
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊
တိုင်းဒေသကြီးနှင့် ပြည်နယ် အုပ်ချုပ်ရေးမှူးများအား တွေ့ဆုံ
==============================================================
နေပြည်တော် ဩဂုတ် ၁၁
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အုပ်ချုပ်ရေးမှူးများအား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် ဦးမင်းသူ၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ဦးတင်မြင့်နှင့် ဦးလှမော်ဦး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
ညီညွတ်မှုကိုရယူ
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိမိတို့နိုင်ငံသည် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုပန်းတိုင်ကို ဦးတည် နေသည့်နိုင်ငံဖြစ်ပါကြောင်း၊ စစ်မှန်သော ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတစ်ခု ထူထောင်ရန်အတွက် အခြေခံ အားဖြင့် မတူကွဲပြားမှုများအပေါ်အခြေခံပြီး ညီညွတ်မှုကို ရယူနိုင်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ မတူကွဲပြားမှုများအပေါ် အခြေခံပြီး ညီညွတ်မှုကို မယူနိုင်ခဲ့သည့်အတွက် မိမိတို့နိုင်ငံ သည် လွတ်လပ်ရေးရပြီး အချိန်အခါကစပြီး ပြည်တွင်းစစ်မီး များ တောက်လောင်ခဲ့ပါကြောင်း။
ချိန်ခွင်လျှာ ညီမျှအောင်လုပ်ရမည်
မတူကွဲပြားမှုဟု ပြောခြင်းသည် လူမျိုးရေးအရ သာမက ဝိဝါဒအရ မတူကွဲပြားမှုများကို ပြောကြားလိုခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့သည် မတူကွဲပြားမှုအပေါ် အခြေခံပြီး ညီညွတ်မှုတည်ဆောက်ရန် မည်မျှအရေးကြီး သည်ကို အားလုံးက သဘောပေါက်မည်ဟု ထင်ပါကြောင်း၊ ထိုသို့ သဘောပေါက်ရန် မိမိတို့ကမ္ဘာကြီး၏ အခြေအနေ များကို လေ့လာရန် လိုအပ်ပါကြောင်း၊ အဓိကပြောချင် သည်မှာ တစ်ဦးနှင့်တစ်ဦး မတူကွဲပြားသည့် လက္ခဏာများ အပေါ်တွင် အခြေခံသည့် နိုင်ငံရေးစနစ်များ ပေါ်ပေါက်နိုင် ပါကြောင်း၊ အဆိုပါနှစ်ခုကို မိမိတို့အနေဖြင့် ချိန်ခွင်လျှာ ညီမျှအောင် လုပ်ရမည်ဖြစ်ကြောင်း၊ လူတိုင်းလူတိုင်းအနေ ဖြင့်
P ရှေ့ဖုံးမှ
မိမိ၏ တခြားလူများနှင့်မတူသော ဝိသေသ လက္ခဏာများကို ထိန်းသိမ်းထားလိုသည်မှာ သဘာဝကျပါကြောင်း။
ထိုသို့ ထိန်းသိမ်းခြင်းဖြင့် ကွဲပြားမှုဖြစ်နေ ခြင်းသည် မိမိအတွက် လုံခြုံမှုမရှိဘူးဟူသည့် အခြေခံအတွေးအခေါ်ကြောင့် ဖြစ်သည်ဟု မိမိအနေဖြင့် သုံးသပ်ပါကြောင်း၊ မိမိသည် တခြားသူများနှင့် မတူပါက၊ မိမိတွင် လုံခြုံမှုမရှိ ဘူးဟူသည့် စိတ်ထားဖြစ်လာပါက မိမိနှင့် မတူသည့်သူများကို ရန်ဘက်ဟု မြင်လာပါ ကြောင်း၊ မိမိ၏လုံခြုံရေးကို အန္တရာယ် ပြုမည့်သူများဟု မြင်လာပါကြောင်း၊ ထိုသို့ မမြင်နိုင်ရန် မိမိတို့သည် အားလုံးကို နိုင်ငံ တစ်နိုင်ငံ၏ အခြေခံဥပဒေများ၊ အခြေခံ တန်ဖိုး ထားမှုများကို လုံခြုံမှုပေးသည့်အဆင့်ရောက် အောင် ကြိုးစားရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ကြိုးစားရာတွင် နိုင်ငံတော်အစိုးရနှင့် အစိုးရ ဌာနအဆင့်ဆင့်ကလည်း ကြိုးစားရမည်ဖြစ်ပါ ကြောင်း၊ ထို့အတူ ပြည်သူများအနေဖြင့် တစ်ဦးချင်း၊ တစ်ဦးချင်း ကြိုးစားရမည်ဖြစ်ပါ ကြောင်း။
