နိုင်ငံတော်နှင့် နိုင်ငံသား အကျိုးစီးပွားကို ရှေးရှုသည့် နိုင်ငံရေး

Type

 

မောင်သောမန

=====

မိမိတို့နိုင်ငံ နိုင်ငံရေးနှင့်ပတ်သက်၍ အတွေးနယ်ချဲ့ မိသည်။ မြန်မာပြည် နိုင်ငံရေးသည် နယ်ချဲ့ဆန့်ကျင် ရေးကာလမှစ၍    နိုးကြားရှင်သန်လာခဲ့သည်။ နိုင်ငံရေးနယ်ပယ်တွင်     ကိုယ်ယုံကြည်ရာဝါဒ၊ လမ်းစဉ်တို့ကို ကိုင်စွဲ၍ အမျိုးမျိုးဖြတ်သန်းခဲ့ကြ သည်။ နိုင်ငံရေးနှင့်ပတ်သက်၍ ခေါင်းဆောင်များက အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကြသည်။ နိုင်ငံရေး သည် ညစ်ပတ်သည့်အလုပ်၊ ရိုးသားသည့်အလုပ်၊ လောကကောင်းကျိုးကို ဆောင်ကြဉ်းသည့် အလုပ်၊ တိုင်းပြည်အရေး၊ ပြည်သူများ၏အရေးစသည်ဖြင့် အမျိုးမျိုးဆိုခဲ့ကြသည်။
လောကီနိဗ္ဗာန်


မြန်မာ့နိုင်ငံရေးသမိုင်းတွင်         နိုင်ငံရေး ရှေ့ဆောင်ကြီး ဦးဘဘေက   “နိုင်ငံရေးဆိုတာ အင်မတန် ညစ်ပတ်တဲ့အလုပ်ပါ”ဟု  ဆိုခဲ့သည်။ ရှေ့နေချုပ်ကြီး  ဦးသိန်းမောင်ကြီးက   “နိုင်ငံရေး ဆိုတာ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာမို့ နိုင်ငံရေးကို မလုပ်တော့ဘူး”ဟု ဆိုခဲ့သည်။ ဂဠုန်ဦးစောက “ဝါးရင်းတုတ်နှင့် လူမိုက်အားကိုးလျက် စခန်းသွား မည်”ဟု ဆိုသည်။ ဒေါက်တာဘမော်က “စတာလင် တို့ ဟစ်တလာတို့ကို အားကျသည်”ဟု ပြောသည်။ ဗိုလ်ချုပ်အောင်ဆန်းက   “နိုင်ငံရေးဆိုသည်မှာ လူအဝှမ်းနှင့် ပေါင်းသင်းဆက်ဆံ ကူးလူးအုပ်ချုပ် သော ကိစ္စပင်ဖြစ်၏။ စင်စစ် နိုင်ငံရေးမှာ တိုးတက် လိုသည့် ပင်မတရားကြီးဖြစ်၏။ ထိုတရားကား လောကီနိဗ္ဗာန်ကို နောက်ဆုံးရည်မှန်းလေသည်။ ထို့ကြောင့် ဘယ်မှာလျှင် ညစ်ပတ်ရပေမည်နည်း” ဟု ဆိုခဲ့သည်။


မြန်မာပြည်နိုင်ငံရေးကို စတင်ဖော်ဆောင်ခဲ့ သော နိုင်ငံရေးသမားကြီးများ၏ နိုင်ငံရေးအပေါ် ထားရှိသော သဘောထားများမှာ အမျိုးမျိုးအဖုံဖုံပင် ဖြစ်သည်။ မျက်မှောက် နိုင်ငံရေးလောကတွင်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။   ဖော်ပြပါ နိုင်ငံရေး   အယူအဆအမျိုးမျိုးအနက်  ဗိုလ်ချုပ် အောင်ဆန်း၏    နိုင်ငံရေးအယူအဆသည်သာ လျော်ကန်သင့်မြတ်  ကောင်းမွန်သည်ဟု  ဆိုချင် သည်။ ယနေ့နိုင်ငံရေးသည် ဘကြီးဘဘေ နိုင်ငံရေး၊ ဦးသိန်းမောင် နိုင်ငံရေး၊ ဂဠုန်ဦးစော နိုင်ငံရေး၊ ဒေါက်တာဘမော် နိုင်ငံရေး၊ ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေး မည်သည့်နိုင်ငံရေး အမျိုးအစားနှင့်တူသည် ကို စဉ်းစားကြည့်နိုင်ပါပေသည်။ 
မြန်မာနိုင်ငံသည်   ဒီမိုကရေစီခရီးလမ်းကို လျှောက်လှမ်းနေသည်ဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းသော နိုင်ငံရေးစနစ်ဖြင့်သာ လျှောက်လှမ်း သင့်ပါပေသည်။ ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းသော နိုင်ငံရေးကို မလိုက်နာ၊ မကျင့်သုံးပါက  ညစ်ပတ် သော နိုင်ငံရေး၊ ရက်စက်သော နိုင်ငံရေးသာ ဖြစ်ပေ လိမ့်မည်။


