရင် ကိုယ့် ကိုယ်ကိုယ်ထိန်းသိမ်းတဲ့ အလေ့အကျင့် တွေကို ကျွန်မတို့ ကျင့်ယူရမှာ ဖြစ်ပါ တယ်။ ဒါကြောင့် ကျွန်မ ဘယ်နေရာ ပဲသွားသွား ပြည်သူလူထုတွေကို စည်းကမ်းရှိဖို့၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်ဖို့၊ ကိုယ့်ရဲ့အသိုင်း အဝိုင်းအတွက် စဉ်းစားဖို့ ဒါကို ကျွန်မ အမြဲတမ်း ဆော်ဩတာဖြစ်ပါတယ်။
ကျွန်မတို့အားလုံးဟာ တစ်ယောက် ချင်း တစ်ယောက်ချင်း ကိုယ့်ရဲ့အသိုင်း အဝိုင်းအတွက် စဉ်းစားတတ်တဲ့ အလေ့အကျင့်တွေဖြစ်လာမှ ကျွန်မတို့ နိုင်ငံဟာ တိုးတက်မှာပါ။ အဖွဲ့အစည်း တွေကို ဝင်တယ်ဆိုတာက ဒီအဖွဲ့ အစည်းတွေရဲ့ မူဝါဒတွေကို လိုက်နာဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဘယ်လိုအဖွဲ့အစည်းမဆို ကင်းထောက် အဖွဲ့အစည်းဖြစ်ဖြစ်၊ နိုင်ငံရေးအဖွဲ့ တစ်ခုပဲဖြစ်ဖြစ်၊ နိုင်ငံရေးပါတီ တစ်ခုပဲဖြစ်ဖြစ် ဒီအဖွဲ့အစည်းကို ဝင်လိုက်ပြီဆိုရင် ကိုယ့်ဆန္ဒအရ ကိုယ်ဝင်တာမို့ ဒီအဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ ဆိုတာ အင်မတန်မှ အရေးကြီးပါ တယ်။
အဓိက အရေးကြီးတာက ရည်ရွယ် ချက်တွေပါ။ အဖွဲ့အစည်းတစ်ခုကို ဝင်တယ်ဆိုရင် ဒီအဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ နားလည်ရပါလိမ့်မယ်။ ဒီအတိုင်းပဲ ကျွန်မတို့အားလုံးဟာ ဒီနိုင်ငံရဲ့ နိုင်ငံသူ နိုင်ငံသားတွေဖြစ်တယ်ဆိုရင် ဒီနိုင်ငံ ဟာ ဘယ်လမ်းကို သွားစေချင်သလဲ ဆိုတာ တစ်ယောက်ချင်း တစ်ယောက် ချင်းက စဉ်းစားပြီး နားလည်သဘော ပေါက်ပြီးတော့ ဒီလမ်းကို ဖြောင့်ဖြောင့် မတ်မတ် မှန်မှန်ကန်ကန် သွားနိုင် အောင် ကြိုးစားရမှာပါ။ တစ်ဦးချင်းရဲ့ ကြိုးစားမှုနဲ့ ကျွန်မတို့ စုပေါင်းအင်အား နဲ့မှ နိုင်ငံကို တိုးတက်အောင် လုပ်နိုင် မယ်ဆိုတာ ကျွန်မ ခဏခဏပြောနေ ရတဲ့ကိစ္စပါ။
မြန်မြန်ပြေးနေ
စစ်ပြီးကာလ လွတ်လပ်ရေးမရခင် အချိန်တုန်းက ဖေဖေပြောခဲ့တဲ့စကား ရှိပါတယ်။ ကျွန်မတို့ဟာ စစ်အတွင်း မှာ အင်မတန်မှ အထိနာခဲ့လို့ တခြား နိုင်ငံတွေနဲ့ ရင်ပေါင်တန်းရင် တခြား နိုင်ငံတွေ လမ်းလျှောက်နေတဲ့အချိန်မှာ ကျွန်မတို့နိုင်ငံက ပြေးမှဖြစ်မယ်ဆိုပြီး ပြောခဲ့ပါတယ်။ အခုလည်း ဒီအခြေ အနေအတိုင်းပါပဲ။ ကျွန်မတို့ဆိုရင် အရှေ့တောင်အာရှဒေသမှာ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံထဲမှာ ပါနေပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ ကမ္ဘာနဲ့ ရင်ပေါင်တန်းပြီးတော့ မီချင်တယ် ဆိုရင် ပြေးမှရမယ်၊ တခြားသူတွေလို လမ်းလျှောက်လို့ ကျွန်မတို့ နောက်က ကျန်ရစ်ခဲ့မှာပါ။ ဥပမာအားဖြင့် ပြောမယ်၊ ကျွန်မတို့ ပညာရေးဘက်မှာ တိုးတက်ဖို့အတွက် အင်မတန်မှ ကြိုးစားခဲ့ပါတယ်။ ဒီလေးနှစ်အတွင်း မှာဆိုရင် ကျွန်မတို့နိုင်ငံရဲ့ တက္ကသိုလ် တွေဟာ ကမ္ဘာ့အဆင့်အရဆိုရင် တက်လာပါပြီ။ ဒါဟာ တိုးတက်မှုရှိလို့၊ ဒါပေမယ့် အာဆီယံနိုင်ငံတွေအတွင်း မှာဆိုရင် ကျွန်မတို့အဆင့်က ကျသွား ပါတယ်။ အဲဒါ ဘာကိုဆိုလိုတာလဲ ဆိုတော့ တခြားအာဆီယံနိုင်ငံတွေ၊ တခြား ကျွန်မတို့ဒေသက နိုင်ငံတွေ ဟာ ကျွန်မတို့ထက်ပိုပြီးတော့ မြန်မြန်ပြေးနေတယ်ဆိုတာ ပြတာပါ။ ဒီတော့ သူတို့အဆင့်က ကျွန်မတို့ အဆင့်ထက် ပိုပြီးတက်သွားတဲ့အခါ ကျတော့ တစ်ကမ္ဘာလုံးနဲ့စာရင် ကျွန်မတို့ အဆင့်တက်လာပေမယ့် ကျွန်မတို့ဒေသနဲ့စာရင် ကျွန်မတို့ အဆင့်ဟာ နိမ့်ပါသေးတယ်။ ဒါကြောင့် ကျွန်မတို့ ပြည်သူတွေ ကြိုးစားဖို့ လိုတယ်ဆိုတာ ကျွန်မပြောတာပါ။
ကျွန်မ ခဏခဏပြောပါတယ်။ ချမ်းသာတဲ့မိသားစုတစ်ခုနဲ့ ဆင်းရဲတဲ့ မိသားစုတစ်ခုဟာ မတူပါဘူး။ ချမ်းသာတဲ့မိသားစုက ကလေးတွေ ဆိုရင် အိမ်ပြန်လာရင် ခူးခပ်ပြီးသား ထမင်းကို ထိုင်စားလို့ရပါတယ်။ ဆင်းရဲတဲ့မိသားစုဆိုရင် မိဘကို ဝိုင်းဝန်းပြီးတော့ ကူညီရပါတယ်။ ကျွန်မတို့ကလည်း ဒီအတိုင်းပါပဲ။ ကျွန်မတို့ရဲ့နိုင်ငံ တိုးတက်စေချင်ရင် ကိုယ်တိုင်ဝိုင်းဝန်းပြီးတော့ ကူညီမှ ဖြစ်မှာပါ။ အဲဒီလို ကူညီနိုင်တဲ့ အခွင့် အရေးရတာကို ဂုဏ်ယူစေချင်ပါတယ်။ ဝမ်းသာစေချင်ပါတယ်။ ငါတို့ဟာ ပင်ပင်ပန်းပန်း လုပ်ရလေခြင်းဆိုတဲ့ စိတ်ဓာတ်မထားစေချင်ပါဘူး။ ငါတို့ ဟာ တကယ့်ကို ငါတို့နိုင်ငံအတွက် လုပ်ပေးနိုင်တဲ့အချိန်အခါမှာ မွေးဖွား လာလို့၊ ငါတို့ရဲ့နိုင်ငံ တိုးတက်ရေး အတွက် ရုန်းကန်နေတဲ့အချိန်မှာ ငါတို့ ဟာ လုပ်ပိုင်ခွင့်ရှိလို့ ငါတို့ အထူးအခွင့် အရေးရတဲ့ နိုင်ငံသူနိုင်ငံသားတွေပဲလို့ ဒီလိုပဲစိတ်ထဲမှာ ထားစေချင်ပါတယ်။
ဂုဏ်ယူစရာ
ကျွန်မအနေနဲ့လည်း ကျွန်မတို့နိုင်ငံ အတွက် ရုန်းကန်ရတာ အပင်ပန်းခံရ တာ ဂုဏ်ယူစရာလို့ ကျွန်မတို့ သတ်မှတ် ပါတယ်။ ကိုယ့်ရဲ့ဆုံးဖြတ်ချက်အရ၊ ကိုယ့်ရဲ့ဆန္ဒအရ ကိုယ့်နိုင်ငံကို တိုးတက်အောင်လုပ်ဖို့အတွက်၊ ကူညီ ဖို့အတွက်၊ ထောက်ပံ့ဖို့အတွက် အပင်ပန်းခံတယ်ဆိုတာဟာ အင်မတန် မှ ကျေနပ်စရာကောင်းတဲ့အလုပ်ပါ။ ဒါကြောင့် ကျွန်မတို့ ပြည်သူတွေ အားလုံးပါစေချင်ပါတယ်။ ကျွန်မတို့ဒီလိုခရီးထွက်တယ်ဆိုရင် ပြည်သူ တွေရဲ့ ထောက်ခံမှု၊ ပြည်သူတွေရဲ့ အားပေးမှုဟာ ကျွန်မတို့အတွက် အဓိက အရေးအကြီးဆုံးကိစ္စပါ။ ဒါပေမယ့် ဒီအားပေးမှု၊ ထောက်ခံမှု တွေဟာ မျက်စိစုံမှိတ်ပြီးတော့ ထောက်ခံတာတွေ မဖြစ်စေချင်ပါဘူး။ ဒါကြောင့် ကျွန်မတို့ကနေပြီး ဒီလို ပြည်သူတွေနဲ့ တွေ့ဆုံပွဲတွေ လုပ်တာ ပါ။ ကျွန်မတို့အစိုးရ ဘာတွေလုပ်နေ သလဲဆိုတာ ပြည်သူသိချင်တာတွေကို ကျွန်မတို့ကို တင်ပြနိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ ပြည်သူတွေရဲ့ စိုးရိမ်မှုတွေ၊ မျှော်မှန်းချက်တွေ၊ လိုအပ်ချက်တွေကို ကျွန်မတို့အနေနဲ့ နားထောင်ပိုင်ခွင့် ရှိပါတယ်။ ကျွန်မတို့ ပြည်သူတွေ အနေနဲ့ ကိုယ့်ရဲ့စိုးရိမ်မှုတွေ၊ မျှော်လင့် ချက်တွေကို ပွင့်ပွင့်လင်းလင်း တင်ပြ ပိုင်ခွင့်ရှိပါတယ်။ အခု ဒီလိုလာတဲ့အခါ မှာ ပြည်သူတွေဆီက မေးခွန်းတွေကို ကျွန်မတို့ ဖိတ်ခေါ်ပါတယ်။
အချိန်မရှိလို့ အားလုံးရဲ့မေးခွန်းတွေ ကို ကျွန်မတို့ လက်မခံနိုင်ဘူးဆိုရင် တိုင်ကြားစာဌာန ရှိပါတယ်။ တိုင်ကြားစာဌာနမှာ ကိုယ်ပြောချင် တာတွေ၊ ကိုယ်တင်ပြချင်တာ တွေ၊ ကိုယ်တောင်းဆိုချင်တာတွေကို အားလုံးလွတ်လွတ်လပ်လပ်နဲ့ ကိုယ့်ရဲ့ အမည်၊ ကိုယ့်ရဲ့ လိပ်စာနဲ့ တင်ပြ ပိုင်ခွင့် ရှိပါတယ်။ အမည်နဲ့ လိပ်စာနဲ့ တင်ပြပါလို့ပြောတာက အဓိက အကြောင်းအရင်းက နှစ်ခုပါ။ တစ်ခုက အမည်သိမှ၊ လိပ်စာသိမှ ကျွန်မတို့ တုံ့ပြန်လို့ ရပါလိမ့်မယ်။ နောက်တစ်ခု က ကိုယ်ပြောသင့် ပြောထိုက်တဲ့ကိစ္စ ကို ကိုယ်မှန်တယ်ထင်လို့ ပြောရင် ပြောရဲရမယ်။ နာမည် ဖုံးဖိထားစရာ မလိုဘူး။ ကိုယ်ဟာ မှန်မှန်ကန်ကန် ပြောနေရင် ကိုယ်ဟာ ဘယ်သူလဲ၊ ဘယ်မှာနေသလဲဆိုတာ ပြောနိုင်ရ မယ်။ ပြောရဲရမယ်။ အဲဒါကြောင့် တိုင်စရာရှိရင် အမည်နဲ့လိပ်စာကို အပြည့်အဝထည့်ပါ။ ဆက်သွယ်လို့ လည်း ရပါတယ်။ ကိုယ့်ဟာကိုယ် ပြောတဲ့ ကိစ္စဘက်ကနေပြီးတော့ မားမားမတ်မတ် သတ္တိရှိရှိနဲ့ ရပ်တည် နိုင်တယ်ဆိုတာကို ဖော်ပြရာလည်း ရောက်ပါတယ်။
သုံးသပ်
ကျွန်မတို့ ဒီပဲယင်းကိုလာတယ် ဆိုရင် ဒီပဲယင်းက ပြည်သူတွေက တင်ပြလာတဲ့ မေးခွန်းတွေ၊ အဆို ပြုချက်တွေဟာ ဒီပဲယင်းနဲ့ သက်ဆိုင် တဲ့ ဟာလား၊ ကျွန်မတို့ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ ကိစ္စတွေလားဆိုတာကို ကျွန်မ တို့က သုံးသပ်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ကိစ္စ တွေဆိုရင် သောက်သုံးရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် ရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေမှာ လိုအပ်ချက်တွေ ကို တင်ပြလေ့ရှိပါတယ်။ နောက်ပြီး မြေယာပိုင်ဆိုင်မှု၊ လယ်ယာမြေ ပိုင်ဆိုင်မှု ပြန်ပြီး မူလပိုင်ရှင်တွေဆီကို လွှဲပေးမှု ဒီကိစ္စတွေကလည်း ခဏခဏ တက်လာတာကို ကျွန်မတို့ တွေ့ရပါ တယ်။
ဒါကျွန်မတို့ နိုင်ငံတစ်နိုင်ငံလုံးက ရင်ဆိုင်နေရတဲ့ ကိစ္စတွေပါ။ အဲဒါတွေ ကိုလည်း ကျွန်မတို့အားလုံး ကြိုးစားပြီး ဖြေရှင်းနေပါတယ်လို့ တင်ပြချင်ပါ တယ်။ ဥပမာဆိုရင် သောက်သုံးရေ ရရှိရေးပါ။ သောက်သုံးရေရရှိရေးဟာ ကျွန်မတို့ပြည်သူတွေအတွက် အရေး အကြီးဆုံးပါ။ သောက်သုံးရေ မလုံ လောက်တဲ့ ဒေသမှာနေတဲ့ ပြည်သူ တွေဆိုရင် သောက်သုံးရေ မလုံလောက် ခြင်းရဲ့ ဒုက္ခကို ကောင်းကောင်းကြီး နားလည်ကြတယ်။ အဲဒါကြောင့် သောက်သုံးရေရရှိရေး၊ တစ်နိုင်ငံလုံး မှာ လုံလောက်ရေးကို အဓိကထား တာပါ။
ပြည်သူတွေအားလုံးက လိုလား
လမ်းပန်း ဆက်သွယ်ရေးနဲ့ ပတ်သက်လို့ ကျွန်မတို့ ပြည်သူတွေ အားလုံးက ဒီဟာကို လိုလားတယ်။ တောင့်တတယ်။ လိုလည်း လိုအပ်ပါ တယ်။ ကျွန်မတို့ ဖွံ့ဖြိုးရေးအတွက် လည်း အရေးကြီးတယ်။ ကျန်းမာရေး၊ ပညာရေးအတွက်လည်း အရေးကြီး တယ်။ လမ်းပန်းဆက်သွယ်ရေး မကောင်းရင် ကျောင်းသွားရတာ ခက်တယ်။ ဆေးရုံသွားရတာခက်တယ် စသဖြင့် အဲဒီလိုအကျိုးဆက်တွေ အမျိုးမျိုးရှိပါတယ်။
လျှပ်စစ်မီးရရှိရေးအတွက်ကတော့ ကျွန်မ အထူးတလည် ပြောဖို့မလိုပါ ဘူး။ လူတွေကလည်း လျှပ်စစ်မီး ရရှိ ရေးကို အင်မတန်မှ လိုလားပါတယ်။ တစ်ခုပဲ ကျွန်မ ပြောလေ့ရှိတာက လျှပ်စစ်မီးရတယ်ဆိုတာဟာ ည ရောက်ရင် ခလုတ်နှိပ်ပြီး မီးဖွင့်နိုင်တာ ကို သပ်သပ်စဉ်းစားတာ မဟုတ်ပါဘူး။ လျှပ်စစ်မီးရရှိရေးဆိုတာဟာ ပြည်သူ များဟာ ကိုယ့်ဘဝကို ကိုယ်ဖန်တီးတဲ့ နေရာမှာ၊ ကိုယ့်ဘဝကိုကိုယ်ကျောင်း တဲ့နေရာမှာ ပိုပြီးတော့ လုပ်ပိုင်ခွင့် ရှိအောင် ဦးတည်တာ ဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ ပညာရေးကတော့ ထူးထူးထွေထွေ ကျွန်မပြောဖို့ မလိုပါ ဘူး။ ဒါပေမယ့် ကျွန်မသတိပြုမိတာ ကတော့ နောက်ပိုင်းမှာ ကျန်းမာရေး ကိစ္စတွေကို ပြည်သူတွေက ပိုပြီးတင်ပြ လာပါတယ်။ တင်ပြလာတာကလည်း အခြေခံကျန်းမာရေး မဟုတ်ဘဲနဲ့ ပိုပြီးအဆင့်မြင့်တဲ့ ကျန်းမာရေး လိုအပ်ချက်တွေကို တင်ပြလာတယ် ဆိုတော့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်လို့ ကျွန်မတို့နိုင်ငံမှာ တိုးတက်မှုရှိတယ်လို့ ကျွန်မတို့ ဒီလိုပဲ သုံးသပ်ရပါတယ်။ အရင် နှစ်နှစ်၊ သုံးနှစ်လောက်ကဆိုရင် အခြေခံလိုအပ်ချက်တွေကို တင်ပြတာ
များတယ်။ အခုနောက်ပိုင်းကျတော့ ပိုပြီးမြင့်တဲ့ ကျန်းမာရေးစောင့်ရှောက် မှုကို တောင်းဆိုကြတာကို ကျွန်မတို့ သတိပြုမိပါတယ်။
အဲဒါကြောင့် ကျွန်မတို့ နိုင်ငံရဲ့ ပြောင်းလဲနေတဲ့ အခြေအနေကို ဒီလို ကျွန်မတို့ ပြည်သူတွေနဲ့ တွေ့ဆုံပွဲ ကနေပြီးတော့ ရောင်ပြန်ဟပ်တယ် ဆိုတာ သတိပြုမိပါတယ်။ ကျွန်မတို့ နိုင်ငံနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို ပြည်သူတွေက တင်ပြတာကို ကျွန်မတို့ ကြိုဆိုပါတယ်။ ဒါပေမယ့် ကိုယ်တစ်ယောက်တည်းအတွက် မဟုတ်ဘဲ၊ ကိုယ့်ရဲ့အကျိုးအတွက် မဟုတ်ဘဲနဲ့၊ ကိုယ့်ရဲ့ ဒေသအတွက်၊ အများအကျိုးအတွက်ကို ဦးတည်ပြီး တော့ မေးခွန်းတွေကို မေးစေချင်ပါ တယ်။ အများအကျိုးအတွက် ဦးတည် ပြီး တင်ပြချက်တွေကို တင်ပြစေချင်ပါ တယ်။ ကိုယ်တစ်ယောက်တည်း ကောင်းဖို့အတွက် မဟုတ်ဘဲနဲ့ ကိုယ့်ရပ်၊ ကိုယ့်ရွာအတွက်၊ ကိုယ့်နိုင်ငံ အတွက်ဆိုတဲ့အတွေးနဲ့ တင်ပြစေချင် ပါတယ်”ဟု ပြောကြားသည်။
မေးမြန်းတင်ပြ
