
(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၅ ရက်)
အားလုံးမင်္ဂလာပါ။
ယနေ့ကျင်းပတဲ့ အမျိုးသားစာပေ ဆုနှင်းသဘင်အခမ်းအနားကို တက်ရောက်လာကြတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ စာပေဆုရွေးချယ်ရေး ကော်မတီဝင်များ၊ ဆုချီးမြှင့်ခံရတဲ့ ဆုရပုဂ္ဂိုလ်များ၊ စာပေဝါသနာရှင်များနဲ့ ဧည့်သည်တော်များ အားလုံးမင်္ဂလာ အပေါင်းနဲ့ ခညောင်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်း ဆက်သအပ်ပါတယ်။
မိမိနိုင်ငံနဲ့ အများပြည်သူတွေရဲ့ ကောင်းကျိုးအဖြာဖြာကို စာပေအနုပညာ စွမ်းအားနဲ့ ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြတဲ့ စာပေပညာရှင်ကြီးတွေ၊ စာဆိုတော်ကြီးတွေရဲ့ စာပေကျေးဇူးကို လေးမြတ်ဂုဏ်ပြုပြီး မြန်မာနိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်း ၁ ရက်နေ့မှာ စာဆိုတော်နေ့ အခမ်းအနား တွေ ကျင်းပလာကြတာ အခုဆိုရင် ၇၆ နှစ် ရှိခဲ့ပြီဖြစ်ပါတယ်။ စာဆိုတော်နေ့ ဟာ မြန်မာတို့ရဲ့ ထူးခြားတဲ့ ယဉ်ကျေးမှုအစဉ်အလာတစ်ရပ်အဖြစ် ခေတ်အဆက်ဆက် တည်တံ့ပြီး နိုင်ငံနှင့်အဝန်း နှစ်စဉ်မပျက် ကျင်းပနိုင် ကြတာကို ဂုဏ်ယူမိပါတယ်။ ယခုလိုမင်္ဂလာရှိတဲ့ အခမ်းအနားမှာ စာရေး စာဖတ်ဝါသနာပါပြီး စာပေပညာရှင်တွေကို လေးစားတဲ့ ကျွန်တော့် အနေနဲ့ အမှာစကား ပြောကြားခွင့်ရတဲ့အတွက်လည်း အထူးကြည်နူး ဝမ်းမြောက်ပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ မနှစ်ကလို ကိုယ်တိုင် ကိုယ်ကျ ဆုချီးမြှင့်ခြင်း ပြုခွင့်မရတာကိုလည်း များစွာစိတ်မကောင်းဖြစ်ရ ပါတယ်။
စာဆိုတော်လရာသီ ရောက်ပြီဆိုရင် မြန်မာနိုင်ငံ တစ်နံတစ်လျားမှာ သက်ကြီးဝါကြီး စာပေပညာရှင်ကြီးတွေကို လေးမြတ်ပူဇော် ကန်တော့ပွဲတွေ၊ စာပေဆုနှင်းသဘင်တွေ၊ စာပေဟောပြောပွဲတွေ၊ စာပေပွဲတော်တွေကို ခြိမ့်ခြိမ့်သဲ ကျင်းပကြလေ့ရှိပါတယ်။ စာပေဟာ နိုင်ငံအသီးသီးအတွက် ဂုဏ်ယူ ဖွယ်ရာ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်တဲ့ အားလျော်စွာ နိုင်ငံ တစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုအဆင့်အတန်းကို အကဲဖြတ်ရာမှာ လည်း စာပေကို အဓိကအခြေခံထား စဉ်းစားလေ့ရှိကြပါတယ်။ နှစ်ပေါင်း တစ်ထောင် နီးပါးသက်တမ်းရှိခဲ့ပြီဖြစ်တဲ့ ကျွန်တော်တို့ရဲ့ မြန်မာစာပေဟာ လည်း မြန်မာ့ယဉ်ကျေးမှုအနုပညာအဖြာဖြာရဲ့ ပင်မ မဏ္ဍိုင်ကြီးအဖြစ် ဝင့်ထည်စွာ တည်ရှိနေပြီလို့ဆိုရမှာ ဖြစ်ပါတယ်။
