
ရန်ကုန် ဩဂုတ် ၇
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၇)လမ်းမကြီးနှင့် အမှတ်(၂)လမ်းဆုံအနီး စံပြစိုက်ပျိုးရေးအထူးဇုန်ရှိ အိမ်ရာ စီမံကိန်းဝင်းအတွင်း ကျင်းပသည့် ပြည်သူ့အငှားအိမ်ရာ စီမံကိန်း ပန္နက်တင်မင်္ဂလာသို့ တက်ရောက်၍ သတ်မှတ် နေရာ၌ ရတနာပန္နက်တော်တင်ပေးပြီး အမွှေးနံ့သာရည် ပက်ဖျန်းပေးသည်။
ပန္နက်တင်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမင်းသူ၊ ဦးသန့်စင်မောင်နှင့် ဦးဟန်ဇော်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာ နိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းနှင့် မြို့ပြနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းရှင် များအသင်းတို့မှ ဥက္ကဋ္ဌများနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
ပြည်သူ့အငှားအိမ်ရာစီမံ
အခမ်းအနားတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ် မြို့ပြနေ လူဦးရေ ၁၅ သန်း အနက် တစ်လဝင်ငွေ ကျပ်သုံးသိန်း အောက်ဖြစ်သည့် ဝင်ငွေနည်းပြည်သူ များမှာ အလုပ်အကိုင်ဆုံးရှုံးခြင်း၊ ဝင်ငွေကျဆင်းခြင်းတို့ကြောင့် အိမ်ငှား နေထိုင်ရန်ပင် မတတ်နိုင်သည့်အတွက် အိမ်ရာမဲ့များ တိုးပွားလာနိုင်ပါ ကြောင်း၊ ပြည်သူများ၏ လူမှုစီးပွား ဘဝကို ကာကွယ်နိုင်ရန်နှင့် ဆောက်လုပ်ရေးကဏ္ဍမှ တစ်ဆင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးတို့အတွက် လူဦးရေ များသော မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် ပြည်သူ့အငှားအိမ်ရာ ၁၀၀၀၀ ယူနစ် ဆောက်လုပ်ဖြည့်ဆည်းပေးရန် စီမံ ခဲ့ခြင်းဖြစ်ကြောင်း။
အလုပ်အကိုင် အခွင့်အလမ်း ပေါများသည့် မြို့ကြီးများတွင် အိမ်ရာလိုအပ်ချက် မြင့်မားလေ့ရှိပြီး ဝင်ငွေနည်း ပြည်သူများအတွက် လုံခြုံစိတ်ချရသည့်၊ သွားလာရေး လွယ်ကူပြီး ငှားရမ်းခသက်သာသည့် အိမ်ရာများတွင် နေထိုင်ခွင့်ဖန်တီး ပေးနိုင်မည်ဆိုပါက အိမ်ခြေရာမဲ့ တိုးပွားလာမှုများကို စည်းကမ်းတကျ ထိန်းကျောင်း ဖြေရှင်းပေးနိုင်မည်ဟု လည်း ယုံကြည်ပါကြောင်း။
ဖြည့်ဆည်းပေးမည်
ပြည်သူ့အငှားအိမ်ရာများ အကောင် အထည်ဖော် တည်ဆောက်ရာတွင် ရေ၊ မီး၊ လမ်း၊ အခြေခံအဆောက်အအုံ များ ပြည့်စုံစေရန်အပြင် အိမ်ရာနေသူ များ၏ လူမှုရေးလိုအပ်ချက် ဖြစ်သည့် ဈေး၊ ကျောင်း၊ ဆေးခန်း၊ အားကစား ကွင်းနှင့် ပန်းခြံ စသည်များကိုလည်း ဖြည့်ဆည်းပေးမည် ဖြစ်ပါကြောင်း၊ အငှားအိမ်ရာဈေးကွက်တွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်နိုင်သည့် အစီအမံများကို ဖော်ထုတ်ဆောင်ရွက် ပေးရန်လည်း စီစဉ်ဆောင်ရွက်သွား မည် ဖြစ်ပါကြောင်း။
