နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများနှင့် တွေ့ဆုံလမ်းညွှန် အမှာစကားပြောကြား

Image not available
 
 
နေပြည်တော် ဖေဖော်ဝါရီ ၁၁
 
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများအား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ လမ်းညွှန် အမှာစကားပြောကြားသည်။
 
တွေ့ဆုံပွဲသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဖေမြင့်၊ ဦးဝင်းခိုင်၊ ဦးသိန်းဆွေ၊ ဒေါက်တာမျိုးသိမ်းကြီး၊ နိုင်သက်လွင်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး
ဦးခင်မောင်မြင့်(ခ)ဦးဒိတ်၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစိုင်းစိန်လင်း၊ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအားတီယောဟန်၊ ရဝမ်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဦးရန်နမ်းဖုန်၊ ကယားပြည်နယ် ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလှမျိုးဆွေ၊ ကရင် ပြည်နယ် မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမင်းတင်ဝင်း၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နန်းမွှေးမွှေးခင်၊ ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်း၊ တနင်္သာရီတိုင်း ဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစောလုကာ၊ ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်ဆေး၊ မကွေးတိုင်း ဒေသကြီး ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလှထွန်း၊ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင်(ခ)ဦးကျော်စိန်၊ မွန်ပြည်နယ် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးရွှေမြင့်၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နန်းစံဝင့်ခိုင်၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအောင်မြင့်ခိုင်၊ ရခိုင်ပြည်နယ် ချင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးပုန်ဘွေ၊ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရှမ်းပြည်နယ် ကချင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇုတ်ဒေါင်၊ လားဟူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးယောသပ်၊ အင်းသားတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်၊ ဧရာဝတီတိုင်းဒေသကြီး ကရင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ ရခိုင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်စောတို့ တက်ရောက်ကြသည်။
 
စုံစုံညီညီတွေ့ခွင့်ရ
 
နိုင်ငံတော်သမ္မတက လမ်းညွှန်အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများကို ယခုကဲ့သို့ စုံစုံညီညီတွေ့ခွင့်ရသည့်အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း။
 
မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်း ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး၍ ဆောင်ရွက်နေသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် ပြည်ထောင်စု တိုင်းရင်း သားအားလုံး လက်ခံနိုင်မည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရန် ကြိုးစားနေပါကြောင်း၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက်နိုင် သေးမီ ကြားကာလဖြစ်သည့် ယခုအချိန်တွင်လည်း တိုင်းရင်းသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် မိမိတို့အစိုးရအဖွဲ့အနေဖြင့် တတ်နိုင်သမျှ ကြိုးပမ်း ဆောင်ရွက်နေပါကြောင်း၊ ထိုသို့ဆောင်ရွက်သည့်နေရာတွင် ပြည်ထောင်စုအဆင့်၌ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင်လည်း သတ်မှတ်ချက်နှင့် ကိုက်ညီ သည့် တိုင်းရင်းသားများအလိုက် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများနှင့် ဆောင်ရွက်လျက်ရှိပါကြောင်း။
တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိသည့် သက်ဆိုင်ရာလူမျိုးစုများက တိုက်ရိုက်ရွေးချယ်ထားသည့် ကိုယ်စားလှယ်များဖြစ်ကြပါကြောင်း၊ မိမိတို့နှင့်သက်ဆိုင် သည့် လူမျိုးစုများ၏ အရေးကိစ္စများကို ဆောင်ရွက်ပေးရန် တာဝန်ရှိသူများလည်း ဖြစ်ကြပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိစ္စရပ်များတွင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ ပါဝင်ကူညီ ဆောင်ရွက်ပေးရန် လိုအပ်လှပါကြောင်း။
 
တတ်နိုင်သမျှကူညီပံ့ပိုး
 
အထူးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပိုမို အောင်မြင်စေရန် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများပါဝင်ကူညီဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nation-wide Ceasefire Agreement -NCA) ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အထိ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သော်လည်း လက်မှတ်မရေးထိုးရသေးသည့်အဖွဲ့များကျန်ရှိနေသေးသည့် အချို့ဒေသများတွင် တိုက်ပွဲများ ဖြစ်နေဆဲရှိသည်ကို ဝန်ကြီးများအသိပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျန်နေသေးသည့်အဖွဲ့များ NCA လက်မှတ် ရေးထိုးရေး၊ တိုက်ပွဲများရပ်တန့်ရေးတို့တွင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများအနေဖြင့် မိမိတို့သက်ဆိုင်ရာ တိုင်းရင်းသားအလိုက် မည်သို့ကူညီဆောင်ရွက်ပေးနိုင်မည် ကို စဉ်းစားသုံးသပ်ပြီး တတ်နိုင်သမျှကူညီပံ့ပိုးကြစေလို ပါကြောင်း။
 