စာပေသမိုင်းတစ်လျှောက်မှာ မြန်မာစာပေနဲ့ မြန်မာဘာသာစကားဟာ ခေတ်အဆက်ဆက် ဖန်တီးမှုအသွင်သဏ္ဌာန် အမျိုးမျိုးနဲ့ ပြောင်းလဲဖွံ့ဖြိုးလာ ခဲ့ပါတယ်။ မြန်မာစာပေဂန္ထဝင်ထဲမှာ ရဟန်းစာဆို၊ လူပုဂ္ဂိုလ်စာဆိုကြီးတွေရဲ့ အသိ အလိမ္မာ ဉာဏ်ပညာ ပေးတဲ့စာ၊ နိုင်ငံနဲ့လူမျိုးကို ချစ်ခင်မြတ်နိုးစေတဲ့စာ၊ ကမ္ဘာနဲ့အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေတဲ့ စာပေလက်ရာတွေ များစွာ ပါဝင်ပါတယ်။ စာဆိုကြီးတွေရဲ့ စာပေလက်ရာမွန်တွေကို နိုင်ငံတော် အဆင့် အမျိုးသားစာပေဆုအဖြစ် ရွေးချယ်ပြီး စာဆိုတော်နေ့ရောက်တိုင်း နှစ်စဉ်ချီးမြှောက်ဂုဏ်ပြုခြင်းဟာ နိုင်ငံရဲ့ကောင်းမြတ်တဲ့ အစဉ်အလာပဲ ဖြစ်ပါတယ်။
စာပေပညာရှင်ကြီးများနဲ့ ဧည့်သည်တော်များခင်ဗျား
မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ လမ်းညွှန်မှုနဲ့ ၁၉၄၇ ခုနှစ်၊ ဩဂုတ်လမှာ အသင်းအဖွဲ့ပုံစံနဲ့ တည်ထောင်ခဲ့တဲ့ “မြန်မာနိုင်ငံ ဘာသာပြန်စာပေ အသင်းကြီး” ဟာ ၁၉၄၈ ခုနှစ်၊ မေလမှာ “စာပေဗိမာန်” အမည်နဲ့ထင်ရှားတဲ့ စာပေလုပ်ငန်းဆိုင်ရာဌာန ဖြစ်လာခဲ့ပါတယ်။ စာပေ ဗိမာန်ဟာ တိုင်းရင်းသားပြည်သူတွေ နိုင်ငံတကာဗဟုသုတ တိုးပွားဖို့ အတွက် ဘာသာပြန်စာပေတွေ ထုတ်ဝေခဲ့သလို မြန်မာစာပေ ဖွံ့ဖြိုးရေး အတွက် ၁၉၄၈ ခုနှစ်မှာ “စာပေဗိမာန် ကာလပေါ်ဝတ္ထုဆု” ကို စတင်ချီးမြှင့်ခဲ့ ပါတယ်။
“စာပေဗိမာန် ကာလပေါ်ဝတ္ထုဆု” ကို ‘စာပေဗိမာန်ဆု’၊ ‘အနုပညာဆိုင်ရာ စာပေဆု’၊ ‘အမျိုးသားစာပေဆု’ စသည်ဖြင့် ဆုအမည်ရော၊ ဆုအမျိုးအစားကိုပါ ကာလအလျောက် ပြောင်းလဲခဲ့ပြီး ဆုချီးမြှင့်မယ့် ဘာသာရပ်တွေ၊ ဆုငွေတွေ ကိုလည်း တိုးတက်ချီးမြှင့်ခဲ့တာ အခုနှစ်အထိဆိုရင် နှစ်ပေါင်း ၇၀ ကျော် တိုင်ခဲ့ပါပြီ။ ဘာသာရပ်တွေကိုလည်း တိုးတက်ချီးမြှင့်လာခဲ့တာ အခုချီးမြှင့်မယ့် ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုမှာ ဆုချီးမြှင့်မယ့် ဘာသာရပ် ၁၈ မျိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့အကျိုးကို မြန်မာစာပေ အနုပညာ ဖြင့် တစ်သက်တာလုံး ထူးချွန်ပြောင်မြောက်စွာ အားထုတ်ခဲ့ကြတဲ့ ပုဂ္ဂိုလ် တွေရဲ့ ကြိုးပမ်းဆောင်ရွက်ချက်တွေကို နိုင်ငံတော်က အသိအမှတ်ပြုတဲ့အနေနဲ့ “အမျိုးသားစာပေ တစ်သက်တာဆု” အဖြစ် ၂၀၀၁ ခုနှစ်ကစပြီး နှစ်စဉ် ချီးမြှင့် ပေးအပ်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ အမျိုးသားစာပေ တစ်သက်တာဆုကို တစ်နှစ်မှာ စာပေပညာရှင် တစ်ဦး