ထို့နောက် တွေ့ဆုံပွဲသို့ ကြိုတင် တင်ပြမေးမြန်းထားသည့် ဒေသခံ ပြည်သူ ၆၉ ဦး အနက်မှ လက်လှုပ် ကျေးရွာအုပ်စု လက်လှုပ်တောင်ရွာမှ ဦးလှမြင့်က မူးကမ်းကြီးကျေးရွာ အုပ်စုနှင့် လက်လှုပ်ကျေးရွာအုပ်စုမှ ကျေးရွာချင်းဆက် လမ်းအား ကျောက်ချောလမ်းအဆင့်မှ ကတ္တရာလမ်းအဆင့်တိုးမြှင့်ပေးရေး၊ လက်လှုပ် ကျေးရွာအုပ်စု လက်လှုပ်တောင်ရွာမှ ဦးဖိုးလှိုင်က လက်လှုပ်ကျေးရွာအုပ်စု ကျန်းမာရေးဌာနခွဲအဆင့်မှ အုပ်စု ကျန်းမာရေးဌာနအဆင့်သို့ တိုးမြှင့် ချထားပေးရေး၊ လက်လှုပ်ကျေးရွာ အုပ်စု လက်လှုပ်တောင်ရွာမှ ဦးကြံအောင်က မူးကမ်း-လက်လှုပ် တောင် ကျေးရွာချင်းဆက်ဖြစ်သော (၁၃)လက်တန်လမ်းကို ကျောက်ချော လမ်းအဆင့်မှ ကတ္တရာလမ်းအဖြစ် ခင်းရန်နှင့် ကျေးရွာအတွင်း လျှပ်စစ်မီး လင်းရန်အတွက် ဆောင်ရွက်ပေးရေး၊ လက်လှုပ်ကျေးရွာအုပ်စု လက်လှုပ် တောင်ရွာမှ ဒေါ်သန်းနုက လက်လှုပ် ကျေးရွာအုပ်စုမှ အခြေခံပညာ အထက်တန်းကျောင်းခွဲအဆင့်မှ အခြေခံပညာ အထက်တန်းကျောင်း အဆင့်သို့ တိုးမြှင့်ချထားပေးရေး၊ မကျီးစောက်ရွာမှ ဦးမှတ်ရွှင်က RMC လက်ယာတူးမြောင်း ရွှေဂူရေငုတ်ပြွန် အား ထပ်မံဖြည့်စွက်ပေးရေး၊ သရက် ကျင်းရွာမှ ဦးစိန်မင်းက မီးလင်းရေး အတွက် (၄၀၀)ကေဗွီ ဓာတ်အားလိုင်း ပြီးစီးပါ၍ ထရန်စဖော်မာနှင့် (၁၁)ကေဗွီလိုင်း ဆောင်ရွက်ပေးရေး၊ မရကန်ရွာမှ ဦးကျော်မြင့်က မရကန် ကျေးရွာအုပ်စု၊ မရကန်အင်ကြင်းပင် အထက်တန်းကျောင်းတွင် လူဦးရေ ၂၀၀ ခန့် ဝင်ဆံ့နိုင်သည့် ခန်းမဆောင် အဆောက်အအုံတစ်ခု အမှန်တကယ် လိုအပ်နေပါသဖြင့် ဆောက်လုပ်ပေး ရေး၊ ဆပ်ပြာကျင်းကျေးရွာမှ ဦးဖိုးစီက ကြည်-ဆပ်ပြာကျင်း RMC လမ်းမကြီး ကို ကတ္တရာလမ်းအဖြစ် အဆင့် မြှင့်တင်ပေးရေး၊ တနယ်ရွာမှ ဦးကျော်လှိုင်က မရကန်ကျေးရွာအုပ်စု ကွင်းအမှတ်(၂၀၀၀)မှ လယ်မြေ ၃ ဒသမ ၇၄ ဧကအား မူလပိုင်ရှင်အား လယ်လုပ်ပိုင်ခွင့် ပြန်လည်ရရှိရေး၊ တောက္ကရှပ်ကျေးရွာမှ ဦးတိုး(ခ) ဦးအောင်မြင့်က တောက္ကရှပ်ကျေးရွာ အုပ်စုရှိ မူးလက်တံ (၁၅-က)ဆည်မြောင်းပိုင် နယ်နိမိတ်နှင့် ပေ ၇၀၀၀ ကျော်ဝေးသော လယ်မြေဧက ၅၀၀ ကျော်သည် စိုက်ပျိုးရေ အခက် အခဲရှိသဖြင့် စိုက်ပျိုးရေရရှိရန် ဆောင်ရွက်ပေးရေး၊ တောင်ပြင် ရပ်ကွက်မှ ဒေါ်သင်းသင်းဝေက ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက် ခြင်းမရှိသော ဒီပဲယင်း မြို့မ ဈေးကောက်လေလံအား ပယ်ဖျက်ပေး ရေး၊ စိုင်ပြင်မြို့မှ ဒေါ်တင်မေရီက ဘိုးဘွားပိုင်မြေများအား တိုးချဲ့ ကွက်သစ်ရိုက်ရန် သိမ်းယူခံခဲ့ရပါ သဖြင့် နစ်နာဆုံးရှုံးခဲ့ရမှုကို ဖြေရှင်း ဆောင်ရွက်ပေးရေး၊ စိုင်ပြင်မြို့မှ ဦးဇော်နိုင်ဦးက ကွင်းအမှတ်(၁၇၃၂)/ က၊ ခတောက်အိုင်အရှေ့ကွင်း၊ ဦးပိုင် အမှတ်(၂၉) (၃၀) ဧရိယာ ၂ ဒသမ ၄၃ ဧကအား သိမ်းဆည်းခံရမှုအပေါ် လျော်ကြေးငွေ သို့မဟုတ် မြေ ပြန်လည်ရရှိရေး၊ စိုင်ပြင်မြို့မှ ဦးတင်မျိုးလွင်က ကွင်းအမှတ် (၁၇၃၂)/က၊ ခတောက်အိုင်အရှေ့ကွင်း၊ ဦးပိုင်အမှတ်(၂၈) ဧရိယာ၃ ဒသမ ၁၇ ဧကအား သိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ နစ်နာမှုအား ဖြေရှင်း ဆောင်ရွက်ပေးရေး၊ သရက်ကောင်း ကျေးရွာမှ ဒေါ်အုန်းက သိမ်းဆည်းခံ ဦးမြသန်းပိုင် ယာမြေ ၅ ဒသမ ၂ ဧကအား မူလပိုင်ရှင်လက်ဝယ်ထံ အမြန်ဆုံးစွန့်လွှတ်ပေးရေး၊ စိုင်ပြင်မြို့ အမှတ်(၄)ရပ်ကွက်မှ ဦးကျော်သောင်း က ပြည်သူပိုင်မြေနေရာပေါ်၌ အဆောက်အအုံ ဆောက်လုပ်ထားခြင်း ကိစ္စကို ဖြေရှင်းဆောင်ရွက်ပေးရေး၊ တက်ခေါင်းရွာမှ ဦးဇော်ထွန်းက သိမ်းဆည်းခံမြေယာများမှ စွန့်လွှတ် ရန်ကျန်ရှိသည့် ၃၅ ဧကကို ပြန်လည် စွန့်လွှတ်ပေးရေး၊ တနယ်ရွာမှ ဦးတိုက်ပိုက လယ်ငှား၊ ငွေငှားဖြင့် လယ်ယာမြေ ပေါင်နှံထားခြင်းမှ ပြန်လည်ရွေးယူသည်ကို လက်မခံခြင်း နှင့် ကွင်းဆင်းစစ်ဆေးလေ့လာခြင်း မရှိဘဲ အရှုံးပေးခြင်းကို ပြန်လည် စစ်ဆေးပေးရေးနှင့် ကြခတ်ရွာမှ ဦးမျိုးဝင်းက ပုံစံ(၇) မှားယွင်းထုတ်ပေး ခဲ့သည့်အတွက် မြေယာအငြင်းပွားမှု ဖြစ်ကာ အဆင့်ဆင့်၏ ဆုံးဖြတ်ချက် သည် တရားမျှတမှုမရှိသည့်အတွက် ဖြေရှင်း ဆောင်ရွက်ပေးရေးတို့ကို မေးမြန်းတင်ပြကြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန် ရှိသူများက ချက်ချင်းဆောင်ရွက် ပေးနိုင်မည့် အခြေအနေများ၊ ရေရှည် ဆောင်ရွက်ပေးရမည့် အခြေအနေ များ၊ စိစစ်ဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။
မေးခွန်းတင်ပြမေးမြန်း
ဆက်လက်၍ ခန်းမအတွင်းနှင့် ခန်းမပြင်ပတို့မှ မေးခွန်းတင်ပြ မေးမြန်းလိုသူ ၂၉ ဦးအနက် မဲပေါက်သူ ခြောက်ဦးဖြစ်သည့် ရေဦးမြို့နယ် အောင်သာကျေးရွာအုပ်စု အောင်သာ ကျေးရွာမှ ဦးငြိမ်းရွှေက ပိုင်ဆိုင်မှု အထောက်အထားများရှိသော်လည်း တရားရုံးမှ တရားပြိုင်အား အနိုင်ပေးမှု ကို မကျေနပ်သည့်အတွက် ဖြေရှင်း ဆောင်ရွက်ပေးရေး၊ ခင်ဦးမြို့နယ် သရက်ပင်စုကျေးရွာမှ ဒေါ်စန်းစန်းရီ က ကိုယ်ထူကိုယ်ထ ကျေးရွာလျှပ်စစ် မီးလင်းရေး ဆောင်ရွက်ရာတွင် အချိန် ကြန့်ကြာနေမှုကို ဖြေရှင်းဆောင်ရွက် ပေးရေး၊ ဒီပဲယင်းမြို့ ဒီပဲယင်းရပ်ကွက် မှ ဦးလွှမ်းမင်းစိုးက ဒီပဲယင်းမြို့တွင် စည်ပင်သာယာဈေး ပြန်လည် တည်ဆောက်ပေးရေး၊ ဒီပဲယင်းမြို့ ဒီပဲယင်းရပ်ကွက်မှ ဦးသန်းမြင့်က အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဂတိ လိုက်စားမှုများကို မြန်မာနိုင်ငံ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အရေးယူဆောင်ရွက်ပေးရေး၊ ဆည်တောကျေးရွာအုပ်စု ဆုံကုန်း ကျေးရွာမှ ဦးဌေးအောင်က တိုက်နယ် ဆေးရုံ အမြန်ဆုံးဆောက်လုပ်ပေးရေး နှင့် စိုင်ပြင်မြို့ အမှတ်(၃)ရပ်ကွက်မှ ဒေါ်ကြည်ကြည်မြင့်က သိမ်းဆည်းခံ မြေ ၈ ဒသမ ၁၈ ဧကအား ပြန်လည် ရရှိရေး မေးခွန်းများကို မေးမြန်းတင်ပြ ကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က တင်ပြချက်များနှင့် စပ်လျဉ်း၍ ကိစ္စတစ်ခုချင်းစီအလိုက် ညှိနှိုင်း ဆောင်ရွက်ပေးသွားမည့် အခြေအနေ များကို ရှင်းလင်းပြောကြားသည်။