ဝိုင်းဝန်းစဉ်းစား
ယနေ့တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသများအနေဖြင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို ထူထောင်ရန်အတွက် မည်သို့ အထောက်အကူပြုနိုင်မည်ဆိုသည်ကို ဝိုင်းဝန်းစဉ်းစားပေးရန် ဖြစ်ပါကြောင်း၊ နေရာ တိုင်း နေရာတိုင်း၊ လူအုပ်စုတိုင်း လူအုပ်စုတိုင်း သည် မိမိ၏ ထူးခြားသည့် ဝိသေသလက္ခဏာ များကို ထိန်းသိမ်းချင်ကြပါကြောင်း၊ ထိုသို့ ထိန်းသိမ်းမှုသည် ပြည်ထောင်စုဆိုသည့် အားလုံးကို လွှမ်းခြုံထားသော လုံခြုံသည့် ထီးရိပ်အောက်တွင် ပိုပြီးဖြစ်နိုင်မည်ဆိုသည့် စိတ်ဓာတ်များ မွေးမြူလာအောင် မိမိတို့ ပြုစုပျိုးထောင်ကူညီပေးနိုင်ပါက ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုလမ်းစဉ်များအပေါ် မိမိတို့ ကောင်းကောင်းရောက်သွားပြီဟု ပြောနိုင်မည်ဖြစ်ပါကြောင်း။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသများ သည် ပြည်နယ်နှင့်လည်း မတူပါကြောင်း၊ ပြည်နယ်များအတွင်း တိုင်းရင်းသားလူမျိုး ပေါင်းစုံရှိပါကြောင်း၊ ၎င်းမှာ မိမိတို့နိုင်ငံ၏ စိန်ခေါ်မှုတစ်ခုဟု ပြော၍ရပါကြောင်း၊ အင်အား တစ်ခုဟုလည်း ပြော၍ရပါကြောင်း၊ မတူ ကွဲပြားမှုများကို အင်အားဖြစ်အောင် လုပ်၍ ရပါကြောင်း၊ ဥပမာ - အစုအဖွဲ့တစ်ခုတွင် ကိစ္စ တစ်ခုကို ဖြေရှင်းဆောင်ရွက်ရာ၌ ကျွမ်းကျင်မှု အမျိုးမျိုးရှိသည့်လူများနှင့် ပူးပေါင်းဖွဲ့စည်း ပြီး ဆောင်ရွက်ပါက ပြဿနာအမျိုးမျိုးကို ဖြေရှင်းနိုင်ပါကြောင်း။
ထို့ကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသည် မတူကွဲပြားမှုများကို အင်အားဖြစ် အောင် ဆောင်ရွက်မည်ဆိုသည့် သန္နိဋ္ဌာန်နှင့် အင်အားဖြစ်အောင် ဆောင်ရွက်ရမည့် နည်းလမ်းကို ရှာဖွေရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံလို အရွယ်အစားနှင့် တိုင်းရင်းသား လူမျိုးပေါင်းစုံသည့် နိုင်ငံမှာ ရှားပါကြောင်း၊ မိမိတို့အနေဖြင့် မတူကွဲပြားမှုများကို အင်အား ဖြစ်အောင် လုပ်ရမည်ဖြစ်ပါကြောင်း၊ အင်အား ဖြစ်အောင် သာမက ညီညွတ်ရေးအတွက် တွန်းအားတစ်ခုဖြစ်အောင် မိမိတို့ လုပ်ရမည် ဖြစ်ပါကြောင်း၊ တစ်ယောက်တွင် မရှိသည့်အား များကို နောက်တစ်ယောက်က ဖြည့်ဆည်းပေး မည်ဆိုသည့် ယုံကြည်မှုများပေါ်လာအောင် မိမိတို့က ကြိုးစားရမည်ဖြစ်ပါကြောင်း။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ ဦးစီး အဖွဲ့ ဥက္ကဋ္ဌများသည် မိမိတို့ဒေသ၏ အခြေ အနေများကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဒေသ၏ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများသည် မည်မျှ ကြီးမား၍ မည်မျှခက်ခဲသည်ကိုလည်း သဘော ပေါက်ကြမည်ဟု မိမိ ယူဆပါကြောင်း၊ ယခု ကဲ့သို့ အစည်းအဝေးခေါ်ယူခြင်းမှာ အဆိုပါ စိန်ခေါ်မှုများကို အတူရင်ဆိုင်ကျော်လွှား နိုင်ရန်ဖြစ်ကြောင်း၊ မိမိတို့၏ အန္တိမ ရည်ရွယ်ချက်မှာ ဒီမိုကရေစီဖက်ဒရယ်