သို့မဟုတ် နှစ်ဦးကို ရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်က စတင်ပြီး သုတ၊ ရသ စာပေတွေကို တစိုက်မတ်မတ် ရေးသားခဲ့တဲ့ စာရေးဆရာကြီးတစ်ဦးနဲ့ မြန်မာစာပေ ဖွံ့ဖြိုးရေးဆိုင်ရာ၊ စာပေသုတေသနဆိုင်ရာလုပ်ငန်းတွေကို အစဉ်တစိုက် ကြိုးပမ်း လုပ်ဆောင်ခဲ့တဲ့ စာပေပညာရှင်ကြီး တစ်ဦးတို့ကို တစ်သက်တာဆု ချီးမြှင့်ခဲ့ပါတယ်။ အခုနှစ်မှာလည်း စာရေးဆရာကြီးတစ်ဦးနဲ့ စာပေပညာရှင် ကြီးတစ်ဦးကို အမျိုးသားစာပေ တစ်သက်တာဆု ချီးမြှင့်မှာဖြစ်တဲ့အတွက် ကြည်နူးပီတိ ဖြစ်ရပါတယ်။
စာပေပညာရှင်ကြီးများနဲ့ ဧည့်သည်တော်များခင်ဗျား
စာပေဆုတွေကို ရွေးချယ်ရာမှာလည်း ပြောင်းလဲလာတဲ့ ခေတ်စနစ်နှင့် အညီ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ အမှန်တကယ် ထိုက်တန်တဲ့ စာအုပ်တွေကို ဆုရွေးချယ်ချီးမြှင့်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် စာပေရေးရာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီကို အဖွဲ့ဝင် ၅၄ ဦးနဲ့ ဖွဲ့စည်းပေးခဲ့ပြီး ပဏာမရွေးချယ်မှုအဆင့်၊ ဆန်ခါတင် ရွေးချယ်မှုအဆင့်၊ အတည်ပြုရွေးချယ်မှုအဆင့်ဆိုပြီး အဆင့် ၃ ဆင့်နဲ့ အဲဒီပညာရှင်တွေက လွတ်လပ်စွာ စိစစ်ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်အတွက် ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တဲ့ အကျုံးဝင်စာအုပ် ပေါင်း ၁၆၅၃ အုပ်ထဲက အမျိုးသားစာပေဆုအတွက် သတ်မှတ်ထားတဲ့ ဘာသာရပ် ၁၈ မျိုးအနက် ဘာသာရပ် ၁၀ မျိုးကို ရွေးချယ်ခဲ့ပြီးဖြစ်လို့ ဒီနေ့ အခမ်းအနားမှာ ဆုများချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု ရရှိခဲ့ကြတဲ့ ပညာရှင်ကြီးနှစ်ဦးဟာ မြန်မာ စာပေလောက ဖွံ့ဖြိုးရေးနဲ့ နိုင်ငံသူနိုင်ငံသားတွေ အသိပညာကြွယ်ဝရေး အတွက် စာကောင်းပေမွန်တွေကို တစ်သက်တာလုံး ရေးဖွဲ့ဖန်တီးခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဆရာကြီးနှစ်ဦးအနက် တစ်ဦးက ရသစာပေတွေကို တစိုက် မတ်မတ် ဖန်တီးရေးဖွဲ့ခဲ့တဲ့ စာဆိုကြီးဖြစ်ပြီး တစ်ဦးကတော့ သုတစာပေတွေ အစဉ်တစိုက် ရေးသားပြုစုခဲ့တဲ့ သုတေသီ ပညာရှင်ကြီး ဖြစ်ပါတယ်။ အသက် အရွယ်အားဖြင့်လည်း အသက် ၉၀ တန်းတွေ ဖြစ်ကြပြီး ဝယဝုဒ္ဓိ၊ ဂုဏဝုဒ္ဓိနဲ့ ပြည့်စုံကြတဲ့အတွက် ထိုက်ထိုက်တန်တန် လေးစားဂုဏ်ပြု အပ်ပါကြောင်း ပြောကြားလိုပါတယ်။
အမျိုးသားစာပေဆု ရရှိခဲ့တဲ့ စာရေးသူတွေနဲ့ စာအုပ်တွေကို ကြည့်မယ် ဆိုရင်လည်း ခေတ်အတွေး၊ ခေတ်အမြင်တွေကို ထင်ဟပ်ပြီး စေတနာစိတ်၊ စာနာစိတ်တွေ ပွားများစေနိုင်တဲ့ ရသစာပေတွေ၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် ဖြည့်ဆည်းသင့်တဲ့ ပြည်တွင်းပြည်ပဆိုင်ရာ ပညာရပ်တွေအကြောင်း ရေးသား ထားတဲ့ သုတစာပေတွေကို စာပေအဆင့်အတန်းမီအောင် ရေးဖွဲ့ထားကြတယ် လို့ ဆုရွေးချယ်ရေးအဖွဲ့က သုံးသပ်ထားပါတယ်။ ဆုရရှိကြတဲ့ စာပေပညာရှင် အားလုံးအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနဲ့ နိုင်ငံရဲ့အကျိုး၊ အများ ပြည်သူရဲ့ အကျိုးအတွက် ကလောင်စွမ်းနဲ့ ဆတက်ထမ်းပိုး ဆက်လက် သယ်ပိုးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
စာပေပညာရှင်ကြီးများနဲ့ ဧည့်သည်တော်များခင်ဗျား
နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေ အချိုးအစား ညီမျှစွာ တိုးတက်ထွန်းကားမှသာ စာပေအနုပညာနယ်ပယ် ကြီးပွားထွန်းကား လာမှာဖြစ်သလို အပြန်အလှန်အားဖြင့် စာပေအနုပညာနယ်ပယ် ကြီးပွား ထွန်းကားတာနဲ့အမျှ အသိပညာမြင့်မားတဲ့ ခေတ်မီ လူ့စွမ်းအားအရင်းအမြစ် တွေ ကြွယ်ဝလာပြီး မိမိတို့ရဲ့နိုင်ငံဟာလည်း တိုးတက်ပြည့်စုံလာမှာ ဖြစ်ပါတယ်။ စာပေအနုပညာ ကဏ္ဍအသီးသီးက ပညာရှင်တွေအနေနဲ့ မိမိတို့ရဲ့ အနုပညာကို အရည်အသွေးမြင့်မားစွာနဲ့ လွတ်လပ်စွာ ဖန်တီးပုံဖော်နိုင်အောင် နိုင်ငံတော်ကလည်း တတ်စွမ်းသမျှ ကူညီဖြည့်ဆည်းပေးလျက်ရှိပါတယ်။ မိမိတို့ရဲ့ ဖန်တီးမှုလက်ရာကို ကာကွယ်စောင့်ရှောက်နိုင်မယ့် စာပေအနုပညာ မူပိုင်ခွင့်ဥပဒေကိုလည်း ၂၀၁၉ ခုနှစ်မှာ ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ ဉာဏပစ္စည်း မူပိုင်ခွင့်တွေကို စနစ်တကျကာကွယ်စောင့်ရှောက်နိုင်ခြင်းဟာ နိုင်ငံရဲ့ လူမှု စီးပွားဘဝ ဖွံ့ဖြိုးရေးနှင့် ယဉ်ကျေးမှု တိုးတက်ထွန်းကားရေးကိုပါ အထောက် အကူပြုမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုကြီး အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းငြိမ်းချမ်း ရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးတို့အတွက် ပြည်သူများရဲ့ ပူးပေါင်းပါဝင်မှုဟာ အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ ပြည်သူအားလုံး ဒီမိုကရေစီ အလေ့အထကောင်းတွေ ရရှိအောင် အသိပညာ ကြွယ်ဝစေဖို့၊ ဒီမိုကရေစီကို မြတ်နိုးတန်ဖိုးထားတတ်ဖို့၊ မတူကွဲပြားမှုတွေကို နားလည်လက်ခံတတ်စေဖို့၊ တိုင်းရင်းသားညီအစ်ကို မောင်နှမအချင်းချင်း ရင်းနှီးချစ်ခင်စိတ်တွေ ခိုင်မာစေဖို့ ‘စာပေ’ ဟာ အများကြီးအထောက်အကူ ပေးနိုင်တဲ့ ကဏ္ဍတစ်ခု ဖြစ်ပါတယ်။
