
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Video Conferencing စနစ်ဖြင့်ကျင်းပသည့် (၃၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်အာဆီယံခေါင်းဆောင်များက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အားအထွေထွေရွေးကောက်ပွဲတွင် အောင်မြင်မှုရရှိခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ပြုကြောင်း ပြောကြား
==============================================================
နေပြည်တော် နိုဝင်ဘာ ၁၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၈ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်သည့် (၃၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေး၏ ဖွင့်ပွဲအခမ်းအနားနှင့် (၃၇)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေးတို့သို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင် တက်ရောက်သည်။
(၃၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ဖွင့်ပွဲအခမ်းအနားတွင် ဗီယက်နမ်ယဉ်ကျေးမှုအဖွဲ့က အနုပညာအကများဖြင့် ဖျော်ဖြေတင်ဆက်ပြီးနောက် အာဆီယံသီချင်းကို သီဆိုသည်။ ထို့နောက် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ Mr. Nguyen Phu Trong က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ဝန်ကြီးချုပ် Mr. Nguyen Xuan Phuc က အဖွင့်အမှာစကားများ အသီးသီးပြောကြား ၍ (၃၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ဖွင့်လှစ်သည်။
(၃၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေးတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Nguyen Xuan Phuc က သဘာပတိအဖြစ် ဆောင်ရွက် ပြီး ထိပ်သီးအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်တို့ ပါဝင် တက်ရောက်ကြသည်။ ထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက အာဆီယံအသိုက်အဝန်း တည်ထောင်ရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများ၊ အာဆီယံ၏ ပြင်ပဆက်ဆံရေး၊ အာဆီယံ၏ အချက်အချာ ကျမှု ဆက်လက်ထိန်းသိမ်းရေးနှင့် ဒေသတွင်းနှင့် နိုင်ငံ တကာရေးရာကိစ္စရပ်များအပေါ်တွင် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အာဆီယံခေါင်းဆောင်များက ၂၀၂၀ ပြည့်နှစ် အတွင်း အာဆီယံကို အောင်မြင်စွာ ဦးဆောင်မှုပေးနိုင်ခဲ့ သည့်အတွက် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်အား ချီးကျူး ဂုဏ်ပြုကြောင်းနှင့် မြန်မာနိုင်ငံတွင် မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် အောင်မြင်မှုရရှိခဲ့သည့်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်အား ဝမ်းမြောက်ဂုဏ်ပြုကြောင်း ထည့်သွင်း ပြောကြားခဲ့ကြသည်။
r ရှေ့ဖုံးမှ
အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က မိန့်ခွန်းတစ်ရပ်ပြောကြားရာ၌ ပထဝီမဟာဗျူဟာ အခင်းအကျင်းပြောင်းလဲနေခြင်းနှင့် အင်အားကြီးနိုင်ငံ များအကြား တင်းမာမှုမြင့်တက်လာခြင်းတို့ကို ထိရောက်စွာ ရင်ဆိုင်တုံ့ပြန်နိုင်ရန်အတွက် အာဆီယံအနေဖြင့် အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုနှင့် ပြင်ပ၏ တည်ငြိမ်အေးချမ်းမှုတို့ကို တိုးမြှင့်ဖော်ဆောင်သွားရန် လိုအပ်ကြောင်း၊ သဘောထားကွဲပြားမှုမြင့်တက်ပြီး မဟာမိတ်အုပ်စုအသစ်များ တည်ထောင်ရန် ကြိုးပမ်းမှုများ ရှိလာချိန်တွင် အာဆီယံ၏စည်းလုံးညီညွတ်မှုနှင့် အချက် အချာကျမှုတို့ကို ပိုမိုတိုးတက်ခိုင်မာစေရန် အရေးကြီး ကြောင်း၊ အာဆီယံ၏မျှော်မှန်းချက်ဖြစ်သော ပြင်ပကို မျှော်ကြည့်သည့် အာဆီယံအသိုက်အဝန်းကို ထူထောင်ရာ တွင် ပြင်ပဆက်ဆံရေးသည် အရေးပါသည့်မဏ္ဍိုင်တစ်ရပ် ဖြစ်ရာ အာဆီယံနှင့် မိတ်ဖက်ဆက်ဆံရေးထူထောင်လို သည့်နိုင်ငံများ တိုးတက်များပြားလာခြင်းကို စီမံ ဆောင်ရွက်နိုင်ရန်နှင့် အာဆီယံဦးဆောင်သည့် ယန္တရားများ တွင် အာဆီယံ၏အချက်အချာကျမှုကို ဆက်လက် ထိန်းသိမ်းရန် အရေးကြီးကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။
သဟဇာတရှိမှုပျက်ပြားစေခဲ့
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ မလေးရှားဝန်ကြီးချုပ်၏ ဆွေးနွေးချက်အပေါ် တုံ့ပြန်ပြောကြားရာတွင် နိုင်ငံတစ်ဝန်း၌ ဘေးကင်းလုံခြုံမှု၊ တရားမျှတမှုနှင့် အသိုက်အဝန်းများအကြား သဟဇာတရှိမှု တို့ကို ဖော်ဆောင်ရေးအတွက် မြန်မာအစိုးရအနေဖြင့် အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နေရပ် စွန့်ခွာသူများ၏အရေးကိစ္စကို ဖြေရှင်းရာတွင် မိမိတို့ အနေဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကျူးလွန်သူ များသည် နည်းပညာကို အလွဲသုံးစားပြု၍ COVID-19 ကြောင့် ဖြစ်ပေါ်လာသည့် ပုံမှန်အနေအထားသစ်နှင့်အညီ အလျင်အမြန်ပြုပြင်၍ လှုပ်ရှားမှုများ ပြုလုပ်လာနိုင် သည့်အတွက် လူကုန်ကူးမှုပြဿနာသည် ဒေသအတွက် အန္တရာယ်ကြီးမားနေဆဲဖြစ်ကြောင်း၊ မည်သည့်ပုံသဏ္ဌာန် ဖြင့်ဖြစ်စေ လူကုန်ကူးမှုပြဿနာကို သည်းခံခွင့်လွှတ်ခြင်း ပြုရမည်မဟုတ်သကဲ့သို့ ရခိုင်အရေးကိစ္စနှင့် အတွင်းကျကျ ဆက်စပ်မှုရှိနေသည့် အကြမ်းဖက်ဝါဒ (Terrorism) ကို လည်း မည်သည့်နည်းနှင့်မျှ လက်ခံခြင်းမပြုကြရန် လိုအပ် ကြောင်း၊ အကြမ်းဖက်ဝါဒသည် ရခိုင်ပြည်နယ်ရှိ အသိုက် အဝန်းများအကြား သဟဇာတရှိမှုကို ပျက်ပြားစေခဲ့သည့် အလျောက် အသိုက်အဝန်းများကို ပိုမိုကွဲပြားမှုဖြစ်ပေါ်စေ သည့် အကြမ်းဖက်လုပ်ရပ်များနှင့် ယင်းတို့၏ ဝါဒဖြန့်မှု များကို ရပ်တန့်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နှင့် နှစ်ဦးနှစ်ဖက် အကျိုးစီးပွားနှင့် စိုးရိမ်ပူပန်မှုတို့နှင့် သက်ဆိုင်သည့် အဆိုပါပြဿနာများကို ဖြေရှင်းရာတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးကြောင်း အလေးထားပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်က မကြာသေးမီက မြန်မာနိုင်ငံ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲ၏ ရလဒ် နှင့်ပတ်သက်၍ မိမိအား ဝမ်းမြောက်ဂုဏ်ပြုကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည့်အတွက် အာဆီယံခေါင်းဆောင် များကို ကျေးဇူးတင်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့ သည်။