တိုတိုနဲ့ လိုရင်းပြောတတ်ဖို့
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျွန်မတို့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ၊ စိုးရိမ်ချက်တွေ၊ ပြဿနာတွေကို လည်း ကျွန်မတို့ သိရတယ်။ နောက် တစ်ချိန်တည်းမှာပဲ ကျွန်မတို့ ပြည်သူ တွေရဲ့ အားနည်းချက်ကိုလည်း ကျွန်မတို့ မြင်ရပါတယ်။ ကျွန်မတို့ဟာ နိုင်ငံ တစ်နိုင်ငံကို တိုးတက်အောင် လုပ်ဖို့ဆိုရင် အကောင်းဘက်ကချည်းပဲ ကြည့်လို့လည်း မရပါဘူး။ ကျွန်မတို့ရဲ့ အားနည်းချက်တွေကိုလည်း ကျွန်မတို့ မြင်ရမယ်၊ ဒီအားနည်းချက်တွေကို ကျွန်မတို့ ဘယ်လိုပြုပြင်မလဲဆိုတာ ကိုလည်း ကျွန်မတို့ စဉ်းစားရပါလိမ့် မယ်။ ဒီပဲယင်းဘက်ကတော့ အင်မတန် မှ စကားကြွယ်ဝတယ်ဆိုတာ ကျွန်မ သတိပြုမိပါတယ်။ အဲဒါကလည်း ကောင်းတဲ့နေရာမှာ ကောင်းပါတယ်၊ ဒါပေမယ့် တိုတိုနဲ့ လိုရင်း ပြောတတ်ဖို့ လည်း ကျွန်မကနေပြီးတော့ တိုက်တွန်း ချင်ပါတယ်။ ကိုယ်က တိုတိုနဲ့ လိုရင်း ပြောမှ တခြားသူတွေအတွက် ပိုပြီး တော့ အခွင့်အရေး ရပါတယ်။ ကိုယ်တစ်ယောက်တည်းကနေပြီး တော့ ၁၀ မိနစ်ပြောမယ်ဆိုရင် တခြားသူတွေ နှစ်မိနစ် သုံးမိနစ်နဲ့ ပြောရမယ့်လူ ငါးယောက်လောက်က အခွင့်အရေးက လွတ်သွားပါလိမ့်မယ်။ အဲဒီလိုစဉ်းစားဖို့ လိုပါတယ်။
ကျွန်မတို့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ ထူထောင်မယ်ဆိုရင် ငါ့အရေးနဲ့အတူ အခြားအရေးကိုလည်း စဉ်းစားရမယ်။ ကိုယ့်အရေးတစ်ခုတည်း စဉ်းစားလို့ မရဘူး၊ အခြားအရေးကိုလည်း စဉ်းစား ရမယ်၊ အခြားပုဂ္ဂိုလ်များရဲ့ အရေးကို လည်း စဉ်းစားရမယ်။ သူတို့ရဲ့ လိုအပ် ချက်တွေကိုလည်း ကျွန်မတို့ကနေပြီး တော့ တန်ဖိုးထားရမယ်၊ နှလုံးသွင်း ရမှာ ဖြစ်ပါတယ်။
တက်ကြွတဲ့စိတ်ဓာတ်ဆိုတာ
ဒီပဲယင်းပြည်သူတွေက တက်ကြွ တာကို ကျွန်မသိပ်သဘောကျတယ်။ ဒါပေမယ့် တက်ကြွတဲ့စိတ်ဓာတ်ဆို တာဟာ အကောင်းဖြစ်နိုင်သလို အဆိုးလည်း ဖြစ်သွားနိုင်ပါတယ်။ တကယ်တက်ကြွတဲ့ စိတ်ဓာတ်ကို မှန်မှန်ကန်ကန် သုံးသွားမယ်ဆိုရင် ကျွန်မတို့ရဲ့နိုင်ငံ တိုးတက်ဖို့အတွက် တွန်းအားတစ်ခုပါပဲ။ ဒါပေမယ့် တက်ကြွတဲ့စိတ်ဓာတ်ကို ကိုယ့်အတွက် ပဲ၊ ကိုယ့်လိုအပ်ချက်အတွက်ပဲ၊ ကိုယ့်ရဲ့အသိုင်းအဝိုင်း၊ ကိုယ့်အဖွဲ့ အစည်းလိုအပ်ချက်အတွက်ပဲ သုံးမယ် ဆိုရင် ဒီတက်ကြွတဲ့စိတ်ဟာ အပေါင်း လက္ခဏာမဆောင်ဘဲနဲ့ အနုတ် လက္ခဏာဆောင်သွားနိုင်မှာ ဖြစ်ပါ တယ်။
ဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့ ဒီတက်ကြွတဲ့ ဒီပဲယင်းပြည်သူလူထု ဟာ နိုင်ငံ့အကျိုးအတွက် အမြဲစဉ်းစား ပါ။ ကျွန်မတို့ရဲ့ ပြည်ထောင်စု မြန်မာ နိုင်ငံတော်ကြီးဟာ တကယ်ပဲ စစ်မှန် တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး ဖြစ်နိုင်ဖို့အတွက် တစ်ယောက်ချင်း တစ်ယောက်ချင်းမှာ ဘာပေးနိုင်သလဲ၊ ဘာလုပ်ပေးနိုင်သလဲဆိုတာကို စဉ်းစား စေချင်ပါတယ်။ အခုဒီမှာ ကိုယ်နဲ့ ပတ်သက်တဲ့ ကိုယ့်ရဲ့အကျိုးနဲ့ ပတ်သက်တဲ့အခါမှာ တင်ပြနိုင်တဲ့ နေရာမှာတော်ရင် အများအကျိုးနဲ့ ပတ်သက်တဲ့ လုပ်ဆောင်တဲ့နေရာမှာ လည်း တော်နိုင်တဲ့ အလားအလာရှိပါ တယ်။ ဒါကြောင့် ကိုယ့်ရဲ့အရည်အချင်း တွေကို အားလုံး နိုင်ငံ့အတွက် အဓိက ထား သုံးစွဲကြပါလို့ ကျွန်မ ဆော်ဩ ရင်းနဲ့
ကျွန်မတို့ ဒီပဲယင်း ပြည်သူ ပြည်သား များ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ လို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်”ဟု ပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် တိုင်းရင်းသား တိုင်းရင်းသူလေးများ နှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ကြိုဆိုနှုတ်ဆက်
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင် များနှင့်အတူ ဒီပဲယင်းမြို့မှ ရဟတ် ယာဉ်များဖြင့် ဆက်လက်ထွက်ခွာပြီး ရွှေဘိုမြို့သို့ ရောက်ရှိရာ တိုင်းဒေသ ကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ကြိုဆို နှုတ်ဆက်ကြသည်။
ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ရွှေဘိုမြို့ လမ်းဘေးဝဲယာ၌ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူလေးများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက် ကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရွှေဘို မြို့တော်ခန်းမ၌ ဒေသခံပြည်သူများ နှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျွန်မတို့ ဒီနေ့အောင်မြေဖြစ်တဲ့ ရွှေဘိုကို လာနိုင်တဲ့အတွက် အင်မတန်မှ ဝမ်းသာပါတယ်။ ကျွန်မတို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ကျွန်မတို့အခု လမ်းညွှန်စကားပြောဖို့ လာတာမဟုတ်ပါဘူး။ ကျွန်မတို့ဒီလို ခရီးထွက်တဲ့အခါကျရင် ပညာပေး၊ ပညာယူလို့ပဲ ပြောလို့ရပါတယ်။ ပညာ ပေး၊ ပညာယူဆိုတာ ကျွန်မတို့ အစိုးရ အနေနဲ့လည်း ပြည်သူသိစေချင်တာ တွေကို ကျွန်မတို့ပြောဖို့အခွင့်အရေး ရတယ်၊ ပြည်သူတွေအနေနဲ့လည်း ကျွန်မတို့ သိစေချင်တာတွေကို တင်ပြ ဖို့ အခွင့်အရေးရတယ်။ အဲဒါကြောင့် မို့လို့ ကျွန်မအနေနဲ့ ဒါဟာပညာပေး၊ ပညာယူ အစီအစဉ်လို့ပဲ ကျွန်မ သတ်မှတ်ပါတယ်။
