နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဂျပန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနဝန်ကြီး မစ္စတာ မိုတဲဂိ တိုရှိမိစုနှင့် တွေ့ဆုံဆွေးနွေး


 

နေပြည်တော် ဩဂုတ် ၂၄


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် မြန်မာနိုင်ငံသို့ တရားဝင်ခရီးရောက်ရှိ နေသည့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ မိုတဲဂိ တိုရှိမိစု နှင့် ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။
နှစ်နိုင်ငံတွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချိယို မာရုယာမနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ အကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု
တိုးမြှင့်ရေးကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ တားဆီးရေးနှင့် ကုသရေးလုပ်ငန်းများအတွက် ဂျပန် နိုင်ငံမှ မြန်မာနိုင်ငံသို့ ဆက်လက်ကူညီ ပံ့ပိုးသွားမည့် အခြေအနေ၊ ကိုဗစ်-၁၉ ကာလအတွင်း နှစ်နိုင်ငံနိုင်ငံသား များအတွက် ကယ်ဆယ်ရေးလေယာဉ်များ ဆက်လက် ပျံသန်းပြေးဆွဲပေးရေးနှင့် အပြန်အလှန်သွားလာမှုများ တစ်ဆင့်ချင်း ပြန်လည်ဖွင့်လှစ်သွားရေး၊ မြန်မာနိုင်ငံ၌ နိုဝင်ဘာလအတွင်းကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အတွက် ဂျပန်နိုင်ငံမှအကူအညီပေးအပ်ရေးနှင့် လေ့လာသူ အဖွဲ့ စေလွှတ်သွားရေးကိစ္စ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ ဂျပန်အစိုးရ မှ ကူညီပံ့ပိုးမှုများ ဆက်လက်ပေးအပ်သွားမည့်ကိစ္စ၊ ကိုဗစ်-၁၉ အလွန်ကာလ မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည် ဦးမော့လာစေရန် နှစ်ဖက်ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးချဲ့သွားရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း ၍ ဆွေးနွေးခဲ့ကြသည်။
ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေး ကြရာတွင် ဂျပန်နိုင်ငံအနေဖြင့် သိမ်မွေ့နက်နဲသည့် အခြေအနေကို နားလည်ကြောင်းနှင့် ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းများအကြား သဟဇာတဖြစ်ရေးနှင့် တည်ငြိမ်ရေးအပါအဝင် မြန်မာအစိုးရကိုယ်တိုင် စီမံ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ဆက်လက် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ ခြားရေးဝန်ကြီးက ဆွေးနွေးခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့၏ စိန်ခေါ် မှုများကို ဖြေရှင်းနိုင်ရေးအတွက် မြန်မာအစိုးရ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရန် ကူညီပံ့ပိုးပေးခြင်းသည် တန်ဖိုးအရှိဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ် ၌ လုံခြုံရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် စွမ်းဆောင် ရည်မြှင့်တင်ရန် ဂျပန်နိုင်ငံ၏ ကူညီပံ့ပိုးမှုများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဒေသတွင်း နှင့် နိုင်ငံတကာအရေးကိစ္စရပ်များအပေါ် နှစ်ဖက်ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။
ဆက်လက်၍ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်နိုင် မည့် အခြေအနေအပေါ်မူတည်၍ နှစ်နိုင်ငံအကြား ကာလ ရှည် နေထိုင်ခွင့်ရရှိထားသူများအား အပြန်အလှန် ဝင်ရောက်နိုင်ရေးနှင့်ပတ်သက်၍ တစ်ဆင့်ချင်းဖြေလျှော့ သွားရေး ကိစ္စရပ်များကို စက်တင်ဘာလလယ်တွင် ဆက်လက်ဆွေးနွေးရန် နှစ်ဖက်သဘောတူခဲ့ကြသည်။
ထို့ပြင် ဂျပန်နိုင်ငံသို့ ကာလတို လာရောက်လိုသည့် အတတ်ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ အတွက် ဂျပန်နိုင်ငံသို့ ဝင်ရောက်ခွင့်ကို ဖြေလျှော့ပေး မည့် business track အစီအစဉ်နှင့် ဂျပန်အစိုးရမှပေးအပ် သည့် ပညာသင်ဆုရရှိထားသည့် မြန်မာပညာတော်သင် များကို ဂျပန်နိုင်ငံသို့ မကြာမီ ဝင်ရောက်ခွင့်ပြုရေးကိစ္စ တို့ကိုလည်း ဆက်လက်ညှိနှိုင်းသွားရန်လည်း ဆွေးနွေး ခဲ့ကြသည်။
သတင်းစဉ်