(၃၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေးအပြီးတွင် အာဆီယံအသိုက် အဝန်းမျှော်မှန်းချက် အခြေပြမြေပုံ (၂၀၂၅) ၏ ကာလလယ် သုံးသပ်ချက်နှင့် အာဆီယံ၏ ဘက်စုံပြန်လည်ထူထောင် ရေးမူဘောင်တို့ကို တရားဝင်ထုတ်ပြန်ခြင်းနှင့် အာဆီယံ ဒေသတွင်း ဆေးပစ္စည်းအထောက်အပံ့များ သိုလှောင် ထားရှိမှုစတင်ခြင်းဆိုင်ရာ အခမ်းအနားကို ကျင်းပပြုလုပ် ခဲ့သည်။
တက်ရောက်ဆွေးနွေး
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကိုယ်စား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပသည့် (၂၃)ကြိမ်မြောက် အာဆီယံ-တရုတ်ထိပ်သီးအစည်းအဝေး၊ (၂၃)ကြိမ်မြောက် အာဆီယံ-ဂျပန် ထိပ်သီးအစည်းအဝေး၊ (၂၁)ကြိမ်မြောက် အာဆီယံ-ကိုရီးယားထိပ်သီးအစည်းအဝေး၊ (၁၇)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးနှင့် အာဆီယံ အမျိုးသမီးခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးတို့သို့ ပါဝင်တက်ရောက်ဆွေးနွေးခဲ့သည်။ ဆွေးနွေးဖက်နိုင်ငံများ နှင့် ကျင်းပပြုလုပ်သည့် ထိပ်သီးအစည်းအဝေးများတွင် ခေါင်းဆောင်များက အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် အခြေအနေများနှင့် ဒေသတွင်းနှင့် နိုင်ငံ တကာရေးရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ (၂၃)ကြိမ်မြောက် အာဆီယံ-ဂျပန် ထိပ်သီး အစည်းအဝေးတွင် အရေးပေါ်ပြည်သူ့ကျန်းမာရေးနှင့် ရောဂါအသစ်များဆိုင်ရာ အာဆီယံဗဟိုဌာနကို ထူထောင် ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ပါဝင်တက်ရောက်
ကျင်းပပြုလုပ်သည့် အာဆီယံအမျိုးသမီးခေါင်းဆောင် များ၏ ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေးကို ညနေပိုင်းတွင် ဆက်လက်ကျင်းပရာ အစည်းအဝေးသို့ အာဆီယံခေါင်းဆောင်များ၊ နယ်သာလန်နိုင်ငံ ဘုရင်မ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ဘဏ္ဍာရေးဆိုင်ရာ အထူးအကြံပေးအရာရှိ၊ ကမ္ဘာ့ဘဏ်၏ဒုတိယဥက္ကဋ္ဌ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ ကဏ္ဍအသီးသီးမှ အမျိုးသမီး ခေါင်းဆောင်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ကြသည်။
အဆိုပါထိပ်သီးအစည်းအဝေးသို့ ပြည်သူ့လွှတ်တော် ရေးရာ စွမ်းရည်မြှင့်တင်ရေးအကြံပေး အဖွဲ့ခေါင်းဆောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်သည် မြန်မာနိုင်ငံကိုယ်စားပြု အမျိုးသမီးခေါင်းဆောင်ကိုယ်စား လှယ်အဖြစ် ပါဝင်တက်ရောက်ခဲ့ပြီး “COVID-19 အလွန် ကာလ၌ စည်းလုံးညီညွတ်၍ ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်သည့် အာဆီယံအသိုက်အဝန်းတစ်ရပ်ကို ထူထောင်ရာတွင် အမျိုးသမီးများ၏အခန်းကဏ္ဍမြှင့်တင် ရေး” ခေါင်းစဉ်နှင့်ပတ်သက်၍ ပါဝင်ဆွေးနွေးခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ (၃၇)ကြိမ် မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တို့လည်း ပါဝင်တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်