ပြည်ထောင်စုကြီး ထူထောင်ရန်အတွက် ဖက်ဒရယ်ပြည်ထောင်စုကြီးကို ထူထောင်ရာ တွင် အတားအဆီး ပြဿနာဖြစ်နိုင်သော ကိစ္စများကို မိမိတို့ ဖြေရှင်းဖယ်ရှားရန်ဖြစ်ပါကြောင်း။
စိန်ခေါ်မှုကြီးနှစ်ခု
မိမိတို့အတွက် ယခုလောလောဆယ် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုကြီး နှစ်ခုမှာ ကျန်းမာရေးအရ ကိုဗစ်-၁၉ ရောဂါကိစ္စနှင့် နိုင်ငံရေးအရ မကြာမီကာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဖြစ်ပါကြောင်း၊ အဆိုပါကိစ္စနှစ်ခုစလုံးကို အောင်အောင်မြင်မြင် ရင်ဆိုင်ကျော်လွှားရန် ပြည်သူ ပြည်သားများအားလုံး ပါဝင်မှုသည် မိမိတို့အတွက် နံပါတ်တစ်ဖြစ်ပါကြောင်း၊ “ပြည်သူသာလျှင် အဓိက” ဟု မိမိတို့ ထပ်တလဲလဲ ပြောပါကြောင်း၊ အဆိုပါ ပြည်သူ များထဲတွင် ယခုအခန်းအတွင်းရှိ ထိုင်နေကြ သူများလည်း ပါဝင်ပါကြောင်း၊ မိမိတို့အားလုံး သည် ပြည်သူပြည်သားများသာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းသည် အဓိကကျသည်ကို မမေ့ စေချင်ပါကြောင်း၊ ယခုကဲ့သို့ ပြည်သူ ပြည်သား တစ်ယောက်အနေဖြင့် အဓိကကျသည့်နေရာ တွင် နိုင်ငံ့၏တာဝန်များကို ထမ်းဆောင်နေ သော ပုဂ္ဂိုလ်များအနေဖြင့် တာဝန်ရှိပါ ကြောင်း၊ ပိုပြီးကြီးလေးသည့် တာဝန်ရှိသည်ဟု မိမိက သဘောထားပါကြောင်း၊ ထို့ကြောင့် မိမိတို့ ယခုပစ္စုပ္ပန်တွင် ရင်ဆိုင်နေသည့် စိန်ခေါ်မှုကြီးနှစ်ခုကို ရင်ဆိုင်သောနေရာတွင် အောင်အောင်မြင်မြင် ထိထိရောက်ရောက် ရင်ဆိုင်ကျော်လွှားသွားရန် မိမိအနေဖြင့် တိုက်တွန်းလိုပါကြောင်း၊ ထိုသို့ ရင်ဆိုင် ကျော်လွှားသွားရန် လုပ်၍ရမည်ဟု မိမိက ယုံကြည်ပါကြောင်း။
အလုပ်တစ်ခု အောင်မြင်ရန် ပထမဦးဆုံး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရမည်ဖြစ် ကြောင်း၊ အလုပ်နှင့်ပြဿနာကို ဖြေရှင်း
ရင်ဆိုင်ကျော်လွှားနိုင်ရန် မိမိတွင် အရည် အချင်းရှိသည်ဟု ယုံကြည်ရမည်ဖြစ်ကြောင်း၊ မိမိ တစ်ယောက်တည်း၏ အရည်အချင်း မဟုတ်ဘဲ စုပေါင်းအရည်အချင်း ရှိသည်ကို လည်း ယုံကြည်ရန် လိုအပ်ပါကြောင်း၊ မိမိတို့ တွင် စုပေါင်းအင်အားရှိသည်၊ ဝန်းရံပေးမည့် အင်အားများရှိသည်ဟု ယုံကြည်မှုရှိပြီဆိုပါက မိမိတို့သည် အောင်မြင်မှုလမ်းပွင့်သွားပြီဟု ယူဆ၍ရပါကြောင်း။
အားလုံးကဝိုင်းပြီး ကြိုးပမ်းနေ
ကိုဗစ်- ၁၉ နှင့်ပတ်သက်၍ မိမိပြောလိုပါ ကြောင်း၊ မိမိတို့ တစ်နိုင်ငံလုံးတွင် နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် ယခုကိစ္စနှင့်ပတ်သက်၍ အပင်ပန်းခံပြီး ပါဝင်ဆောင်ရွက်ရပါကြောင်း၊ ထိုဆောင်ရွက်မှုများသည် အဆိုပါကပ်ရောဂါ ကြီးကို တိုင်းပြည်တစ်တိုင်းပြည်အနေဖြင့် သာမက ကမ္ဘာ့အဆင့်မီ ရင်ဆိုင်နိုင်ပြီဟု ဂုဏ်ယူနိုင်ပါကြောင်း၊ ပါဝင်ဆောင်ရွက်ပေး သည့်သူများကို ကျေးဇူးတင်ပါကြောင်း၊ သို့သော် ကိုဗစ် - ၁၉ ကိစ္စက မပြီးသေးပါ ကြောင်း၊ ယင်းပြဿနာ ဖြေရှင်းရန်မှာ မိမိတို့ နိုင်ငံတစ်နိုင်ငံတည်း မဟုတ်ပါကြောင်း၊ အဓိက ဆေးဝါးသုတေသနနှင့် ပတ်သက်သည့် ကိစ္စဖြစ်ပါကြောင်း၊ ကာကွယ်ဆေးမပေါ်မချင်း ၎င်းပြဿနာကို မိမိတို့ ကျော်လွှား၍ရပြီဟု မသတ်မှတ်နိုင်ပါကြောင်း၊ ကာကွယ်ဆေးကို ထုတ်နိုင်သည့် နိုင်ငံမှာ မိမိတို့နိုင်ငံမဟုတ်ခြင်း သည် အားငယ်စရာမဟုတ်ပါကြောင်း၊