ဤစီမံကိန်းကို Private Finance Initiative စနစ်ဖြင့် ပုဂ္ဂလိကကုမ္ပဏီ အသင်းအဖွဲ့များမှ ဦးစွာပထမ ငွေကြေး အရင်းအနှီးစိုက်ထုတ်၍ တည်ဆောက် ပြီး နိုင်ငံတော်အစိုးရအနေဖြင့် ပိုလျှံ လာမည့် ဘတ်ဂျက်ထဲမှ ပြန်လည် ပေးချေမည့်စနစ်ဖြင့် အကောင်အထည် ဖော်သွားမည်ဖြစ်ပါကြောင်း ပြောကြား သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က “ကျွန်မတို့ ဒီအိမ်ရာစီမံကိန်း တွေ စတင်ဆောင်ရွက်နိုင်တာကို အင်မတန်မှ ကျေနပ်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ကျွန်မတို့ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက်ပါ။ ပြောရရင် ပထမဦးဆုံး စားရေးကတော့ အရေး အကြီးဆုံးပေါ့။ လူတိုင်း လူတိုင်းဟာ နေ့တိုင်းနေ့တိုင်း ဝဝလင်လင် စားချင် ကြတယ်။ နောက်ပြီးတော့ ဝတ်ရေး ဆိုတာကတော့ ကိုယ့်ရဲ့သိက္ခာနဲ့ ကိုက်ညီအောင်လို့ ဝတ်နေကြတယ်။ နောက် နေရေးကတော့ အဲဒီတစ်ခုလုံး နဲ့အတူတူ အရေးကြီးတာ ဖြစ်ပါတယ်။ ကိုယ်နေနိုင်တဲ့ အိမ်တစ်ခုမှာ နေကြရ တာပါ။ အားလုံးဟာ ကိုယ်လုံခြုံတဲ့ နေရာ၊ အေးအေးဆေးဆေး ကိုယ့် မိသားစုနေနိုင်တဲ့နေရာကို လိုချင်ကြ တာပဲ ဖြစ်ပါတယ်။
အင်မတန်အရေးပါ
အဲဒီတော့ ကျွန်မတို့နိုင်ငံလို ဖွံ့ဖြိုးမှု စတင်နေတဲ့နိုင်ငံဆိုရင် ပြည်သူ ပြည်သား အားလုံး ဟာ စားဝတ်နေရေး ပြည့်စုံတယ်လို့ ကျွန်မတို့ ပြောလို့ မရသေးပါဘူး။ ဒါကြောင့် အဘက်ဘက် ကနေပြီးတော့ စားဝတ်နေရေးပြည့်စုံမှု အတွက် ကျွန်မတို့ ကြိုးစားရတာ ဖြစ်ပါတယ်။ အခုအချိန်မှာဆိုရင် ဒီလိုအိမ်ရာစီမံကိန်းတွေ ဘာဖြစ်လို့ အရေးကြီးလဲဆိုတော့ အခြေခံစားဝတ် နေရေးအတွက်တင်မက ကျွန်မတို့ နိုင်ငံ ရင်ဆိုင်နေရတဲ့ ကိုဗစ်ကြောင့် ဖြစ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့ နေရာမှာလည်း အင်မတန်မှ အရေးပါ ပါတယ်။
စောစောစီးစီးကတည်းက ကိုဗစ် ရောဂါကို ကာကွယ်ထိန်းချုပ်ဖို့ စီမံတဲ့ အခါမှာ စီးပွားရေးအကျိုးဆက်တွေ ဘယ်လိုရှိနိုင်မလဲဆိုတာကို ကျွန်မတို့ စဉ်းစားရပါတယ်။ စီးပွားရေး အကျိုး ဆက်တွေကို ကျွန်မတို့ အကောင်းဆုံး ဘက်ကိုရောက်အောင်လို့ ဘယ်လို လုပ်ရမလဲဆိုတာကို စဉ်းစားတဲ့အခါ မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို အားပေးဖို့လိုတယ်ဆိုတာကို ကျွန်မတို့ တွေ့မြင်လာရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဆောက်လုပ်ရေးလုပ်ငန်းမှာ ဆိုရင် ကျန်းမာရေးရဲ့ လိုအပ်ချက်တွေ၊ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ် ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ ကိုက်ညီစွာ အလုပ်လုပ်နိုင်တယ် ဆိုတာ ကျွန်မတို့ တွေ့ရပါတယ်။