စာပေဟာ လူပုဂ္ဂိုလ် တစ်ဦးချင်းအတွက်သော်လည်းကောင်း၊ အစုအဖွဲ့ အတွက် သော်လည်းကောင်း လူမှုဘဝ ရှင်သန်ဖွံ့ဖြိုးရေးမှာ အထောက်အကူပြု နိုင်စွမ်း ရှိပါတယ်။ အသိဉာဏ်အမြင် ပွင့်လင်းစေသလို ဆင်ခြင်တွေးခေါ်မှု အတွက်လည်း အားဆေးသဖွယ် ဖြစ်ပါတယ်။ ဒါ့အပြင် စာကောင်းပေမွန်များဟာ အချိန်ကာလ အပိုင်းအခြား မရှိဘဲ၊ နယ်မြေဒေသ အပိုင်းအခြားမရှိဘဲ စာပေ ဩဇာသက်ရောက်မှုရှိပါတယ်။ ဒါကြောင့် စာပေပညာရှင်တွေက ပြည်သူ အများ အမှားအမှန် ပိုင်းခြားဝေဖန်နိုင်တဲ့ ဉာဏ်အမြော်အမြင် တိုးတက်မြင့်မား စေမယ့် စာပေတွေကို စိတ်စေတနာပြည့်ဝစွာနဲ့ ဖန်တီးရေးဖွဲ့ပေးကြပါလို့ နှိုးဆော်အပ်ပါတယ်။ စာပေပြုစုသူတွေဟာ စာဖတ်ပရိသတ်တွေ မှန်ကန်တဲ့ အသိအမြင် ရရှိဖို့နဲ့ မွန်မြတ်တဲ့စိတ်ထားတွေ ကိန်းအောင်းဖြစ်ပေါ်စေဖို့ ဦးတည်လမ်းညွှန်ပေးဖို့ လိုအပ်တယ်လို့ ရှုမြင်ပါတယ်။
စာပေစွမ်းအားနဲ့ နိုင်ငံတော်အကျိုး၊ ပြည်သူအကျိုး တိုးတက်အောင် ဆောင်ရွက်ခဲ့ကြတဲ့ စာဆိုတော် ပညာရှင်ကြီးများကို ချီးကျူးဂုဏ်ပြုခြင်းဟာ မင်္ဂလာတစ်ပါး ဖြစ်ပါတယ်။ ဒီအစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်း ကြပြီး မျိုးဆက်သစ်တွေထံ လက်ဆင့်ကမ်းကြရန် လိုအပ်ပါတယ်။ မျိုးဆက်သစ် တွေကလည်း စာပေဆိုင်ရာ ကျင့်ဝတ်နီတိတို့ကို ထိန်းသိမ်းပြီး ခေတ်ကာလ အခြေအနေနဲ့ လိုက်လျောညီထွေတဲ့ တိုင်းပြုပြည်ပြုစာပေတွေ၊ တိုင်းကျိုး ပြည်ကျိုးစာပေတွေကို ရေးသားသီကုံးဖွဲ့ဆိုနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။
ယနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ စာပေပညာရှင်ကြီးများ၊ စာပေဆုရရှိသူများ၊ အထူးသဖြင့် အခုလို စာပေဆုတွေ အောင်မြင်စွာ ချီးမြှင့် နိုင်အောင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်တွေနဲ့အညီ အစည်းအဝေးတွေ ကျင်းပ ပြုလုပ်ပြီး စာပေစေတနာ အပြည့်အဝနဲ့ ဆောင်ရွက်ပေးခဲ့ကြတဲ့ အမျိုးသား စာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များ၊ ပညာရှင်များ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနဲ့ မြန်မာစာပေလောက ခိုင်မြဲ စည်ပင်ဖွံ့ဖြိုးရေးအတွက် ဆက်လက်ပါဝင် ကူညီပေးကြဖို့ မေတ္တာရပ်ခံ အပ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
- Log in to post comments