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်နိုင်ရန် အားလုံးကဝိုင်းပြီး ကြိုးပမ်းနေကြပါကြောင်း၊ လူတိုင်းလူတိုင်း ကြိုးပမ်းနေခြင်းသည် မိမိတို့ နိုင်ငံတစ်နိုင်ငံအတွက်သာမက တစ်ကမ္ဘာလုံး အတွက် ကြိုးပမ်းနေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေး မပေါ်ခင်ကာလ အတွင်း မိမိတို့အနေဖြင့် စည်းမျဉ်းစည်းကမ်း များကို ထိန်းသိမ်းထားရန် လိုအပ်ပါကြောင်း။
မိမိတို့ ပြည်သူများ မပေါ့ဆအောင် သက်ဆိုင်ရာဌာနများနှင့် အစိုးရဝန်ထမ်းများက ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကြီး အောင်မြင်ရန် အခြေခံအားဖြင့် တရား မျှတမှုနှင့် လွတ်လပ်မှုရှိရမည်ဖြစ်ကြောင်း၊ လွတ်လပ်မှုရှိရန်မှာ ပထမဦးဆုံး မဲပေးပိုင်ခွင့် ရှိသော ပြည်သူ ပြည်သားအားလုံး မဲပေးပိုင်ခွင့် ရရှိအောင် လုပ်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးခြင်းသည် တရားမျှတမှုရှိရမည် ဖြစ်ကြောင်း။
ပထမတာဝန်
မဲပေးပိုင်ခွင့်သည် နိုင်ငံသူ နိုင်ငံသား တစ်ယောက်အတွက် အကြီးမားဆုံး အခွင့် အရေးတစ်ခုဖြစ်ပြီး အလွန်တန်ဖိုးရှိသည့် အခွင့်အရေးတစ်ခုဖြစ်သည့်အပြင် အရေးကြီး သည့် တာဝန်တစ်ခုလည်း ဖြစ်ပါကြောင်း၊ ထိုတာဝန်ကို ထမ်းဆောင်နိုင်ရန်နှင့် ယခုအခွင့် အရေးကို ရယူနိုင်ရန်အတွက် ကူညီပေးရမည် မှာ နိုင်ငံတော်၏ တာဝန်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းအားလုံးသည် မဲပေး ပိုင်ခွင့်ရှိသော နိုင်ငံသူ နိုင်ငံသား တစ်ဦး တစ်ယောက်မကျန် မဲပေးပိုင်ခွင့်ရအောင် ဆောင်ရွက်ပေးရမည်မှာ ပထမတာဝန် ဖြစ်ပါ ကြောင်း၊ ယခုကာလတွင် လက်ရှိရင်ဆိုင်နေရ သည့် အကြီးဆုံးစိန်ခေါ်မှုမှာလည်း အဆိုပါ ကိစ္စဖြစ်ပါကြောင်း၊ အားလုံးတွင် မဲပေးပိုင်ခွင့် ရရှိပြီး လုံလုံခြုံခြုံ လွတ်လွတ်လပ်လပ်နှင့် မဲပေးနိုင်ရန်အတွက် အခြေအနေများကို ဖန်တီးပေးရမည်ဖြစ်ကြောင်း။
လုံလုံခြုံခြုံဟု ပြောရခြင်းမှာ ကျန်းမာရေး ကို အဓိကထားပြီး ပြောခြင်းဖြစ်ပါကြောင်း၊ ၎င်းမှာ နိုင်ငံတော်၏ တာဝန်ဖြစ်၍ နိုင်ငံ့ ဝန်ထမ်းများ၏ တာဝန်လည်း ဖြစ်ပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအနေဖြင့် ၎င်းတို့တာဝန်အရ ဆောင်ရွက်နေကြပါ ကြောင်း၊ ယခုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသများအနေဖြင့် တာဝန်အရ လုပ်ဆောင် ကြရမည်ဖြစ်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသများအနေဖြင့် အမှန်တကယ် ထိထိရောက်ရောက် လုပ်ဆောင်နိုင်သည်ကို ပြသရန်လိုအပ်ကြောင်း၊ ယင်းမှာ ဒီမိုကရေစီ ပြည်ထောင်စု၏ အခြေခံအုတ်မြစ်ချနိုင်ပြီဟု ပြသသည့် သဘောဖြစ်ပါကြောင်း၊ နိုင်ငံသူ နိုင်ငံသားများအနေဖြင့် မိမိတို့၏ ရပိုင်ခွင့်များ ကို ရရှိခြင်း၊ မိမိတို့၏တာဝန်ကို ကျေပွန်ခြင်း သည် နိုင်ငံတစ်နိုင်ငံ၏ အကောင်းဆုံးပုံရိပ်ကို ဖော်ညွှန်းခြင်း ဖြစ်ပါကြောင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသကြီးများ၏ တာဝန်ရှိ သူများအနေဖြင့် ယခုအခွင့်အရေးကို ပြည်သူ များ ရရှိအောင်နှင့် ပြည်သူများ တာဝန်ကျေ နိုင်အောင် ကြိုးစားပေးကြရန် မိမိအနေဖြင့် ပြောကြားလိုပါကြောင်း၊ မိမိတို့နိုင်ငံသည် စုပေါင်းအင်အားနှင့် ဆောင်ရွက်သည့် နိုင်ငံ တစ်နိုင်ငံဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ အစိုးရ၏ မူဝါဒများထဲတွင် အမျိုးသား ရင်ကြားစေ့ရေးကို အမြဲတမ်းထည့်သွင်း ပြောကြားပါကြောင်း၊ အမျိုးသားရင်ကြားစေ့ ရေးဆိုသည်မှာ မတူကွဲပြားသော အမြင်များ၊ အယူအဆများနှင့် တန်ဖိုးများကို သဟဇာတ ဖြစ်အောင် ဝိုင်းဝန်းပြီး ဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း။
ယုံကြည်မှုတည်ဆောက်
မိမိတို့အနေဖြင့် ညီညွတ်မှုကို တည်ဆောက်ရာတွင် မည်မျှခက်ခဲမည်ကို ယခုကိစ္စမှတစ်ဆင့် နားလည်နိုင်မည်ဖြစ်ပါ ကြောင်း၊ တစ်ယောက်ကို တစ်ယောက် နားလည်မှု၊ အမြင်ကျယ်မှုနှင့် အပြန်အလှန် လေးစားမှုရှိမှသာ၊ အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်မှသာလျှင် တကယ့်စစ်မှန် သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ အပြန်အလှန်လေးစားမှုနှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရန်မှာ လက်တွေ့ မလွယ်ကူပါကြောင်း၊ လူတစ်ယောက်ကို ယုံကြည်ရန်ဆိုသည်မှာ မလွယ်ကူပါကြောင်း၊ မိမိ ယုံကြည်နိုင်သည့်သူများ ရှိသကဲ့သို့ မိမိကလည်း အခြားသူများအတွက် ယုံကြည် သင့်သည့်သူတစ်ယောက်ဖြစ်အောင် လုပ်ရန် အရေးကြီးပါကြောင်း။
ပြည်သူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေး နှင့်ပတ်သက်နေသည့် နိုင်ငံ့ဝန်ထမ်းများသည် အရေးကြီးပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများကို နိုင်ငံသူနိုင်ငံသားများက ယုံကြည်လေးစားရန် အရေးကြီးပါကြောင်း၊ မိမိအနေဖြင့် ပြောကြား လိုသည်မှာ တာဝန်ရှိသူများအနေဖြင့် ပြည်သူ့ အသံကို နားထောင်ကြရန် လိုအပ်ကြောင်း၊ မိမိဒေသရှိ ပြည်သူများ၏ အသံကို နားထောင် ခြင်းဖြင့် တစ်ယောက်ကို တစ်ယောက် ပိုပြီး နားလည်သွားမည်ဖြစ်ပါကြောင်း၊ နားလည်မှု အပေါ် အခြေခံပြီး ယုံကြည်မှုတည်ဆောက်၍ ရပါကြောင်း။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသများ အနေဖြင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လိုအပ်ချက်များရှိနိုင်ပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် တစ်နိုင်ငံလုံးကို တတ်နိုင် သမျှ ညီညီမျှမျှ ကူညီဆောင်ရွက်ပေးနေပါ ကြောင်း၊ သူ့နေရာ၊ သူ့ဒေသနှင့် သင့်တော် သည့် ပုံစံဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ သက်ဆိုင် ရာ ဒေသတာဝန်ရှိသူများအနေဖြင့် မိမိ