ဖွံ့ဖြိုးတိုးတက်မှုကိုဦးတည်
ဆောက်လုပ်ရေးမှာဆိုရင် ပြည်သူ တွေ အလုပ်ရရုံတင်မက ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် လုံခြုံစွာနဲ့ အလုပ်ရနိုင်မယ့် အခွင့်အရေးတွေ ရှိတာကြောင့်မို့ ကျွန်မတို့ ဆောက်လုပ် ရေးတွေကို အားပေးတာ ဖြစ်ပါတယ်။ လုပ်ငန်းတွေ ပြန်စတင်ပြီး လုပ်ပိုင်ခွင့် ပေးတဲ့ လုပ်ငန်းတွေထဲမှာ ဆောက်လုပ် ရေးလုပ်ငန်းဟာ အစောဆုံးဆိုတာကို ကျွန်မတို့ အခုပရိသတ်သိပြီးသား ဖြစ်မှာပါ။ အခုတော့ စီမံကိန်းတွေမှာ ဆိုရင် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု ကို လုပ်လိုက်ပြီဆိုရင် ပြည်သူတွေရဲ့ အလုပ်အကိုင်ရရှိရေးဟာ အင်မတန်မှ ကျယ်ပြန့်ပါတယ်။ ပထမဦးဆုံး စကတည်းက၊ မြေနေရာတစ်ခု ရှင်းလိုက်ပြီဆိုကတည်းက ကျွန်မတို့ ပြည်သူတွေ အလုပ်ရပါတယ်။ ရှင်းလင်းတဲ့ဘက်မှာပါတဲ့ ပြည်သူတွေ၊ စပြီးတော့ ဆောက်တယ်ဆိုရင်တော့ မပြောနဲ့ပေါ့နော်၊ ဆောက်လုပ်ရေးမှာ ပါတဲ့ အဆင့်ဆင့် ကျွမ်းကျင် အလုပ် သမားတွေလည်းပါတယ်။ သိပ်မကျွမ်း ကျင်တဲ့ အလုပ်သမားတွေလည်း ပါတယ်။ အဆင့်ဆင့်မှာ အလုပ်ရနိုင်တဲ့ အခွင့်အရေးတွေက ရှိလာပါတယ်။ နောက်ရေရှည်အတွက်လည်း ကျွန်မ တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည် တာလို့ ကျွန်မတို့ ပြောလို့ရပါ တယ်”ဟုပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ဒီနေရာကို အခု ကြည့်လိုက်ရင်တော့ လယ်ကွက်တွေ၊ လယ်ကွင်းတွေပေါ့နော်၊ ဒါပေမယ့် ဒီအိမ်ရာစီမံကိန်းကြီး အောင်အောင် မြင်မြင်နဲ့ ပြီးမြောက်ပြီဆိုရင်တော့ မြို့သစ်ကလေးလို ဖြစ်လာမှာပါ။ နောက် ကျွန်မတို့က နေရာရွေးတဲ့ ဟာကိုလည်း သေချာစဉ်းစားပြီးမှ ရွေးရပါတယ်။
ဆောက်လုပ်ရေး လုပ်ငန်းဆိုတာဟာ အကောင်အထည် မဖော်ခင် ပြင်ဆင်တဲ့အချိန်က နည်းပါး ပါတယ်။ သေသေချာချာ စဉ်းစားရပါ တယ်။ အကောင်အထည်ဖော်လိုက်ပြီ ဆိုရင် အလုပ်အကိုင်ဖန်တီးရေးလည်း မြန်ဆန်ပါတယ်။ ကျွန်မတို့ အောင်မြင် မှုလည်း မြန်ဆန်မယ်လို့ ကျွန်မက ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ ဒီစီမံကိန်း ဖြစ်မြောက်အောင်လို့ ဝိုင်းဝန်းပြီးတော့ ကူညီတဲ့လူတွေ အားလုံး ကျွန်မတို့ ကျေးဇူးတင်ပါ တယ်။ စပြီးတော့ စီစဉ်ပေးတဲ့ပုဂ္ဂိုလ် တွေ၊ နောက် ကျွန်မတို့နိုင်ငံမှာဆိုရင် အခုစီမံကိန်းတစ်ခု ချမှတ်ပြီဆိုရင် မြေယာရရှိရေးက