နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့် အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း (AACC) အဖွဲ့ဝင်များ အစည်းအဝေးနှင့် စတုတ္ထအကြိမ် အပြည်ပြည်ဆိုင်ရာညီလာခံသို့ တက်ရောက်


 

နေပြည်တော် ဩဂုတ် ၂၇


နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်သည် ဩဂုတ် ၂၆ ရက်မှ ၂၇ ရက်အထိ Video Conferencing ဖြင့်ကျင်းပသည့် အာရှနိုင်ငံ များ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူ အဖွဲ့အစည်း များအသင်း (AACC- Association of Asian Constitutional Courts and Equivalent Institutions) ၏ စတုတ္ထအကြိမ် အပြည်ပြည်ဆိုင်ရာ ညီလာခံသို့ နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးမှ တက်ရောက် သည်။ ဥက္ကဋ္ဌနှင့်အတူ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးမြင့်ဝင်းလည်း ပါဝင်တက်ရောက်ခဲ့သည်။
ဦးဆောင်ကျင်းပ
အဆိုပါ အပြည်ပြည်ဆိုင်ရာ ညီလာခံသည် အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရား ရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများ အသင်း (AACC) ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန် ထမ်းဆောင်လျက်ရှိသော ကာဇက်စတန်သမ္မတနိုင်ငံ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကောင်စီက “၂၁ ရာစု ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ တရားဥပဒေစိုးမိုးရေး၊ လူ့တန်ဖိုးနှင့် နိုင်ငံ၏အရေးပါမှု” ဟူသော ခေါင်းစဉ်ဖြင့် ဦးဆောင် ကျင်းပခြင်းဖြစ်သည်။
ညီလာခံသို့ ကာဇက်စတန်နိုင်ငံ သမ္မတ မစ္စတာ ကက်စ်စူဂျိုမတ် တိုကာရက်အပါအဝင် အစိုးရအဖွဲ့ဝင် များ၊ ကာဂျစ်စတန်နိုင်ငံ၊ ကာဇက် စတန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ မြန်မာ နိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ရုရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိန္ဒိယ နိုင်ငံ စသည့် အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရား ရုံးများနှင့်အဆင့်တူအဖွဲ့အစည်းများ အသင်းဝင်နိုင်ငံ (၁၈) နိုင်ငံတို့မှ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံး / ကောင်စီ / ခုံရုံး များ၏ တရားသူကြီးချုပ်များ၊ ဥက္ကဋ္ဌများ၊ တရားသူကြီးများ၊ ဥရောပဗင်းနစ် ကော်မရှင်မှ ကိုယ်စားလှယ်များ၊ ဥရောပ−အာရှ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ သုံးသပ်ရေးအဖွဲ့အစည်းများ အသင်းဝင်နိုင်ငံများမှ ကိုယ်စားလှယ် များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များနှင့် ကာဇက် စတန်နိုင်ငံ တက္ကသိုလ်များမှ ဥပဒေ ပညာရှင်များ တက်ရောက်ကြသည်။
စာတမ်းများ ဖတ်ကြား
အဆိုပါ ညီလာခံတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာခုံရုံးသည် "Challenges and the Ways of Solutions: Myanmar Experiences" ခေါင်းစဉ်ဖြင့် စာတမ်း ကို ဖတ်ကြားဆွေးနွေးသည်။ အဆိုပါ ဆွေးနွေးချက်တွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ အခွင့် အာဏာအတွင်းမှ စိန်ခေါ်မှု (Challenges) များ ဖြစ်နိုင်သည့် အခြေအနေများ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အနက်အဓိပ္ပာယ်ဖွင့်ဆိုမှုနှင့် ဥပဒေပြုလွှတ်တော်မှ ပြဋ္ဌာန်းခဲ့သော ဥပဒေများအပေါ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ညီ မညီ စိစစ်သုံးသပ်ခြင်း များနှင့် သက်ဆိုင်သည့်တင်သွင်းလွှာ များ စသည့်အကြောင်းအရာများ ပါဝင်သည်။
ထို့အတူ ဩဂုတ် ၂၆ ရက် မွန်းလွဲပိုင်းတွင် ကျင်းပသည့် အာရှ နိုင်ငံများ၏ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ တရားရုံးများနှင့် အဆင့်တူ အဖွဲ့အစည်းများအသင်း (AACC) ၏ အထွေထွေ အတွင်းရေးမှူးချုပ်များ အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ဦးလှဌေးနှင့် ညွှန်ကြားရေးမှူး ဦးညီညီလွင်တို့ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်