ဒေသ၏ ပြဿနာများကို သိရှိကြသည့်အတွက် တင်ပြချက်များကို နိုင်ငံတော်အစိုးရ အနေဖြင့် မည်သို့ ပံ့ပိုးဆောင်ရွက်ပေးမည်
ကို ဆုံးဖြတ်ပေးမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် မူတည်၍ မိမိတို့ အနေဖြင့်
v စာမျက်နှာ ၃ မှ
ချက်ချင်းဆောင်ရွက်ပေးရမည့် ကိစ္စများကို ချက်ချင်းဆောင်ရွက်ပေးမည့်အပြင် အချိန်ယူ ဖြည့်ဆည်းပေးရမည့် ကိစ္စများကိုလည်း ဆက်လက် ဖြည့်ဆည်းပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် “နာဂ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်းက နာဂ ဒေသ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေ ရန်အတွက် လမ်း၊ တံတားများ တည်ဆောက် ပေးရေး၊ ဆက်သွယ်ရေးကောင်မွန်စေရန် အတွက် ဆောင်ရွက်ပေးရေးတို့နှင့်စပ်လျဉ်း၍ လည်းကောင်း၊ “ဓနု” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက ဝန်ကြီးဌာနများမှ ဝန်ထမ်းများကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများသို့ ရွှေ့ပြောင်းတာဝန် ချထားရာတွင် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းနှင့် ဒေသဦးစီးအဖွဲ့များနှင့် ညှိနှိုင်း ဆောင်ရွက်သွားရေး၊ ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲရာတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသများ၏ အခန်းကဏ္ဍများ ထည့်သွင်းပေး ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသ အဆင့် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော် ရေးကော်မတီများ ဖွဲ့စည်းရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခမ်းအနားများ ပါဝင် တက်ရောက်ခွင့်ရရှိရေးတို့နှင့် စပ်လျဉ်း၍ လည်းကောင်း။
ဆွေးနွေးတင်ပြ
“ပအိုဝ်း” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်က မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနှင့် မူးယစ်ဆေးဝါးပြဿနာများ လျော့နည်းပပျောက်ရန် Pilot Project များ ချမှတ်၍ ကူညီဆောင်ရွက်ပေးရေး၊ လူငယ် စီးပွားရေးလုပ်ငန်းရှင်များအတွက် သက်သာ သော ချေးငွေများထုတ်ချေးပေးရေးနှင့် ဒေသခံ တိုင်းရင်းသားများအတွက် သင်တန်းကျောင်း များ ဖွင့်လှစ်ပေးနိုင်ရေး၊ တရားရုံးတည်ဆောက် ရန် မြေနေရာကိစ္စတို့နှင့်စပ်လျဉ်း၍ လည်းကောင်း၊ “ပလောင်” ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းကျော်(ခ)ဦးအိုက်မိန်းက ဌာနဆိုင်ရာရုံးများ အဆင့် တိုးမြှင့်ဖွဲ့စည်းပေးရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် စုပေါင်းရုံးတည်ဆောက်ရေး အတွက် ဘတ်ဂျက်ထည့်သွင်းလျာထားပေး ရေး၊ တရားမဝင် လက်ဖက်များ ပြည်တွင်းသို့ ဝင်ရောက်နေမှုကို ထိရောက်စွာ အရေးယူ ဆောင်ရွက်ရေးကိစ္စများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ “ကိုးကန့်” ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကျောက်တယ်ချန် က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အခြေအနေ၊ ဖွဲ့စည်းပုံနှင့်လူဦးရေ၊ ဆေးရုံ အဆင့်မြှင့်တင်ပေးရေး၊ ကိုးကန့်တိုင်းရင်းသား များအတွက် မှတ်ပုံတင်ပြုလုပ်ပေးရေးကိစ္စ နှင့် ချင်းရွှေဟော်စီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက် ရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ အလုပ် အမှုဆောင် ဦးရန်ကျော်က ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စများ နှင့်စပ်လျဉ်း၍ ကြည့်ရှုပေးမည်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရန်ဆိုလျှင် တရားဥပဒေစိုးမိုး ရန် လိုအပ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေး အတွက် ငွေအား၊ လူအားနှင့် ပစ္စည်းအားများ လိုအပ်ပါကြောင်း၊ နိုင်ငံသားဖြစ်ရေးကိစ္စမှာ နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် ဥပဒေနှင့် ညီညွတ်ရန် အရေးကြီးပါကြောင်း၊ လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု မရှိစေရန် စာသင် ကျောင်းများက အသိပညာပေးရမည် ဖြစ်ပါ ကြောင်း၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် ငြိမ်းချမ်းရေး သည် အရေးကြီးပါကြောင်း၊ ငြိမ်းချမ်းရေး အတွက်လည်း နိုင်ငံဖွံ့ဖြိုးရေးသည် အရေးကြီး ပါကြောင်း၊ ချင်းရွှေဟော်စီးပွားရေးဇုန် ဖွံ့ဖြိုး ရေးနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ဆောင်ရာ တွင် နှစ်နိုင်ငံ ညီမျှရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နှစ်ဖက်ညီမျှရန် နည်းလမ်းရှာဖွေသွားမည် ဖြစ်ပါကြောင်း၊ မတူကွဲပြားမှုကို စုစည်းပြီး အင်အားအဖြစ် တည်ဆောက်သွားနိုင်ရန် အရေးကြီးပါ ကြောင်း၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကိုလည်း အလေးထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားပြီး တင်ပြချက်များ နှင့်စပ်လျဉ်း၍ ဆောင်ရွက်ပေးနိုင်မည့် အခြေ အနေများကို အကျယ်တဝင့် ပြန်လည်ရှင်းလင်း ပြောကြားသည်။
ကြီးမြတ်သည့် တာဝန်တစ်ခု
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က နိဂုံးချုပ်စကားပြောကြားရာတွင် မိမိတို့အားလုံးသည် မတူညီသည့် နိုင်ငံရေး ပါတီများနှင့် ဒေသများမှ လာကြသော်လည်း နိုင်ငံတော်အပေါ်တွင် တူညီသည့် စေတနာ ထားသည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ မိမိတို့အားလုံးသည် နိုင်ငံတော်၏ဝန်ထမ်းများ ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ဝန်များထမ်းပေး ခြင်းသည် ပြည်သူလူထုအတွက် ထမ်းပေးခြင်း ဖြစ်ပါကြောင်း၊ အင်မတန်ကြီးမြတ်သည့် တာဝန်တစ်ခုလည်း ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် အတတ်နိုင်ဆုံး အရည်အချင်း ရှိသရွေ့ မှန်မှန်ကန်ကန် ထမ်းဆောင်ရမည့် တာဝန်တစ်ခုလည်း ဖြစ်ပါကြောင်း၊ အစိုးရ အဖွဲ့ဝင်ဆိုသည်မှာ နိုင်ငံတော်ဝန်ထမ်းပင် ဖြစ်ပါကြောင်း။