အင်မတန် အရေးကြီးပါတယ်။ သင့်တော်တဲ့နေရာ လည်းဖြစ်ရမယ်။ ဘယ်သူ့ကိုမှ ထိခိုက် တဲ့အခြေအနေမျိုးလည်း မရှိစေရဘူး။ အကယ်၍ ဒီမြေကိုပိုင်ပြီးသား ဌာန များ၊ ပိုင်ပြီးသားပုဂ္ဂိုလ်များ ရှိတယ် ဆိုရင် ဒီကိစ္စတွေကိုလည်း ဥပဒေတွေ နဲ့ ကိုက်ညီစွာ မှန်မှန်ကန်ကန် မျှမျှ တတ ရှင်းလင်းရတာတွေလည်း ရှိပါ တယ်။ ဒီလိုတစ်ဆင့်ချင်း တစ်ဆင့်ချင်း လုပ်သွားတဲ့အခါကျရင် အမှားအယွင်း မရှိအောင်လို့ သတိကြီးစွာနဲ့ လုပ်ရ တယ်ဆိုတာကို အများသိပြီးသား ဖြစ်မယ်လို့ ကျွန်မထင်ပါတယ်။
နောက်ကျွန်မတို့ အခုဒီလိုစီမံကိန်း တစ်ခု အောင်မြင်အောင် လုပ်နိုင်တယ် ဆိုတာဟာ ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ခြင်းလို့လည်း ကျွန်မတို့ ပြောလို့ရပါတယ်။ ဌာနအသီးသီးက ပူးပေါင်းဆောင်ရွက်ရတယ်။ လုပ်ငန်း ရှင်တွေနဲ့ အစိုးရဘက်က ပူးပေါင်း ဆောင်ရွက်ရတယ်။ နောက် ပြည်သူ တွေဘက်ကလည်း ပူးပေါင်း ဆောင်ရွက်ရတယ်။ အလုပ်သမားတွေ ဘက်ကလည်း ပူးပေါင်းဆောင်ရွက်ရ တယ်။ ဒီလိုအားလုံးပူးပေါင်းဆောင် ရွက်မှ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု ဟာ တကယ်အောင်မြင်နိုင်မှာ ဖြစ်ပါ တယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ လုပ်ငန်း တွေကို ကြည့်လိုက်တဲ့အခါကျရင် အပေါ်ယံကိုပဲ မကြည့်ဘဲနဲ့ လေးလေး နက်နက် စဉ်းစားစေချင်ပါတယ်။
ဆက်လုပ်ဖို့ရှိ
အခုကျွန်မတို့ ဆောက်လုပ်ရေး လုပ်ငန်းဟာ ကိုဗစ်နဲ့ပတ်သက်လို့ အကျိုးဆက်တွေကို အကောင်းဆုံးဖြစ် အောင်လို့လုပ်တဲ့ဘက်မှာပဲ အားသာ တာမဟုတ်ပါဘူး၊ ကျွန်မတို့ရဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်း တွေနဲ့လည်း ကိုက်ညီတယ်လို့ ကျွန်မ ပြောချင်ပါတယ်။ ဒီတော့ ပစ္စုပ္ပန် အတွက်ရော၊ အနာဂတ်အတွက်ရော အင်မတန်မှ လိုအပ်တဲ့၊ ဖြစ်သင့်ဖြစ် ထိုက်တဲ့ ကိစ္စတစ်ခုဖြစ်တာကြောင့် မို့လို့ ကျွန်မတို့ အများကြီးလည်း ဂုဏ်ယူပါတယ်။ ကျေးဇူးလည်းတင်ပါ တယ်။ အားလည်းပေးပါတယ်။ ဒါမျိုး တွေလည်း အများကြီးဆက်ပြီးတော့ လုပ်ဖို့လည်း ကျွန်မတို့မှာ အစီအစဉ် တွေရှိပါတယ်။
ဆောက်လုပ်ရေးဝန်ကြီး ပြောသွား တဲ့အတိုင်းပဲ ရန်ကုန်တင်မကဘူး၊ နေပြည်တော်ဘက်မှာလည်း ဒီလို လုပ်ငန်းတွေကို အမြန်ဆုံးအကောင် အထည်ဖော်နိုင်ဖို့ ကျွန်မတို့ ကြိုးစား သွားမှာပါ။ အခုဆိုရင် ကျွန်မတို့ ကိုဗစ်ရောဂါနဲ့ ရင်ဆိုင်ရတာ ရှစ်လ ရှိသွားပြီလို့ ပြောလို့ရပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ တကယ်တော့ ဒီနှစ် စောစောပိုင်း ပထမလကနေစတာပဲ။ အဲဒီတော့ ရှစ်လရှိသွားပြီဆိုတော့ စီးပွားရေး အကျိုးဆက်တွေကတော့ တစ်တိုင်းပြည်လုံးသာမက တစ်ကမ္ဘာ လုံးမှာခံနေရတယ်။ ဒီအချိန်အထိ တော့ ကျွန်မတို့နိုင်ငံမှာ စီးပွားရေး အကျိုးဆက်တွေရော၊ ကျန်းမာရေး ဆိုင်ရာကိစ္စတွေရော ထိခိုက်နိုင်တယ် လို့ ပြောလို့ရပါတယ်။ သို့သော်လည်း ဒီကိုဗစ်ပြဿနာကြီးက ပြီးဆုံးသွားပြီ လိုတော့ မပြောနိုင်သေးပါဘူး။ အခု အချိန်အထိတော့ ထိန်းထားနိုင်တယ် ဆိုတာကို ကျွန်မက ဂုဏ်ယူပြီးတော့ မပြောချင်ဘူး၊ တော်ကြာအခြေအနေ က တစ်မျိုးဖြစ်သွားမှာစိုးလို့ပါ။ ဒါပေမယ့် အခုအထိတော့ ကျွန်မတို့ ကျေနပ်လောက်အောင် လုပ်နိုင်တယ် လို့ မြင်ပါတယ်။ ဒါပေမယ့် ရှစ်လရှိ သွားပြီဆိုတော့ စီးပွားရေးအကျိုး ဆက်တွေကလည်း တဖြည်းဖြည်း ပိုပြီးတော့ ထင်ရှားလာမှာပါ။ ဒါကြောင့် ဒီလိုအချိန်မှာ ဒီလိုလုပ်ငန်း တွေလုပ်တာဟာ အချိန်ကိုက်ပဲလို့ ကျွန်မပြောချင်ပါတယ်။ အချိန်ကိုက် မို့လို့လည်း အကျိုးကလည်း ပိုပြီးတော့ ထူးမယ်လို့၊ ကောင်းကျိုးတွေ အထူးရှိ မယ်လို့ ကျွန်မယုံကြည်ပါတယ်။
ဒါကြောင့် နိဂုံးချုပ်အနေနဲ့ အားလုံး ပူးပေါင်းဆောင်ရွက်တဲ့ ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများကို ကျေးဇူးတင်ပါ တယ်။ ကျွန်မတို့ ပြည်သူ ပြည်သား တွေအကျိုးအတွက်လည်း ဒီနေ့ပန္နက် ရိုက်လိုက်တဲ့ အခမ်းအနားလေးဟာ အဓိပ္ပာယ်ရှိရှိနဲ့ အနာဂတ်အတွက် ကောင်းတဲ့ ခိုင်မာတဲ့ အုတ်မြစ်တစ်ခုကို ချလိုက်တယ်လို့ ကျွန်မအနေနဲ့မြင်ပါ တယ်”ဟု ပြောကြားသည်။
အိမ်ခန်းငှားဥပဒေ
ယင်းနောက် မြန်မာနိုင်ငံဆောက် လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းက နိုင်ငံတော်က ယခုဆောင်ရွက်ပေး သည့်အတွက် အလုပ်အကိုင်အခွင့် အလမ်းများ ရရှိလာမည့်အခြေအနေ နှင့် ပြည်သူ့အိမ်ရာဖွံ့ဖြိုးလာမှုနှင့် အတူ ပြည်သူများအခက်အခဲ မဖြစ် ပေါ်စေရန် အိမ်ခန်းငှားရမ်းခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေ မှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ရတနာပန္နက်တော်တင်
ထို့နောက် ပန္နက်တော်တင်အခမ်း အနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ အငှားအိမ်ရာ စီမံကိန်းဆောင်ရွက် မည့် သတ်မှတ်နေရာ၌ ရတနာပန္နက် တော်တင်ပေးပြီး အမွှေးနံ့သာရည် ပက်ဖျန်းပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဦးမင်းသူနှင့် ဦးဟန်ဇော်၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင် များအသင်းချုပ်၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းနှင့် မြို့ပြ နှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌများ က ပြည်သူ့အငှားအိမ်ရာ စီမံကိန်း ဆောင်ရွက်မည့် သတ်မှတ်နေရာများ တွင် ပန္နက်တော်များတင်ပေးကြပြီး အမွှေးနံ့သာရည် ပက်ဖျန်းပေးကြ သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အခမ်းအနား သို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက် သည်။