ညစ်ထေးနိုင်ငံရေး


စာဖတ်သူများ    မြန်မာနိုင်ငံ၏   အတိတ်၊ ပစ္စပ္ပုန်၊   အနာဂတ်    နိုင်ငံရေးအခြေအနေများကို မှန်းဆကြည့်နိုင်ပါသည်။    ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းသော နိုင်ငံရေးအရ ပြည်သူအားလုံးနှင့် ပေါင်းသင်းဆက်ဆံ       ကူးလူးအုပ်ချုပ်ရသော နိုင်ငံရေးစနစ်ကို     လုပ်ကိုင်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးတစ်ရာကျော်၊ မတူကွဲပြားသော   လူမှုအသိုက်အဝန်းအမျိုးမျိုး စုပေါင်းနေထိုင်သော တိုင်းပြည်ဖြစ်သည်။ ထို့ကြောင့် ထိုမတူကွဲပြားသော ပြည်သူအားလုံးနှင့် ပေါင်းသင်း ဆက်ဆံကူးလူးယှက်နွှယ်သည့်    ဝါဒစနစ်ဖြစ်ဖို့ လိုသည်။ ထိုစနစ်ဖြစ်မှသာ ပြည်ထောင်စုကြီးလည်း စည်းလုံးညီညာ    တည်တံ့ခိုင်မြဲမည်ဖြစ်သည်။ “တစ်တောတစ်ဖ”ဝါဒ ထွန်းကားရေးကို လုပ်ဆောင် ပါက တိုင်းပြည်မခိုင်မြဲ ပြိုကွဲမည်ဖြစ်သည်။ စင်စစ် နိုင်ငံရေးသည် တိုးတက်လိုသည့် ပင်မတရားကြီး ဖြစ်၍ တိုးတက်မှုကို ဆုတ်ယုတ်နိုင်သော ဖျက်ဆီး ရေးလမ်းစဉ်မျိုးကို       ရှောင်ရှားရမည်ဖြစ်သည်။ ညစ်ပတ်သည့် နိုင်ငံရေးကို မပြုလုပ်မိစေရန် အထူး သတိပြုရမည်ဖြစ်သည်။


တိုင်းပြည်ဆုတ်ယုတ်


သို့သော် မြန်မာပြည်၏ မျက်မှောက်နိုင်ငံရေး အခြေအနေသည် အမုန်းတရားကို အခြေခံသည့် နိုင်ငံရေးဖြစ်နေသည်ကို   တွေ့ရသည်။  ချစ်ခြင်း တရား လွန်ကဲသောအခါ မုန်းခြင်းတရားပေါ်ပေါက် လာသည်။    ချစ်ခြင်း၊  မုန်းခြင်းတို့သည် အစွန်း တရားနှစ်ပါးသာဖြစ်သည်။ စင်စစ် ချစ်ခြင်း၊ မုန်းခြင်း တို့၏အလယ်မှ အားလုံးအတွက် တိုးတက်ခြင်းကို ရှေးရှုရမည်ဖြစ်သည်။ စိတ်ခံစားချက် (Emotion) ဖြင့် ပြုလုပ်သော နိုင်ငံရေး၊ စိတ်ခံစား ဝိဝါဒ ကွဲပြား သည့် အယူအဆဖြင့် ပြုလုပ်သော တော်လှန်ရေး သည် မည်သည့်အခါမျှ အောင်မြင်မည်မဟုတ်ပေ။ အချင်းချင်း အမုန်းတရားများ တိုးပွားလာပြီး ဘဝ ပျက်သူများသာ      တိုးပွားလာမည်ဖြစ်သည်။ တိုင်းပြည်ဆုတ်ယုတ်ခြင်းသာ   ဦးတည်လာမည့် အဖတ်တင်မည်ဖြစ်သည်။ 


