
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၂၃)ကြိမ်မြောက် အာဆီယံ + ၃ ထိပ်သီးအစည်းအဝေးနှင့် (၁၅)ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးတို့သို့ ပါဝင်တက်ရောက်
=========================================================
နေပြည်တော် နိုဝင်ဘာ ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် (၂၃)ကြိမ်မြောက် အာဆီယံ + ၃ ထိပ်သီးအစည်းအဝေးနှင့် (၁၅)ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးတို့သို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်ခဲ့သည်။
(၂၃)ကြိမ်မြောက် အာဆီယံ + ၃ ထိပ်သီးအစည်းအဝေးတွင် အာဆီယံ၏အလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Nguyen Xuan Phuc က သဘာပတိ အဖြစ် ဆောင်ရွက်ပြီး အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ
m ရှေ့ဖုံးမှ
ခေါင်းဆောင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ ထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်များက အာဆီယံ+၃ နိုင်ငံများအကြား အနာဂတ်တွင် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်နိုင်မည့် အခြေအနေများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ခေါင်းဆောင်များက အဓိကမောင်းနှင်အားအဖြစ် အာဆီယံတည်ရှိသည့် အရှေ့အာရှ အသိုက်အဝန်းတစ်ရပ် ထူထောင်ရေးဆိုင်ရာ ရေရှည်ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အာဆီယံ+၃ နိုင်ငံများ၏ ပူးပေါင်း ဆောင်ရွက်မှုသည် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ကူးစက် ရောဂါအလွန် ဒေသတွင်းပြန်လည်နာလန်ထူရေးကို ဆောင်ရွက်ရာတွင် အာဆီယံ+၃ နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးတက် ခိုင်မာစေရန်နှင့် COVID-19 ကူးစက်ရောဂါကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် အာဆီယံ+၃ နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုအခန်းကဏ္ဍကို ပိုမိုမြှင့်တင်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ခေါင်းဆောင်များက အရှေ့အာရှ ဒေသ၏ တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တိုးမြှင့်ဖော်ဆောင် ရာ၌ အာဆီယံ+၃ နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း ထုတ်ဖော်ပြောဆိုပြီး လူကုန်ကူးမှု၊ အကြမ်းဖက်မှုနှင့် အစွန်းရောက်မှု စသည့် သမားရိုးကျမဟုတ်သော လုံခြုံရေးကိစ္စရပ်များကို ရင်ဆိုင်ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာစေရန် ကတိကဝတ်ပြုခဲ့ကြသည်။
ဒေသတွင်းတည်ငြိမ်အေးချမ်းမှု များစွာအရေးကြီး
အာဆီယံ+၃ ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ကူးစက်ရောဂါပျံ့နှံ့မှု၊ စီးပွားရေးအားပြိုင်မှုနှင့် ပထဝီမဟာဗျူဟာ အခင်း အကျင်းပြောင်းလဲမှုတို့ကို ရင်ဆိုင်နေကြရသည့်အချိန်တွင် အာဆီယံ+၃ နိုင်ငံ များအကြား စည်းလုံးညီညွတ်မှု ပိုမိုတိုးတက်ခိုင်မာလျက်ရှိသည်ကို တွေ့မြင်ရ သည့်အတွက် ဝမ်းမြောက်ကြောင်း၊ လက်ရှိကာလနှင့် အနာဂတ်တွင် ကြုံတွေ့ မည့် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေကို ရင်ဆိုင်ဖြေရှင်းရာတွင် ပိုမို အသင့်ရှိစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များကို ပြန်လည် ဆန်းသစ်ခိုင်မာစေရန် အရေးကြီးကြောင်း၊ COVID-19 ကူးစက်ရောဂါဆိုင်ရာ လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ခြင်း၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ချင်းမိုင်အစီအစဉ် (CMIM)ကို တိုးတက်ခိုင်မာစေခြင်း၊ မရှိမဖြစ်လိုအပ်သော ကုန်စည်များပို့ဆောင်ရေးလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ခြင်းနှင့် ဒေသတွင်း ပုံမှန်ခရီးသွားလာမှုကို တဖြည်းဖြည်းပြန်လည်စတင်ခြင်း