အခုတစ်နေရာနဲ့ တစ်နေရာသွား တယ်ဆိုရင် ပြည်သူတွေရဲ့လိုအပ်ချက် တွေက တူတာတွေလည်းရှိတယ်၊ မတူ တာတွေလည်းရှိတယ်။ ကျွန်မတို့ ပြည်သူကို ပြောချင်တဲ့ စကားတွေက လည်း တစ်ချိန်နဲ့ တစ်ချိန်တူတာတွေ လည်းရှိတယ်၊ မတူတာတွေလည်း ရှိပါ တယ်။ အခုအချိန်မှာဆိုရင်တော့ ကျွန်မအဓိကအားဖြင့် ကျန်းမာရေး ကိစ္စကို အမြဲဦးစားပေးပြီးပြောရပါ တယ်။ ဒီလိုကျန်းမာရေးကိစ္စကို ဦးစား ပေးပြီး ပြောရတဲ့အကြောင်းကတော့ ကျွန်မတို့နိုင်ငံအတွက် အင်မတန်မှ အရေးကြီးလို့ဖြစ်ပါတယ်။ အများသိ နေတဲ့အတိုင်းပဲ အခုဆိုရင် COVID-19 ရောဂါဟာ တစ်ကမ္ဘာလုံးကို ပျံ့နှံ့နေပါ တယ်။ အခုထိတော့ ကျွန်မတို့နိုင်ငံမှာ အဲဒီရောဂါဖြစ်တဲ့လူနာကို သတ်သတ် မှတ်မှတ်မတွေ့သေးပါဘူး၊ စောင့် ကြည့်နေတဲ့ အနည်းငယ်သော လူနာ များရှိပါတယ်။ စောင့်ကြည့်နေပြီးတော့ အဖြေဘယ်လို ထွက်မလဲဆိုတာက တော့ မသေချာသေးပါဘူး။ ဒီအချိန်မှာ မကူးစက်အောင်လို့ ကျွန်မတို့ အများ ကြီးသတိထားဖို့လိုပါတယ်။ ဒီရောဂါကူး ဖို့ အလွယ်ဆုံးနည်းက တစ်ယောက် ရဲ့လက်ကနေ နောက်တစ်ယောက်ကို ပါပဲ။ ဒါကြောင့်မို့လို့ ပိုးသတ်ဆေးတွေ ကိုသုံးဖို့၊ လက်ကိုသန့်စင်စေတဲ့ ပိုးသတ်ဆေးများသုံးဖို့၊ နောက်ပြီး တော့ တစ်ယောက်နဲ့တစ်ယောက် လက်ဆွဲနှုတ်ဆက်တာတွေကို ရှောင် ကြဉ်ဖို့ပြောပါတယ်။ ကျွန်မတို့အနေနဲ့ အခု ရောဂါနဲ့ပတ်သက်ပြီးတော့ ပြည်သူတွေကို သတိထားစေချင်ပါ တယ်ဆိုတာကို ထပ်ပြီးတော့ ပြောပါရ စေ။ အဲဒါကို ပေါ့ပေါ့ဆဆ မနေပါနဲ့လို့ သတိပေးပါရစေ။
ကျွန်မတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတော့ပေးရ လိမ့်မယ်။ နားလည်မှုပေးမှ အဆင်ပြေ နိုင်မှာဖြစ်ပါတယ်။ ဒါကလည်း ကျွန်မ ရတဲ့ပညာတစ်ခုပါပဲ။ တစ်နေရာနဲ့ တစ်နေရာသွားရင် ပရိသတ်ရဲ့ စည်းကမ်းသေသပ်မှုဟာ မတူပါဘူး။ တချို့ပရိသတ်တွေက အင်မတန်မှ စည်းကမ်းရှိပါတယ်။ တချို့ပရိသတ် တွေကတော့ နည်းနည်းတက်ကြွတယ် လို့ပဲပြောရမှာပါ။ စည်းကမ်းရှိတာ ထက်ပိုပြီးတော့ တက်ကြွတဲ့ဘက်က များပါတယ်။ အဲဒီတော့ ဘာပဲပြော ပြော ဒါဟာ ချိန်ခွင်လျှာညီမျှဖို့လိုပါ တယ်။ ကျွန်မတို့က စည်းကမ်းလည်း ရှိရမယ်၊ တက်ကြွတဲ့ စိတ်လည်းရှိရ မယ်၊ ဒါမှကျွန်မတို့နိုင်ငံရဲ့ တိုးတက် ရေးအတွက် အားလုံးဝိုင်းပြီးတော့ ပါဝင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
ကျွန်မပြည်သူတွေနဲ့ တွေ့တဲ့အခါ ကျရင် ပညာပေး၊ ပညာယူဆိုတာ တစ်ချိန်လုံးလည်း ပညာပေးနေရ တယ်၊ ပြည်သူတွေရဲ့ လုပ်ပုံကိုင်ပုံ တွေကိုလည်း ကြည့်ပြီးတော့ ပညာယူ နေရတယ်။ ကျွန်မတို့ ဒီလိုပြည်သူ တွေရဲ့ တင်ပြချက်တွေနဲ့ ပတ်သက်ပြီး တော့ အစိုးရကဘယ်ဘက်ကနေ ဖြည့်ဆည်းပေးရမယ် ဆိုတာလည်း ကျွန်မတို့ သဘောပေါက်ပါတယ်။ ဥပမာဆိုရင် ဥပဒေနဲ့ပတ်သက်လို့ ကျွန်မတို့ရဲ့ ပြည်သူလူထုတွေအနေနဲ့ နားလည်မှုက နည်းနည်းအားနည်းနေ တယ်ဆိုတာ ကျွန်မသတိပြုမိပါတယ်။ အထူးသဖြင့်ဆိုရင် မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ဥပဒေတွေ၊ ညွှန်ကြား ချက်တွေကို ပြည်သူလူထုတွေက ရှင်းပုံမရပါဘူး။ အဲဒါကြောင့် ကျွန်မတို့ ပြည်သူလူထု နားလည်နိုင်အောင်လို့ အစီအစဉ်တွေကို လုပ်ပေးဖို့ စီစဉ်ပေး ပါ့မယ်။ ကျွန်မတို့က တရားဥပဒေ စိုးမိုးရေး ဖြစ်စေချင်တယ်ဆိုရင် ဥပဒေအကြောင်း နားလည်ဖို့တော့ အင်မတန်မှ အရေးကြီးပါတယ်။ အခြေခံအားဖြင့် ကျွန်မတို့ပြည်သူ လူထုအားလုံးဟာ ဥပဒေဟာ ဘာအတွက်လဲဆိုတာကို ပထမဦးဆုံး နားလည်ရမှာပါ။
အဓိကကတော့ ဥပဒေက ရပ်ရွာ တည်ငြိမ်အေးချမ်းဖို့ပါပဲ။ ဒီလိုမြေပိုင် ဆိုင်မှုနဲ့ပတ်သက်တဲ့ ဥပဒေဆိုတာ လည်း ဒီသဘောပါပဲ။ မြေတစ်ကွက်ကို လူနှစ်ယောက်က ပိုင်ပါတယ်လို့ပြော ရင် သူတို့တစ်ယောက်နဲ့တစ်ယောက် လက်သီးနဲ့ထိုး၊ ဓားနဲ့ခုတ်ပြီးတော့ ဖြေရှင်းမယ့်အစား တရားလမ်း ကြောင်းအရ ဖြေရှင်းတာက ပိုပြီးတော့ ငြိမ်သက်တယ်၊ ပိုပြီးတော့ ပြည်သူ တွေအတွက်လည်း အနာသက်သာပါ တယ်။ ဒါကြောင့် ဥပဒေတွေကို ထုတ် တာပါ။ ဥပဒေတွေဟာ အမြဲတမ်းမှန် သလားဆိုတော့ မမှန်ပါဘူး။ ဥပဒေ ဆိုတာ ထာဝရမဟုတ်ပါဘူး။ ဥပဒေ ဆိုတာ ပြည်သူလူထုကနေ၊ လူသား များကနေ တီထွင်ထားတဲ့ ဥပဒေတွေ ဖြစ်ပါတယ်။ လူသားတွေကနေ ရေးဆွဲ ပြီးတော့ လက်ခံထားတဲ့ ဥပဒေတွေ ဖြစ်ပါတယ်။
ခေတ်နဲ့မဆီလျော်ရင် ဒီဥပဒေတွေ ကို ပြောင်းသင့်ပြောင်းရပါတယ်။ တစ်ခါတလေလည်း ဥပဒေကို ပယ်ဖျက်ရတယ်၊ တစ်ခါတလေ ဥပဒေကို ပြောင်းရတယ်၊ တစ်ခါ တလေ ဥပဒေကို ဖြည့်စွက်ရတယ်။ အဲဒီလိုနည်းတွေနဲ့ ဥပဒေဆိုတာ ရှင်သန်နေအောင်လို့ ကျွန်မတို့ လုပ်ရ ပါတယ်။ ဥပဒေရှင်သန်ခြင်းဆိုတာ ခေတ်ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီ ခြင်းပဲဖြစ်ပါတယ်။ ခေတ်ရဲ့ လိုအပ် ချက်တွေနဲ့ မကိုက်ညီတဲ့ ဥပဒေဆိုတာ မရှင်သန်နိုင်ပါဘူး။ အဲဒီတော့ ကျွန်မ တို့ရဲ့ နိုင်ငံမှာ မြေပိုင်ဆိုင်မှုနဲ့ပတ်သက် လို့၊ မူလပိုင်ရှင်ကို မြေပြန်ပြီးတော့ ပေးတဲ့ကိစ္စနဲ့ပတ်သက်လို့၊ မြေလွတ် မြေရိုင်းတွေကို ပုဂ္ဂလိကပိုင်အဖြစ် ချပေးတာနဲ့ပတ်သက်လို့ အဲဒါတွေ အားလုံးအတွက် ဥပဒေတွေရှိပါတယ်။
ဥပဒေဆိုတာတော့ အမျိုးမျိုးရှိ တယ်။ ဒီဥပဒေတွေ ရှင်သန်ဖို့ဆိုတာ ဟာ ဥပဒေပြုမဏ္ဍိုင်ဆိုတာ လွှတ်တော် ကို ပြောတာပါ။ ဥပဒေတွေကို ပြဋ္ဌာန်း ပြီးတော့ ဥပဒေတွေ အတည်ဖြစ်ဖို့ နိုင်ငံတစ်နိုင်ငံမှာ ဥပဒေစိုးမိုးမှု ဆိုတာ လွှတ်တော်က လုပ်ရတဲ့ကိစ္စဖြစ်ပါ တယ်။ ဒါကြောင့် လွှတ်တော်ရဲ့ကဏ္ဍ က အင်မတန်မှ အရေးကြီးတယ်။ ပြည်သူတွေရဲ့ဘဝတွေကို လွှမ်းခြုံမယ့် ဥပဒေတွေကို လွှတ်တော်ကနေ ပြဋ္ဌာန်းရတာဖြစ်ပါတယ်။