နိုင်ငံကို ဒီမိုကရေစီစနစ်အရ ပြည်သူများက ရွေးချယ်သည့် အနိုင်ရသည့်ပါတီက တာဝန်ယူရ သည်မှာ မှန်သည်။ သို့သော် တိုင်းပြည်တစ်ပြည်လုံး တွင် နေထိုင်ကြသော ပြည်သူများမှာ အနိုင်ရပါတီကို ထောက်ခံသည့် ပြည်သူများချည်းသာ မဟုတ်သည် ကို သတိပြုရပေမည်။ နိုင်ငံအတွင်း မည်သည့်ပါတီ ကိုမျှ စိတ်မဝင်စားသည့်၊ မည်သည့်ဘက်မှ မပါဝင် လိုသူများ၊ နှစ်သက်ရာပါတီများအား ထောက်ခံကြ သည့် ပြည်သူများလည်း နေထိုင်ကြသည်ဖြစ်ရာ မတူကွဲပြားသော နိုင်ငံသားများသည် တစ်မိုးအောက် တည်းတွင်    နေထိုင်ကြသော  ပြည်သူများသာ ဖြစ်သည်ကို သတိပြုရမည်ဖြစ်သည်။ ထို့ကြောင့် မိမိတို့ ပါတီနိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ပြည်သူ အားလုံးနှင့် သဟဇာတဖြစ်စွာ နေထိုင်နိုင်ရေးသည် အရေးကြီးသောအချက်ဖြစ်သည်။ 


မရိုးသားနိုင်ငံရေး 


ငါ့ပါတီသာ အဓိက၊ ငါ့ပါတီသာ ပဓာန၊ အခြား ပါတီများကို  အလေးမမူ   “ငါနှင့်မတူ ငါ့ရန်သူ” ဟူသော ဒေါက်တာဘမော် ဝါဒ၊ ဂဠုန်ဦးစော ပါတီ လမ်းစဉ်ကဲ့သို့ မကျင့်သုံးမိကြရန် လိုအပ်ပေသည်။ မျက်မှောက်နိုင်ငံရေးအခြေအနေသည် ဒီမိုကရေစီ ကို   အကြောင်းပြု၍   အာဏာကို ဥပဒေဘောင် ကျော်လွန်ကာ အသုံးချသောကြောင့် ကျဆုံးပျက်စီး ခြင်းသို့ ရောက်ရသည်ဟု ရှုမြင်ပါသည်။ အာဏာကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားလိုသော လောဘကြောင့် မရိုးသားသော နိုင်ငံရေးလမ်းစဉ်ကို ကျင့်သုံးခဲ့ကြ ခြင်းဖြစ်သည်။


၂၀၁၅ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရခဲ့သော်လည်း   ၂၀၂၀  ရွေးကောက်ပွဲတွင် မိုးပြိုမြေပြို အနိုင်ရလိုသော လောဘဇောကြောင့် ဥပဒေဘောင်ကို ကျော်လွန်ကာ  သတိမမူဖြစ်ခဲ့သည်။ ယင်းတို့ကို ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲ မဲဆွယ်စဉ်ကာလများက လှုပ်ရှားမှုများတွင် တွေ့ရ မည်ဖြစ်သည်။   မီဒီယာစာမျက်နှာများပေါ်တွင် ဖော်ပြပါရှိခဲ့သည့် အထောက်အထားများ ရှိနေပါ သည်။    နိုင်ငံရေးပါတီတစ်ခုသည်  အာဏာရရေး အတွက် နိုင်ငံရေးကျင့်ဝတ်ကို မစောင့်ထိန်းပါက တရားမျှတမှုများ  ကွယ်ပျောက်၍  အဂတိတရား လိုက်စားရာရောက်ပါသည်။       ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC ကို နိုင်ငံတော်သမ္မတ က ဖွဲ့စည်းပေးထားရာ၌ တရားမျှတ၍ လွတ်လပ်ပြီး သမာသမတ်ကျသော အဖွဲ့အစည်းအဖြစ် ဆောင်ရွက် နိုင်သည်ကို ယုံကြည်သဖြင့် တာဝန်ပေးထားခြင်း ဖြစ်သည်။ 