သို့သော် ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထားသည့်အတွက် တာဝန်တစ်ခု မှာ မိမိကိုရွေးချယ်တင်မြှောက်ထားသည့် ပြည်သူများ၏ ယုံကြည်မှုကို မချိုးဖောက်ရန် တာဝန်ဖြစ်ပါကြောင်း၊ ရွေးချယ်တင်မြှောက် ထားသည့် ပြည်သူများ လိုချင်သည့်အရာ ကို စဉ်းစားကြည့်သည့်အခါ နောက်ဆုံးတွင် အားလုံးသည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို လိုချင်ကြပါကြောင်း၊ ယင်းနှင့်ပတ်သက်၍ မိမိအနေဖြင့် မည်သို့မျှငြင်းစရာအကြောင်း မရှိဟု ထင်မြင်ပါကြောင်း၊ ငြိမ်းချမ်းရေးရှိရန်နှင့် ဖွံ့ဖြိုးရေးရရှိစေရန် ဆောင်ရွက်ရာတွင် မတူကွဲပြားမှုများ ရှိမည်ဖြစ်ပါကြောင်း၊ ယင်းတို့ကိုညှိနှိုင်းရမည်ဖြစ်ပါကြောင်း။
အနာဂတ်အတွက်လည်း အရေးကြီး
ငြိမ်းချမ်းရေးရရှိရေးကို ဦးနှောက်နှင့် နှလုံးသားအင်အားအခြေခံ၍ ဆောင်ရွက်စေ လိုပါကြောင်း၊ လက်နက်ကို အားကိုး၍ ငြိမ်းချမ်းရေးရရှိစေရန် မဆောင်ရွက်စေလိုပါ ကြောင်း၊ ဖွံ့ဖြိုးရေးရရှိစေရန် တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတရေးအပေါ်တွင် အခြေခံ၍ ဆောင်ရွက်လိုပါကြောင်း၊ မိမိတို့ နိုင်ငံတွင် တရားဥပဒေစိုးမိုးရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ အကြမ်းမဖက်ရေးဆိုသည် တို့မှာ များစွာအရေးကြီးပါကြောင်း၊ မိမိတို့ နိုင်ငံ၏ အနာဂတ်အတွက်လည်း အရေးကြီး ပါကြောင်း၊ ယင်းမှာ မိမိတို့ ဦးတည်နေသည့် စစ်မှန် သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန်အတွက် အရေးကြီးခြင်းလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့တင်ပြသွား သည့် ကိစ္စများသည် တစ်နည်းတစ်လမ်းဖြင့် မိမိတို့လိုလားသည့် စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကို အထောက်အကူပြုမည်ဟု ယုံကြည်ပါ ကြောင်း။
ပြဿနာရှိသည်ကို သိရှိမှသာ ဖြေရှင်းပေး နိုင်မည်ဖြစ်ပါကြောင်း၊ ပြဿနာများ ရှိမှန်း မသိပါက ဖြေရှင်းပေး၍ မရပါကြောင်း၊ ဖြေရှင်း ပေး၍ မရသည့်အတွက် မကျေနပ်မှုများ ဖြစ်ကြပါကြောင်း၊ နိုင်ငံတော်အစိုးရသည် တင်ပြမှသာ သိရှိရပြီး လိုက်လံစုံစမ်းလေ့လာ မေးမြန်းရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် တင်ပြလာခြင်းများနှင့် မေးမြန်းလာခြင်းများကို ကြိုဆိုပါကြောင်း၊ အမေးရှိမှ အဖြေရှာတွေ့နိုင် မည်ဖြစ်ပါကြောင်း၊ စုစည်းမှုအင်အားဖြင့် မိမိတို့နိုင်ငံကို ညီညီညွတ်ညွတ်ဖွံ့ဖြိုးတိုးတက် ၍ ခိုင်မာသည့် နိုင်ငံတစ်ခုဖြစ်စေရန် ထူထောင် သွားနိုင်မည်ကိုလည်း ယုံကြည်ပါကြောင်း၊ အားလုံးသည်လည်း ယင်းယုံကြည်ချက်ကို မျှဝေပေးကြမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့် ဆွေနှင့် ဦးမင်းသူ၊ ဒုတိယဝန်ကြီး ဦးခင်မောင် တင်၊ ဦးတင်မြင့်နှင့် ဦးလှမော်ဦး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်တို့နှင့် လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး များနှင့်လည်းကောင်း မှတ်တမ်းဓာတ်ပုံ ရိုက်ကြသည်။
သတင်းစဉ်