အုပ်ချုပ်ရေးမဏ္ဍိုင်
အုပ်ချုပ်ရေးမဏ္ဍိုင်ဆိုတာကတော့ အစိုးရဖြစ်ပါတယ်။ အစိုးရကတော့ ဒီနိုင်ငံရဲ့ နိစ္စဓူဝလုပ်ငန်းတွေကို ဦးစီး ပြီးတော့ ဆောင်ရွက်ရတယ်၊ အကောင် အထည်ဖော်ရတယ်၊ ဥပဒေဘောင် အတွင်းကပဲ လုပ်ရတယ်။ အစိုးရတစ်ခု ဆိုတာလည်း ဥပဒေကိုချိုးဖောက်လို့ မရပါဘူး။ ဒါကြောင့် အဆိုရှိတာက ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူး ဆိုတာဟာ ဥပဒေရဲ့အထက်မှာ နိုင်ငံ မှာရှိတဲ့ အင်မတန်မှ အင်အားအနည်း ဆုံးပုဂ္ဂိုလ်ကလည်း ဥပဒေအထက်မှာ မရှိနိုင်ဘူး။ သူအင်အားနည်းလို့ သနား ပါတယ်၊ ဥပဒေက လွတ်ကင်းခွင့်ပေး မယ်ဆိုပြီး အဲဒီလိုလည်း ဥပဒေက ထားလို့မရဘူး။ တရားရုံးကတော့ သနားကြင်နာသောအားဖြင့် တစ်ခါ တလေ လျှော့ပေးလို့ရတယ်။ အဆို တစ်ခုရှိပါတယ်၊ တရားဥပဒေမှန်ကန် ခြင်းကို အကြင်နာတရားနဲ့ ထိန်းရမယ် တဲ့၊ အမြဲပဲတရားဥပဒေအရသာ လုပ် မယ်၊ ပြည်သူတွေအပေါ်မှာ အကြင်နာ တရားမရှိဘူးဆိုရင် သိပ်ပြီးတော့ အစွန်းထွက်ပြီးတော့ ကြမ်းတမ်းရာ ရောက်ပါလိမ့်မယ်။ သိပ်ပြီးတော့ အကြင်နာလွန်ပြီးတော့ ဥပဒေချိုး ဖောက်တာကိုလည်း အမြဲပဲခွင့်ပြု တယ်၊ ခွင့်လွှတ်တယ်ဆိုရင်လည်း ကျွန်မတို့ဟာ စည်းကမ်းထိန်းလို့ မရဘူး။ ဥပဒေမဲ့နိုင်ငံ ဖြစ်သွားမယ် ဆိုရင် အင်မတန်မှ ပြည်သူတွေရဲ့ တည်ငြိမ်မှု၊ လုံခြုံမှုကို ထိခိုက်သွားမှာ ဖြစ်ပါတယ်။ အဲဒီတော့ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာက ဥပဒေပိုင်းဆိုင်ရာဖြစ်တဲ့ လွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ တွေကို အကောင်အထည်ဖော်ဖို့ တာဝန်ရှိတယ်။ ဒီအုပ်ချုပ်ရေးမဏ္ဍိုင် ဖြစ်တဲ့ အစိုးရအဖွဲ့များဟာ ဒီဥပဒေ တွေကို လိုက်နာရမှာဖြစ်ပါတယ်။
တရားစီရင်ရေးမဏ္ဍိုင်
နောက်ပြီးတော့ တရားစီရင်ရေး မဏ္ဍိုင်ဆိုတာရှိပါတယ်။ တရားစီရင် ရေးမဏ္ဍိုင်ဆိုတာ အကြမ်းဖျဉ်းပြော ရင် တရားရုံးတွေကနေတစ်ဆင့် ဥပဒေ တွေအရ မှန်သည်၊ မှားသည်ဆိုပြီး တော့ ဥပဒေကို စစ်ပြီးတော့လုပ်တဲ့ ကိစ္စဖြစ်ပါတယ်။ ဥပဒေဆိုတာဟာ တစ်ခါတလေ အဓိပ္ပာယ်ဖော်ပုံက အမျိုးမျိုးရှိနိုင်တယ်။ ဒီတော့ တရား သူကြီးတွေ၊ တရားရုံးတွေဆိုတာ ဥပဒေရဲ့ အဓိပ္ပာယ်ကို ဖော်ပြီးတော့ တက်လာတဲ့အမှုတွေကို စိစစ်ရတယ်။ ဘယ်ဘက်က မှန်တယ်ဆိုတာကို ဆုံးဖြတ်ရတယ်။ အဲဒီတော့ တရားရုံး က တရားသူကြီးတိုင်းဟာ သူတို့ဆုံး ဖြတ်ချက်တွေ အားလုံးမှန်သလားဆို တော့ ဒါကတော့ မဖြစ်နိုင်ဘူးဆိုတာကို လက်ခံကြရပါတယ်။ ဒီတရားရုံးက တရားသူကြီးတွေဆိုတာလည်း ရိုးရိုး ပုထုဇဉ် လူသားတွေပဲ။ အမြဲအမှားမရှိ ဘူးဆိုတာတော့ မဖြစ်နိုင်ဘူး။ ဒါကြောင့် အယူခံတက်နိုင်တယ်ဆိုတဲ့ ကိစ္စတွေ ရှိတာပါ။ ဒီအောက်ဆုံးရုံးက ဆုံးဖြတ်ချက်ကို အမှုသည်က မကျေ နပ်ရင် တစ်ဆင့်တစ်ဆင့်နဲ့ အယူခံဝင် ပြီးတော့ သွားလို့ရတယ်။ ဒါပေမယ့် နောက်ဆုံး အမြင့်ဆုံးတရားရုံးကနေ ဆုံးဖြတ်ချက်ချသွားပြီးပြီဆိုရင်တော့ လက်ခံရတယ်။ ဒါဟာ တရားဥပဒေ စိုးမိုးရေးပဲ။
အရေးအကြီးဆုံး
ဒီတော့ တရားရေးမဏ္ဍိုင်ကရော အဂတိလိုက်စားမှု မရှိဘူးလားဆိုတော့ တရားရေးမဏ္ဍိုင်တွေထဲမှာ အဂတိ လိုက်စားမှု ရှိခဲ့တာတွေလည်း တစ်ကမ္ဘာလုံးမှာ ရှိပါတယ်။ တစ်ချိန်လုံး ဒါတွေဟာ ထိန်းသိမ်းသွား ရတယ်။ ဒီဟာကို ထိန်းဖို့ဆိုရင် ဘယ်သူက အရေးအကြီးဆုံးလဲဆိုရင် နောက်ဆုံးကျတော့ ကျွန်မတို့ပြည်သူ တွေက အရေးအကြီးဆုံးပဲ။ ကျွန်မတို့ ပြည်သူတွေရဲ့ ပညာအမြော်အမြင် စိတ်ထားမှန်ကန်မှုနဲ့သာလျှင် ဒီမဏ္ဍိုင် ကြီး သုံးခုရထားပါတယ်။ မှန်မှန် ကန်ကန် ဆက်ပြီးတော့လည်းသွားဖို့ လိုအပ်ပါတယ်။ ဒီမဏ္ဍိုင်ကြီး သုံးရပ် မှာပါတဲ့ ပုဂ္ဂိုလ်များအားလုံးကလည်း ကျွန်မတို့ ပြည်သူတွေထဲကပါပဲ။
ဒါကြောင့် ကျွန်မတို့ လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ်တွေပဲဖြစ် ဖြစ်၊ အစိုးရအဖွဲ့ဝင်တွေပဲဖြစ်ဖြစ်၊ ဒီတရားရေးမဏ္ဍိုင်က တရားသူကြီး တွေနဲ့ တရားရေးဆိုင်ရာ ဝန်ထမ်းတွေ ပဲဖြစ်ဖြစ် အားလုံးဟာ ကျွန်မတို့ရဲ့ ပြည်သူတွေပဲဖြစ်တယ်။ အားလုံးဟာ မှားနိုင်သလို မှန်နိုင်တယ်။ မှန်နိုင်သလို မှားနိုင်တယ်။ အားလုံးဟာ အကောင်း ဆုံးဖြစ်အောင်လို့ ကြိုးစားသွားရမယ်။ ဒီတော့ ဘယ်ကနေ စကြိုးစားရမလဲ ဆိုတော့ ကျွန်မတို့ အောက်ခြေကနေ စကြိုးစားရမယ်။ အောက်ခြေဆိုတာ အောက်ခြေလူတန်းစား အတန်းအလွှာ ကို ပြောတာမဟုတ်ဘူး။ ငယ်စဉ်က တည်းက ကြိုးစားသွားရမယ်ဆိုတာ ပြောတာ ဖြစ်ပါတယ်။
အခု ဒီရှေ့မှာဆိုရင် ကလေးတွေ ရှိတယ်။ ငယ်စဉ်ကတည်းက မှန်မှန် ကန်ကန်လုပ်ချင်တဲ့ စိတ်ဓာတ်၊ မှန်မှန် ကန်ကန် လုပ်ရဲတဲ့စိတ်ဓာတ် ရှိရမယ်။ မှန်မှန်ကန်ကန်လုပ်ချင်တဲ့ စိတ်ဓာတ် ရှိရုံနဲ့ မလုံလောက်ဘူး။ ဘယ်ဟာက မှန်သလဲ၊ ဘယ်ဟာက လုပ်သင့်သလဲ ဆိုတာ သိပေမယ့်လည်း ကြောက်လို့ မလုပ်တာ၊ ပျင်းလို့မလုပ်တာ၊ မလွယ် လို့ မလုပ်တာ၊ ခက်လို့မလုပ်တာ ဆိုရင်လည်း ဒါဟာအရာမရောက်ဘူး၊ ထိရောက်မှုမရှိဘူး။ ကိုယ်လုပ်သင့် လုပ်ထိုက်တဲ့ကိစ္စတစ်ခုဟာ ဘာလဲဆို တာ ပထမ ဆုံးဖြတ်နိုင်ဖို့က အရေး ကြီးပါတယ်။ ဒါဟာ ပညာပါပဲ။
ဒါကြောင့် ကျွန်မတို့ပြည်သူတွေဟာ တကယ်ပဲ ကိုယ့်နိုင်ငံကို တိုးတက်စေ ချင်တယ်ဆိုရင် ဒီပညာကိုရှာပါ။ နိုင်ငံ့ အတွက်အကောင်းဆုံး ဘာလုပ်ပေး နိုင်သလဲဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ် ကိုယ်မေးပါ။ တခြားလူတွေဘာလုပ်ပေးနိုင်သလဲဆိုတာကို မကြည့်ပါနဲ့။ ကျွန်မတို့ တချို့နေရာတွေမှာ သွားရင် အစိုးရက ဒါမလုပ်ပေးဘူးလား၊ ဟိုဟာ မလုပ်ပေးဘူးလားဆိုတာ မေးပါတယ်။ အစိုးရကလုပ်ပေးရမယ့်တာဝန်ရှိရင် ဒါလုပ်ပေးရမယ်ဆိုတာ ကျွန်မတို့ လက်ခံတယ်။ ဒါကျွန်မတို့ကို သတိ ပေးတဲ့အတွက်လည်း ကျေးဇူးတင် တယ်။ အစိုးရကလုပ်ပေးရမယ့် ကိစ္စ ပါ။ အစိုးရမှာ တာဝန်ရှိတယ်ဆိုတာ သတိပေးတယ်ဆိုတာ ကျွန်မတို့ အကျိုးအတွက်ဖြစ်တယ်။