တည်ဆောက်သွားမည်
ယခု ပြည်သူ့အငှားအိမ်ရာစီမံကိန်း ကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စံပြစိုက်ပျိုးရေး အထူးဇုန်အတွင်းရှိ မြေဧက ၁၇၁ ဧကပေါ်တွင် အခန်းပေါင်း ၅၀၇၂ ခန်းကို တည်ဆောက်သွားမည်ဖြစ် ကြောင်း၊ အဆိုပါစီမံကိန်းကို ဆောက် လုပ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံဆောက် လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်၊ လိုင်စင်ရ ကန်ထရိုက်တာ များအသင်းနှင့် မြို့ပြနှင့်အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းရှင် များအသင်းတို့မှ ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်မည်ဖြစ် ကြောင်း၊ အသင်းများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် စုစုပေါင်း အခန်း ၆၃၀၀ တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ကျန်ရှိသည့် အခန်း ၁၂၀၀ ကျော်ကို အခြားသတ်မှတ်မြေ နေရာ၌ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန ကြီးကြပ်မှုဖြင့် ဆောက်လုပ်ရေး အသင်းသုံးသင်းက ပြည်သူများအတွက် အငှားအိမ်ရာ စီမံကိန်းအဖြစ် နေပြည်တော်တွင် အခန်းပေါင်း ၇၀၀ ကိုလည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးတွင် အခန်းပေါင်း ၃၀၀၀ ကိုလည်းကောင်း ဆက်လက် အကောင်အထည်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်သူ့အငှား အိမ်ရာစနစ်ကို မြန်မာနိုင်ငံတွင် ၁၉၅၁ ခုနှစ်ကပင် ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်းများ၊ ပြည်သူများ အပါအဝင် ဝင်ငွေနည်း ပြည်သူများကို ဈေးကွက်တွင်ရှိသည့် ငှားရမ်းခထက်များစွာ သက်သာ သည့်နှုန်းထားနှင့် ငှားရမ်းနေထိုင်ခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ပါလီမန် ဒီမိုကရေစီခေတ်တွင် အိမ်ခန်းပေါင်း ၉၀၀၀ ကျော်၊ ဆိုရှယ်လစ်ခေတ်တွင် အိမ်ခန်းပေါင်း ၁၁၀၀၀ ကျော်နှင့် ဒီမိုကရေစီ အစိုးရလက်ထက်တွင် အိမ်ခန်းပေါင်း ၁၄၀၀၀ ကျော် ဆောက် လုပ်ပေးခဲ့ပြီးဖြစ်သော်လည်း အငှား အိမ်ရာလိုအပ်ချက်တွင် မြင့်မားနေဆဲ ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ သိရသည်။
သတင်းစဉ်