စသည်တို့မှတစ်ဆင့် စီးပွားရေးနှင့် ဘဏ္ဍာရေးကြံ့ကြံ့ခံနိုင်စွမ်းရှိစေရေးအတွက် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုနှင့် ခိုင်မာသည့် မူဝါဒဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုတို့ကို ဆက်လက်ဆောင်ရွက်သွားကြရန် အရေးကြီးကြောင်း၊ အာဆီယံ+၃ နိုင်ငံများ အနေဖြင့် ကမ္ဘာ့ကူးစက်ရောဂါကို ရင်ဆိုင်ကျော်လွှားရေးနှင့် ကူးစက်ရောဂါအလွန် ပြန်လည်နာလန်ထူရေးတို့ကို ကြိုးပမ်းဆောင်ရွက်ရာတွင် ဒေသတွင်း တည်ငြိမ် အေးချမ်းမှုသည် များစွာအရေးကြီးသည်ဖြစ်၍ အာဆီယံ+၃ လုပ်ငန်းစဉ် (၂၀၁၈-၂၀၂၂)တွင် ပါရှိသည့် သမားရိုးကျမဟုတ်သော လုံခြုံရေးကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာစေရန် လိုအပ် ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
(၁၅)ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးတွင် အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Nguyen Xuan Phuc က သဘာပတိအဖြစ်ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံ များ၊ ဩစတြေးလျ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့မှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ ထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်များက အရှေ့အာရှထိပ်သီးအစည်းအဝေး အဖွဲ့ဝင်နိုင်ငံများအကြား အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်မည့် အခြေအနေများနှင့် ဒေသတွင်း နှင့် နိုင်ငံတကာရေးရာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အရှေ့အာရှထိပ်သီးအစည်းအဝေး ထူထောင်ခြင်း (၁၅)နှစ်ပြည့်မြောက် သည့် နှစ်ပတ်လည် အခါသမယတွင် ခေါင်းဆောင်များက အားလုံးနှင့်သက်ဆိုင် သည့် မဟာဗျူဟာ၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို အတူတကွ ပူးပေါင်းဖြေရှင်းကြရာတွင် အရှေ့အာရှ ထိပ်သီးအစည်းအဝေးကို ခေါင်းဆောင် များ ဦးဆောင်သည့် အဓိကနေရာတစ်ခုအဖြစ် ပိုမိုတိုးတက်ခိုင်မြဲစေရန် ထပ်လောင်းကတိကဝတ် ပြုခဲ့ကြသည်။ ထို့ပြင် ခေါင်းဆောင်များက COVID-19 ကူးစက်ရောဂါကို ရင်ဆိုင်တုံ့ပြန်ရာတွင် ထိရောက်မှုရှိသည့်ကုသဆေးနှင့် ကာကွယ်ဆေးများကို အားလုံးက သာတူညီမျှခံစားရရှိရေး၏အရေးပါမှုကို အသိ အမှတ်ပြုကြပြီး၊ ဘေးကင်းလုံခြုံမှုရှိ၍ အရည်အသွေးပြည့်ဝပြီး ထိရောက်မှုရှိ သည့် COVID-19 ကာကွယ်ဆေးများကို အားလုံးက လက်လှမ်းမီသည့် ဈေးနှုန်း ဖြင့် သာတူညီမျှခံစားရရှိစေရေးကို ကြိုးပမ်းဆောင်ရွက်သွားကြမည့် ၎င်းတို့၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ကြသည်။
ရေရှည်ကြံ့ကြံ့ခံနိုင်စွမ်းရှိရေး တိုးမြှင့်ဖော်ဆောင်
အရှေ့အာရှထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က နှစ်ဦးနှစ်ဖက်အကျိုးစီးပွားနှင့် စိုးရိမ်ပူပန်မှုများရှိသည့် နယ်ပယ်များ၌ မဟာဗျူဟာဆွေးနွေးမှုနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို အကောင် အထည်ဖော်ခြင်းအားဖြင့် အာဆီယံနှင့်ဒေသပြင်ပ၏ တည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောရေးကို တိုးမြှင့်ဆောင်ရွက်ရာတွင် အရှေ့အာရှထိပ်သီးအစည်း အဝေး၏ အရေးပါသည့်အခန်းကဏ္ဍကို အသိအမှတ်ပြုကြောင်း၊ အပြန်အလှန် ယုံကြည်မှုနှင့် အပြန်အလှန်နားလည်မှုတို့ကို တိုးမြှင့်တည်ဆောက်ရန်အတွက် အရှေ့အာရှထိပ်သီးအစည်းအဝေးအဖွဲ့ဝင်နိုင်ငံများအကြား ရင်းနှီးပွင့်လင်းစွာ လွတ်လွတ်လပ်လပ်တိုင်ပင်ဆွေးနွေးသည့် အပြုသဘောဆောင်သော အနေ အထားကို ပိုမိုတိုးတက်ခိုင်မာစေရန် အရေးကြီးကြောင်း၊ COVID-19 ကူးစက် ရောဂါမှ ဆောလျင်စွာ ပြန်လည်နာလန်ထူနိုင်ရေးနှင့် အနာဂတ်တွင် ကြုံတွေ့ မည့် အကျပ်အတည်းများကို ရေရှည်ကြံ့ကြံ့ခံနိုင်စွမ်းရှိစေရေးတို့အတွက် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို အရှေ့အာရှထိပ်သီးအစည်း အဝေး၏ မနီလာလုပ်ငန်းစဉ်အောက်မှ တိုးမြှင့်ဖော်ဆောင်သွားကြရန် လိုအပ် ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ ခေါင်းဆောင်အချို့၏ ပြောကြား ချက်ကို တုံ့ပြန်ရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ၎င်းတို့နည်းတူ မိမိ အနေဖြင့်လည်း ယင်းကိစ္စနှင့်စပ်လျဉ်း၍ စိုးရိမ်ပူပန်မှုရှိသည်ကို ပြောကြားလိုပါ ကြောင်း၊ COVID-19 ကပ်ရောဂါကဲ့သို့သော စိန်ခေါ်မှုအကျပ်အတည်းများကြားမှ ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းအားလုံး၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရစေကာမူ တရားမျှတမှုနှင့် လူ့အခွင့်အရေးတို့နှင့် ပတ်သက်၍ နိုင်ငံတစ်ဝန်းလုံး၌ တိုးတက်မှုရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ဒေသအတွင်းနှင့် တစ်ကမ္ဘာလုံး၏ တည်ငြိမ် အေးချမ်းရေးနှင့် သာယာဝပြောရေးအတွက် အရှေ့အာရှထိပ်သီးအစည်းအဝေး အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် နီးကပ်စွာအတူတကွ ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ကိုယ်စား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် အာဆီယံ+၃ နိုင်ငံခေါင်းဆောင်များနှင့် အရှေ့အာရှစီးပွားရေးကောင်စီ၏ ကိုယ်စားလှယ်များ တွေ့ဆုံသည့် အခမ်းအနားသို့ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ သည်။ အလားတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် (၈)ကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး၊ အာဆီယံ-နယူးဇီလန် အထိမ်းအမှတ်ထိပ်သီးအစည်းအဝေးနှင့် ဒုတိယအကြိမ်မြောက် အာဆီယံ-ဩစတြေးလျထိပ်သီးအစည်းအဝေး တို့သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ကိုယ်စား ပါဝင်တက်ရောက်ဆွေးနွေးခဲ့ သည်။ ဆွေးနွေးဖက်နိုင်ငံများနှင့် ကျင်းပပြုလုပ်သည့် ထိပ်သီးအစည်းအဝေး များတွင် ခေါင်းဆောင်များက အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင် မည့်အခြေအနေများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များကို အမြင် ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
(၈)ကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးတွင် အမေရိကန်နိုင်ငံက အာဆီယံနိုင်ငံမှ ကျောင်းသား ကျောင်းသူများ အမေရိကန် နိုင်ငံတွင် ပညာသင်ကြားမည့်အခွင့်အလမ်း ပိုမိုရရှိစေမည့် Billion Future Scholars’ အစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့သည်။ အလားတူ အာဆီယံ-နယူး ဇီလန် အထိမ်းအမှတ်ထိပ်သီးအစည်းအဝေး၌ နယူးဇီလန်နိုင်ငံက အာဆီယံ ၏ COVID-19 တုံ့ပြန်ရေးရန်ပုံငွေသို့ ဒေါ်လာ ၁ သန်း၊ ကူးစက်ရောဂါတုံ့ပြန်ရေးကို ကူညီပံ့ပိုးရန် ဒေါ်လာ ၁၂ သန်း၊ ဒေသတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်း များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီပံ့ပိုးပေးရန် ဒေါ်လာ ၂၄ သန်း၊ ရာသီ ဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်သည့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ဒေါ်လာ ၁၀ သန်းနှင့် ရေအရင်းမြစ်စီမံခန့်ခွဲမှုအတွက် မဲခေါင်ကော်မရှင်သို့ ဒေါ်လာ ၅ သန်း ကူညီထောက်ပံ့မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့ပြင် အာဆီယံ-ဩစတြေးလျ ထိပ်သီးအစည်းအဝေးတွင် ဩစတြေးလျနိုင်ငံက အရှေ့တောင် အာရှနှင့် ပစိဖိတ်ဒေသတွင် ဘေးကင်းလုံခြုံမှုရှိပြီး ထိရောက်သည့် COVID-19 ကာကွယ်ဆေးများကို အားလုံးက ရရှိခံစားနိုင်ရန်အတွက် ဒေါ်လာသန်း ၅၀၀ ကူညီထောက်ပံ့မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ (၂၃)ကြိမ်မြောက် အာဆီယံ+၃ ထိပ်သီးအစည်းအဝေးနှင့် (၁၅)ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေး တို့သို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်တို့လည်း ပါဝင်တက်ရောက်ခဲ့ကြ သည်။
သတင်းစဉ်