အစိုးရရဲ့ ဂုဏ်သိက္ခာအတွက် ဖြစ် တယ်။ ဒါပေမယ့်လည်း တချို့ကိစ္စတွေ မှာ ပြည်သူတွေက ကိုယ်တိုင်လုပ်ရ မယ်ဆိုတာကို မေ့နေပုံရပါတယ်။ အဲဒါ ကို မမေ့ပါနဲ့။ ကိုယ့်အစိုးရဟာ ကိုယ့် အတွက်၊ ကိုယ့်နိုင်ငံအတွက်ဖြစ်စေချင် ရင် ကိုယ်ကိုယ်တိုင်က ကိုယ်တတ်နိုင် သမျှလုပ်တဲ့ ပြည်သူလူထုတွေဖြစ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။
ကိုယ့်ကိုယ်ကိုယ် သုံးသပ်
ကျွန်မတို့နိုင်ငံက ချမ်းသာတဲ့ နိုင်ငံမဟုတ်ပါဘူး။ ချမ်းသာတဲ့နိုင်ငံ မဟုတ်ပေမယ့် ကျွန်မတို့မှာ အခွင့် အရေးတွေ အများကြီးရှိပါတယ်။ ဖြစ်နိုင်ခြေတွေအများကြီးရှိပါတယ်။ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရ ကတည်းက နိုင်ငံတကာက ဘယ်လို သုံးသပ်ခဲ့သလဲဆိုတော့ ဖြစ်နိုင်ခြေ တွေအများကြီးရှိတဲ့ နိုင်ငံတဲ့။ ဖြစ်နိုင် ခြေတွေရှိပြီးတော့ ဒီဖြစ်နိုင်ခြေတွေကို အကောင်အထည် မဖော်နိုင်သေးတဲ့ နိုင်ငံလို့လည်း ပြောပါတယ်။ ဘာဖြစ် လို့ ကျွန်မတို့မှာ ဖြစ်နိုင်ခြေတွေရှိပြီး တော့ အကောင်အထည်တွေ မဖော် နိုင်သေးတာလဲ။ ကျွန်မတို့ရဲ့ ကြိုးစား အားထုတ်မှုက ဘယ်နေရာမှာ လိုနေ တာလဲဆိုတာ ပထမဦးဆုံး ကိုယ့်ကိုယ် ကိုယ် ပြန်ပြီးတော့ သုံးသပ်ရပါတယ်။ တစ်ယောက်ချင်းတစ်ယောက်ချင်းက ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ သုံးသပ် ဖို့ လိုပါတယ်။
လူတစ်ယောက်ဟာ ဘယ်လောက် ရင့်ကျက်သလဲဆိုတာ တခြားသူတွေ အတွက် ဘယ်လောက်စဉ်းစားနိုင် သလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ တချို့တွေက အသက်သာကြီးသွား တယ်။ ဘယ်လိုမှ မရင့်ကျက်လာဘူး။ ကိုယ့်တစ်ယောက်တည်း အတွက်ပဲ စဉ်းစားတဲ့ အလေ့အကျင့်ကနေပြီး တော့ ဖောက်ထွက်လို့မရဘူး။
အဲဒီတော့ ကျွန်မတို့ရဲ့ပြည်သူတွေ ကို နိုင်ငံကြီးသားပီသစေချင်တယ်။ နိုင်ငံကြီးသားဆိုတာကလည်း ကျွန်မ သတိပေးလေ့ရှိပါတယ်။ ချမ်းသာတဲ့ နိုင်ငံက နိုင်ငံသူနိုင်ငံသားတွေမှ နိုင်ငံ ကြီးသားမဟုတ်ပါဘူး။ အင်မတန်မှ ပထဝီအရ ကျယ်ပြန့်တဲ့နိုင်ငံက နိုင်ငံ သူ နိုင်ငံသားတွေမှ နိုင်ငံကြီးသား မဟုတ်ပါဘူး။ နိုင်ငံကြီးသားဆိုတာ နိုင်ငံကြီးသားစိတ်ဓာတ် မြင့်မြတ်တဲ့၊ ပြည့်ဝတဲ့၊ ရင့်ကျက်တဲ့စိတ်ဓာတ်ရှိတာ ဟာ နိုင်ငံကြီးသားပီသမှုပါပဲ။ ကျွန်မတို့ ပြည်သူတွေကို ကြိုးစားပါလို့ ကျွန်မ အနေနဲ့ဆော်ဩချင်တယ်။ တိုက် တွန်းချင်တယ်။ ကျွန်မတို့ပြည်သူ တွေကို ကျွန်မယုံကြည်မှုလည်းရှိ တယ်။ ဖြစ်လည်းဖြစ်မြောက်စေချင် တယ်။ ဒါကြောင့်မို့ နည်းနည်းစည်းကမ်း မရှိဘူး။ လုပ်ပုံကိုင်ပုံမဟုတ်ဘူးဆိုရင် ကျွန်မလုံးဝ အားမရပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်မတို့ပြည်သူတွေမှာ ဖြစ်နိုင်ခြေတွေက အကောင်းဖြစ်နိုင် ခြေတွေ ဒီလောက်များများရှိရဲ့သားနဲ့ ဒီဟာတွေကို ဘာဖြစ်လို့အကောင် အထည် မဖော်နိုင်တာလဲဆိုပြီးတော့ ကျွန်မတစ်ခါတလေဆိုရင် မကျေ မနပ်ဖြစ်ပါတယ်။ ဒါကြောင့် ကြိုးစား ကြပါ။ ကျွန်မတို့ဟာ အမြဲနေသွားမယ့် လူတွေမဟုတ်ပါဘူး။ အနိစ္စတရားအရ တစ်နေ့တစ်ချိန်အခါမှာ ရှိတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ထားခဲ့တဲ့ အမွေအနှစ်တွေက နောင်လာနောက် သားတွေ ခေတ်အဆင့်ဆင့် ခေတ် အဆက်ဆက်အတွက် တန်ဖိုးရှိတဲ့ အမွေအနှစ်တွေပဲ ဖြစ်စေချင်ပါတယ်။ ကျွန်မတို့ထားခဲ့တဲ့ အမွေအနှစ်တွေ ကြောင့်မို့ နောင်လာနောက်သားတွေ က ဒုက္ခရောက်ရတယ်၊ စိတ်ထားသေး သိမ်ရတယ်၊ စိတ်ဓာတ်နိမ့်ကျရတယ်၊ နေပုံထိုင်ပုံအဆင့်အတန်း နိမ့်ကျရ တယ်ဆိုတာတွေ မဖြစ်စေချင်ပါဘူး။
ကျွန်မတို့ပြည်သူတွေ ကြိုးစား ကြပါ။ ကိုယ့်ခေတ်မှာသာ ကိုယ်ပိုင် တာ။ ပညာရှင်တစ်ဦးက ပြောဖူးပါ တယ်။ နောက်ဆုံးကျတော့ ကိုယ်လုပ် နိုင်တာ တစ်ခုပဲရှိတယ်တဲ့။ ကိုယ့်မှာ ရထားတဲ့အချိန်ကို ကိုယ်ဘယ်လို သုံးမလဲဆိုတာ အဲဒီဆုံးဖြတ်ပိုင်ခွင့် တစ်ခုပဲရှိတယ်။ အဲဒီတော့ ကိုယ်ရ ထားတဲ့အချိန်တွေကို မှန်မှန်ကန်ကန် သုံးပါ။ အခုကျွန်မတို့ ဒီအချိန်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ လိုတဲ့အချိန်မှာ နိုင်ငံသူနိုင်ငံသားများဖြစ်နေတဲ့ ကျွန်မ တို့ ပြည်သူ ပြည်သားများ ဒီအချိန်ကို ထိုက်ထိုက်တန်တန်နဲ့ နိုင်ငံအတွက် သုံးပါ။ နောင်လာနောက်သားတွေ အတွက် အဖိုးဖြတ်လို့မရတဲ့ အမွေတွေ ကို ထားပစ်ခဲ့ပါလို့ မေတ္တာရပ်ခံချင်ပါ တယ်” ဟု ပြောကြားသည်။
တင်ပြမေးမြန်း
ယင်းနောက် တွေ့ဆုံပွဲသို့ ကြိုတင် တင်ပြမေးမြန်းထားသည့် ရွှေဘိုမြို့နယ် ချောင်းဆုံကျေးရွာမှ ဦးညွန့်ဝင်းက ချောင်းဆုံကျေးရွာ ကျေးလက်ကျန်းမာရေးဆေးပေးခန်း ရရှိရေး၊ အုတ်ရှစ်ကန်ကျေးရွာမှ တောင်သူဦးမြင့်အောင်က သိမ်းဆည်း လယ်ယာမြေအတွက် နစ်နာကြေးရရှိ အောင်ဆောင်ရွက်ပေးရေး၊ တည်ပင် (ရ) ကျေးရွာမှ ဦးသန်းထွန်းက တည်ပင်(ရ) ကျေးရွာ ကျေးလက် ကျန်းမာရေးဌာနခွဲ ဆောင်ရွက်ပေး ရေး၊ ကုလားမကျေးရွာမှ ဦးကြည်မင်း က ပုံစံ(၇)ရရှိနိုင်ရေးအတွက် ပုံစံ(၁)ဖြင့် လျှောက်ထားသော်လည်း မရရှိ သည့်အတွက် ရရှိအောင်ဆောင်ရွက် ပေးရေး၊ ကုလားမကျေးရွာမှ ဦးကြည် က ကျေးလက်ကျန်းမားရေးဆေးပေး ခန်း ဆောင်ရွက်ပေးရေး၊ ရုံးတော ကျေးရွာအုပ်စုမှ ဦးစိန်သန်းက ရုံးတောကျေးရွာအုပ်စု၌ ကျေးလက် ကျန်းမာရေးဌာန ဖွင့်လှစ်ပေးနိုင်ရေး၊ အမှတ်(၁)ရပ်ကွက်မှ ဦးရွှေဘော် က ၎င်းပိုင်လယ်မြေများအတွင်း ငါးကန်များ လာရောက်ကျူးကျော် ဆောက်လုပ်နေမှုအား ဖြေရှင်း ဆောင်ရွက်ပေးရေး၊ ဘုတ်ကုန်း ကျေးရွာမှ တောင်သူ ဦးညိုထွန်းက ဘုတ်ကုန်းကျေးရွာ ကျန်းမာရေး ဆေးပေးခန်းဆောင်ရွက်ပေးနိုင်ရေး၊ နှမစားကျေးရွာမှ ဦးသန်းတင့်က နှမစားကျေးရွာမှ တောင်သူများ လုပ်ကိုင်စားသောက်နေသည့် ဇီးဖြူ ကုန်းကွင်းမှ သိမ်းဆည်းထားသည့် လယ်မြေ ၂၄ဝ ဒသမ ၄၃ ဧကအား ပြန်လည်ရရှိရေး၊ ဆိပ်သာကျေးရွာမှ ဦးစိန်ဝင်းက ဆိပ်သာကျေးရွာ၊ မအူကျေးရွာနှင့် သာယာအေးကျေးရွာ တို့မှာ မဟာလျှပ်ဓာတ်အားလိုင်းနှင့် ခြောက်မိုင်သာ ဝေးသည့်အတွက် လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင် ရွက်ပေးရေး၊ ကျားကျေးရွာမှ ဦးအေးဝမ်းက ကျားကျေးရွာအတွက် မီးသတ်ယာဉ်တစ်စီးနှင့် ရေသယ်ယာဉ် တစ်စီးဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ ကော့ကျေးရွာ ကျောင်းကော်မတီ အဖွဲ့မှ ဦးညွန့်ဝင်းက ကော့ကျေးရွာ အလယ်တန်းကျောင်း အတွက် ကျောင်းဆောင်သစ် ဆောက်လုပ်ပေး ရေး၊ ချီပါကျေးရွာမှ ဦးမြင့်သိန်းက ပလိုင်းကျေးရွာအုပ်စုတွင် ပါဝင်နေ သော မဲတောကျေးရွာခွဲအား ချီပါ ကျေးရွာအုပ်စုအတွင်း ထည့်သွင်း သတ်မှတ်ပေးရေး၊ အမှတ်(၁၀)ရပ်ကွက်မှ ဦးမြင့် အောင်က ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက် အရှေ့ပိုင်းအား မဟာနန္နာကန်မှ ရေသုံးစွဲခွင့်ရရှိအောင် ဆောင်ရွက်ပေးရေး၊ ခွန်တောင်းကြီး ကျေးရွာမှ ဦးမျိုးမြင့်အောင်က ခွန်တောင်းကြီးကျေးရွာ ကျေးလက် ကျန်းမာရေးဌာနခွဲ အဆောက်အဦ တည်ရှိနေပါလျက် ၎င်းမြေကွက်အား ကျေးရွာအုပ်ချုပ်ရေးမှူးက ရောင်းချ လိုက်ခြင်း၊ ကျန်းမာရေး ဆေးပေးခန်း အား ဖျက်ဆီးပြီး နေအိမ်ဆောက်ခြင်း မှာ တရားဝင်ခွင့်ပြုမိန့် ရှိ၊ မရှိ မေးခွန်း များနှင့်စပ်လျဉ်း၍လည်းကောင်း။
ခန်းမအတွင်းနှင့် ခန်းမအပြင် တို့မှ မေးမြန်းတင်ပြလိုသူ ၂၂ ဦး အနက် မဲပေါက်သူ ခြောက်ဦးဖြစ်သည့် အမှတ်(၅)ရပ်ကွက်မှ ဒေါ်ရီဝင်းက ၎င်းပိုင်မြေကွက်အား ဝင်ရောက်ကျူး ကျော် ဆောက်လုပ်နေမှုအား ဖြေရှင်း ပေးရေး၊ မြောင်းကြီးကျေးရွာမှ ဒေါ်ထွေးက သိမ်းဆည်းခံမြေအတွက် လျော်ကြေးရရှိရေး၊ အမှတ်(၁ဝ) ရပ်ကွက်မှ ဦးတင်အောင်ကျော်က အမှတ်(၁ဝ)ရပ်ကွက်ရှိ တံတားအား ပြန်လည်ပြုပြင်ပေးရေး၊ ဘုတ်ကုန်း ကျေးရွာမှ ဦးမြသောင်းက ကျေးရွာ အုပ်ချုပ်ရေးမှူးက ကျေးရွာပိုင်မြေကို ရောင်းချထားမှုအား ဖြေရှင်းပေးရေး၊ ကုလားမကျေးရွာမှ ဦးဖုန်းကျော်က ကုလားမကျေးရွာအုပ်စု၌ ကျေးလက် ကျန်းမားရေးဌာနခွဲ ဆောင်ရွက်ရေး၊ အမှတ်(၁)ရပ်ကွက်မှ ဒေါ်ခင်အုန်းမြင့် က ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအား မည်သည့်အချိန်နှင့် မည်သည့် အခြေအနေတွင် ပြင်ဆင်နိုင်မည် ဆိုသည်အား သိရှိလိုခြင်းမေးခွန်း များနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး၊ တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများက လက်ရှိဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ၊ ရေရှည် ဆောင်ရွက်ပေးရမည့် အခြေအနေများ၊ စိစစ်ဆောင်ရွက်ပေးသွားမည့် အခြေ အနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က COVID-19 သည် ကမ္ဘာတွင် ပျံ့နှံ့နေပြီး အင်မတန် အန္တရာယ်များပါကြောင်း၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကိုလည်း လေ့လာ စေလိုကြောင်း၊ သတင်းစာများတွင် လည်း ပါရှိပါကြောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင် သံကြား၊ ရေဒီယိုများတွင် ထုတ်ပြန် ပေးနေပါကြောင်း၊ သေချာစွာလိုက်နာ စေလိုကြောင်း၊ ရောဂါဖြစ်ပွားပါက ကုသရန်ခက်ခဲပါကြောင်း၊ ဖွံ့ဖြိုးသည့် နိုင်ငံများ၌ပင် ရာဂဏန်းသေဆုံးမှု ရှိပါကြောင်း၊ ထို့အတွက် မပေါ့ဆသင့် ပါကြောင်း၊ လက်မှ ကူးစက်မှုများပါ ကြောင်း၊ လက်ကို ပိုးသတ်ဆေးဖြင့် သေချာဆေးကြောကြစေလိုကြောင်း၊ မိမိတို့ပြည်သူများမှာ မိမိတို့နိုင်ငံ အတွက် တစ်ဦးချင်းတန်ဖိုးရှိပါ ကြောင်း၊ တစ်ဦးမှ အပျောက်အပျက် မခံနိုင်ပါကြောင်း၊ ရွှေဘိုသူ ရွှေဘိုသား များ ကျန်းမာ၊ ချမ်းသာကြပါစေ ကြောင်း ပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် တိုင်းရင်းသား တိုင်းရင်းသူလေးများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ပြန်လည်ရှင်းလင်း
ယနေ့ ရွှေဘိုမြို့ ဒေသခံများနှင့် တွေ့ဆုံပွဲတွင် ကြိုတင်တင်ပြမေးမြန်း ထားသည့် မေးခွန်းများအနက် ကျန်ရှိ နေသည့် ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ မြေယာကိစ္စများနှင့် စပ်လျဉ်းသည့်မေးခွန်း ၂၆ ခုအား အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ က ပြန်လည်ရှင်းလင်းဖြေကြား ဆောင်ရွက်ပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားခဲ့သည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရွှေဘိုမြို့ အောင်မြေဘုရားသို့ သွားရောက်ကာ မဟာအောင်မြေ ဆုတောင်းပြည့် မြတ်စွာဘုရားအား ဖူးမြော်ကြည်ညို ပြီး ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းပူဇော်သည်။
ထို့နောက် မဟာအောင်မြေဌာန ၌ အောင်မြေနင်းပြီး ဘုရားဧည့်သည် မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များ နှင့်အတူ ရွှေဘိုမြို့မှ ရဟတ်ယာဉ်များ ဖြင့် ပြန်လည်ထွက်ခွာကြရာ မုံရွာ မြို့သို့ ပြန်လည်ရောက်ရှိကြပြီး ထိုမှ တစ်ဆင့် အထူးလေယာဉ်ဖြင့် ထွက်ခွာ ကြရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။
သတင်းစဉ်