
နေပြည်တော် နိုဝင်ဘာ ၂၁
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာဘောရစ်ဂျွန်ဆင်နှင့် ယမန်နေ့ ညနေပိုင်းတွင် တယ်လီကွန်ဖရင့်ဖြင့် ဆွေးနွေးခဲ့သည်။
ထိုသို့ဆွေးနွေးရာတွင် ဗြိတိန်ဝန်ကြီးချုပ်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား မြန်မာနိုင်ငံ၌ မကြာမီက ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်းကို ပြောကြားခဲ့ပြီး၊ နှစ်ဖက်ခေါင်းဆောင်များက နှစ်နိုင်ငံဆက်ဆံမှုမြှင့်တင်ရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ နှင့် ဗြိတိန်နိုင်ငံတို့အကြား မိတ်ဖက်ပြုပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလတွင် ရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ်အရေးကိစ္စအပါအဝင် စိန်ခေါ်မှုများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ခဲ့ ကြသည်။
ထို့အပြင် ဗြိတိန်ဝန်ကြီးချုပ်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား လာမည့်ဒီဇင်ဘာလတွင် ကျင်းပမည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး ဗီဒီယိုကွန်ဖရင့်သို့လည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုညီလာခံ (COP 26) သို့လည်းကောင်း ပါဝင်တက်ရောက်ရေး အတွက် ဖိတ်ကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်