နိုင်ငံရေးဗျူဟာ 


သို့သော်   ရွေးကောက်ပွဲအကြိုကာလတွင် အာဏာရပါတီခေါင်းဆောင်က   ရွေးကောက်ပွဲ ကော်မရှင်လုပ်ငန်းများကို ဝင်ရောက်စစ်ဆေးခြင်း သည်    ရွေးကောက်ပွဲလုပ်ငန်းအပေါ်   လွှမ်းမိုး စွက်ဖက်ရာ ရောက်နေသည်။ မဲဆွယ်စည်းရုံးရေး ကာလတွင်လည်း နိုင်ငံရေးအရှိန်အဝါ၊ နိုင်ငံရေး အာဏာကို အလွဲသုံးစားပြုလုပ်၍ ပေါ်ပေါ်ထင်ထင် ရှေ့ထွက်လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။ ရွေးကောက်ပွဲ အကြိုကာလက      အနောက်နိုင်ငံကြီးတစ်နိုင်ငံ က ရွေးကောက်ပွဲအောင်မြင်ရေးအတွက်ဆိုကာ အမေရိကန်ဒေါ်လာ သန်း ၃၀ ပေးအပ်ခဲ့ခြင်းသည် ပါတီအောင်နိုင်ရေးအတွက် ပြည်ပအထောက်အပံ့လို ဖြစ်နေသည်။   အဆိုပါနိုင်ငံကြီးသည်  မည်သည့် ရည်ရွယ်ချက်ဖြင့် ပေးကမ်းထောက်ပံ့သည်ကို ၎င်း နိုင်ငံကြီးသာ အသိဆုံးဖြစ်ပေလိမ့်မည်။ အာဏာရ ပါတီကြီးသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ဘုရင့်နောင် ဖောင်ဖျက်နည်းကို       ကျင့်သုံးလိုက်ဟန်တူသည်။ လက်တွေ့တွင်    ပါတီကြီး၏  ဖောင်လည်းပျက်၊ တိုင်းပြည်လည်း ပျက်စီးကိန်းဆိုက်ခဲ့သည်။ ဤသို့ ကြိုတင်စီစဉ်ခဲ့သည့် နိုင်ငံရေးဗျူဟာကို ပြည်သူတို့ အနေဖြင့် သိရှိနိုင်စွမ်းမည် မဟုတ်ပေ။
တဒင်္ဂနိုင်ငံရေး


ထို့ကြောင့်         နိုင်ငံရေးဆိုသောစကားကို “ပြည်ထဲအရေး ပေါက်နှင့်ကျေး၊ ကြက်ဥအရောင် တိမ်တောင်သဖွယ်၊ မင်းရေးကျယ်”ဟု ရှေးက ဆိုကြ ခဲ့ကြဟန်တူသည်။ နိုင်ငံရေး၏ အတွင်းသဘောများ ကို ပြည်သူများအနေဖြင့် သိနားလည်ရန် လွယ်ကူ မည်မဟုတ်ပေ။                

 

P စာမျက်နှာ ၆ မှ
ဤဆိုစကားအရ  နိုင်ငံရေးသည်  ကောင်းလည်း ကောင်း၏။ ဆိုးလည်း ဆိုး၏ဟု  ဆိုခဲ့ကြသည်။ ကောင်းပုံကား နိုင်ငံရေး၏ ကျယ်ဝန်းနက်နဲ သိမ်မွေ့ ပုံကို သိရသည်။   ဆိုးပုံကားနိုင်လျှင်   တစ်မျိုး၊ မျှော်မှန်းသလိုမဖြစ်လျှင် ဝါးရင်းတုတ်နှင့်လူမိုက်အားကိုးသည့် စခန်းကို သွားတော့၏။ အမုန်းတရား ကို အခြေခံသည့် နိုင်ငံရေးသည် တိုင်းပြည်ပျက်စီး ရေးသာဖြစ်ပါလိမ့်မည်။ မရိုးသားသည့် နိုင်ငံရေး သည်   တိုးတက်လိုသည့်  နိုင်ငံရေးဖြစ်မလာပေ။ လူကြိုက်များ၍ အောင်မြင်လျှင်လည်း တဒင်္ဂနိုင်ငံ ရေးသာ ဖြစ်ပေလိမ့်မည်။ 
စစ်မှန်သည့် နိုင်ငံရေးဆိုသည်မှာ မတူကွဲပြား သည့် ဆက်ဆံရေးအား အခြေခံသည့် နိုင်ငံရေးဖြစ်မှ သာ ရေရှည်တည်တံ့ခိုင်မြဲပါလိမ့်မည်။ တပ်မတော် ကို သော်လည်းကောင်း၊ အတိုက်အခံပါတီတို့ကိုသော် လည်းကောင်း   ရန်သူကဲ့သို့   သဘောထားပါက မည်သည့်အခါမျှ     အဆင်ပြေမည်မဟုတ်ပေ။ အောင်မြင်မည်လည်းမဟုတ်ပေ။ မတူကွဲပြားသော ပါတီအဖွဲ့အစည်းများ၊    တိုင်းရင်းသားများအား ပစ်ပယ်ထားပြီး    တပ်မတော်ကို   ဖယ်ရှားရန် ကြိုးပမ်းခဲ့သဖြင့်      ပြိုကွဲပျက်စီးခြင်းအဖြစ်သို့ ရောက်ခဲ့သည်။ စင်စစ် နိုင်ငံရေးညစ်ထေးမှုသည် ယခုမှဖြစ်ခဲ့သည်    မဟုတ်ပေ။   မြန်မာ့နိုင်ငံရေး အစကတည်းက အာဏာရရေးကိုသာ    ဦးစားပေး ကြ၍    မြန်မာ့နိုင်ငံရေးမှာ   ညစ်ထေးခဲ့သည်။ ယုတ်မာညစ်ထေးသော အစွန်းရောက်နိုင်ငံရေး သမားများကြောင့် မွန်မြတ်သော အမျိုးသားနိုင်ငံရေးခေါင်းဆောင်များ   ဆုံးရှုံးခဲ့ရသည်ကို  သမိုင်း သင်ခန်းစာယူသင့်သည်။ 


လူမိုက်လမ်းစဉ်


မြန်မာနိုင်ငံသည် သမိုင်းကြောင်း အစဉ်အလာ ကောင်းများနှင့်   နေထိုင်ခဲ့သော   နိုင်ငံဖြစ်သည်။ သို့သော် လွတ်လပ်သောဝါဒတစ်ခုဖြင့် နိုင်ငံ့သမိုင်း ပျောက်အောင် လုပ်ခဲ့ကြပါပြီ။ နိုင်ငံကို တန်ဖိုးထား သည့် သူတိုင်း၊ လူမျိုးကို ချစ်သည့်သူတိုင်း “ငါတို့ သမိုင်းကို အရိုင်းခံ” ကြမည်မဟုတ်ပေ။ ငါတို့သည် အာဏာရှင်စနစ်ကို မလိုချင်၍ ဒီမိုကရေစီစနစ်ကို ဟစ်ကြွေးတောင်းဆိုခဲ့သည်။ အာဏာရှင်ဟုဆိုသူ တို့သည် သဘောထားကြီးစွာဖြင့် ဒီမိုကရေစီလမ်းကို ဖောက်လုပ်ပေးခဲ့သည်။ သို့သော် နိုင်ငံရေးသမား တို့သည် ဒီမိုကရေစီလမ်းပေါ်တွင် ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်ခြင်းမရှိပေ။ ဒီမိုကရေစီလမ်းခင်း ပေးသူတို့ကို ချနင်းရန် ကြိုးစားကြသည်။ ဖယ်ရှား ရန် ကြိုးစားကြသည်။ ဖယ်ရှား၍မရ၊ နင်းချေ၍ မရသောအခါ လူမိုက်လမ်းစဉ်ကို ကျင့်သုံးခဲ့ကြ သည်။


အမှန်စင်စစ်တွင် မိမိတို့နိုင်ငံ၏ မဟာဗျူဟာ ကျသော   ပထဝီအနေအထားအရ  ဒီမိုကရေစီ သွတ်သွင်းသူတို့၏   နယ်ရုပ်ကျားသည်  လမ်းမှန် အောင် မလျှောက်သဖြင့် အစောကတည်းက သေဆုံး ခဲ့ပြီးဖြစ်သည်။ သို့သော် ကျားသေကို အသက်သွင်း ပြီး ဒီမိုကရေစီလမ်းပေါ်သို့ ပြန်လည်လျှောက်လှမ်း သောအခါတွင် လမ်းကြောင်းမှန်အောင် မလျှောက် နိုင်တော့ပေ။ တကယ်တမ်းတွင် ဒီမိုကရေစီပန်းတိုင် သို့ အမှန်တကယ်လျှောက်လှမ်းမည့် အစိုးရဟူသည် နိုင်ငံ၏ အတိတ်၊ ပစ္စပ္ပုန်၊ အနာဂတ်ကို ရှေးရှုပြီး နိုင်ငံတော်နှင့် နိုင်ငံသားများအားလုံး၏ အကျိုး စီးပွားကို အခြေခံကာ အလုပ်လုပ်မှသာ ဒီမိုကရေစီ ပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း။      ။