တိုင်းရင်းသားလူမျိုးပေါင်းစုံ မတူကွဲပြားကြွယ်ဝမှု သည် ပြည်ထောင်စု၏အလှတရားဖြစ်ပြီး သဘောထားချင်း ထင်ဟပ်ညှိနှိုင်းပေါင်းစပ်လိုက်ပါက မိမိတို့နိုင်ငံအတွက်အင်အားဖြစ်ပါကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည် လျှောက်လှမ်းကြရာတွင် မတူညီသည့်မျိုးနွယ်စုများအကြား နားလည်မှု၊ ယုံကြည်မှုများ တိုးပွားလာခြင်းဖြင့် မလိုလား အပ်သည့် ပဋိပက္ခများလျှော့ချနိုင်ပြီး အပြန်အလှန် အသိ အမှတ်ပြုမှု၊ အပြန်အလှန်လေးစားမှု၊ တန်ဖိုးထားမှုများကိုမြှင့်တင်နိုင်ရန် အရေးကြီးပါကြောင်း၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဆောင်ရွက်နေသည့် တစ်ချိန်တည်းတွင် မျိုးနွယ်စုများအချင်းချင်းအကြားတွင် သင်္ကာမကင်းမှုများ၊ စိုးရိမ်မှုများ၊ အငြင်းပွားမှုများ လျော့နည်းစေအောင် ယနေ့ တက်ရောက်လာကြသည့် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများက ကြားဝင်ပြီး ရင်ကြားစေ့ပေးနိုင်ခြင်းကလည်း အခရာကျပါကြောင်း။
 
တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် ပြည်ထောင်စု မပြိုကွဲရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်အဓိကဆက်စပ်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို စကားဖြင့်ပြောဆိုတည်ဆောက်နေ၍ မရပါ ကြောင်း၊ တိုင်းရင်းသားအချင်းချင်း ထိတွေ့ဆက်ဆံမှု၊ တစ်ဦးနှင့်တစ်ဦး စာနာထောက်ထားမှု၊ တစ်ဦး၏ အခက် အခဲကို တစ်ဦးကနားလည်နိုင်မှု၊ တစ်ဦး၏ ယဉ်ကျေးမှုဓလေ့ ထုံးစံများကို တစ်ဦးကလေးစားမှု စသည်တို့ရှိမှသာ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ခိုင်မြဲမည်ဖြစ်ပါကြောင်း။
 
ထို့ကြောင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများအနေဖြင့်လည်း မိမိတို့သက်ဆိုင်ရာ မျိုးနွယ်စုနှင့် သာမကဘဲ ပြည်ထောင်စု၏ အခြားတိုင်းရင်းသားများနှင့် အမြဲထိတွေ့ ဆက်ဆံကြရန် လိုအပ်ပါကြောင်း၊ မြင်ပါများသည့်အခါ ရင်းနှီးကျွမ်းဝင်မှုရှိပြီး ရင်းနှီးကျွမ်းဝင်သည်နှင့်အမျှ ယုံကြည်မှုတိုးပွားလာမည် ဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းရင်း သားမျိုးနွယ်စုများနှင့် တခြားတိုင်းရင်းသားများ ထိတွေ့ ဆက်ဆံမှုပိုရရှိမည့် ကိစ္စရပ်များ၊ နားလည်မှုပိုမိုရရှိနိုင်မည့် ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်း လိုပါကြောင်း၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ အနေဖြင့် မိမိတို့တိုင်းရင်းသားလူမျိုးစုများနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့်က ဆောင်ရွက်ပေးရမည့်ကိစ္စများ၊ အကြံပြုလိုသည့်ကိစ္စများရှိပါက တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက် နိုင်ပါကြောင်း။
 
ပူးပေါင်းဆောင်ရွက်ကြမည်ဟု ယုံကြည်
 
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ အနေဖြင့် နိုင်ငံတော်အကျိုး၊ မိမိတို့တိုင်းဒေသကြီး/ ပြည်နယ်အကျိုး နှင့် မိမိတို့တိုင်းရင်းသားများ၏ အကျိုးစီးပွားအတွက် ဒေသစွဲ၊ ပါတီစွဲမထားဘဲ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် စည်းစည်းလုံးလုံး ပူးပေါင်း ဆောင်ရွက်ကြမည်ဟုလည်း ယုံကြည်ပါကြောင်း။
 
မိမိတို့အစိုးရအဖွဲ့အနေဖြင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းသည် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်ပါတီအတွက် လုပ်ဆောင် နေခြင်းမဟုတ်ပါကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသား များ၏ အမျိုးသားအကျိုးစီးပွားအတွက် နိုင်ငံတော် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပြည်သူ များ၏ လူမှုစီးပွားဘဝ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ယင်းကို တိုင်းရင်းသား ပြည်သူများအားလုံး နားလည်သဘောပေါက်ပြီး နိုင်ငံတော် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် အားလုံးပါဝင်လာ ရန်အတွက် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ အနေဖြင့် မိမိသက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးများကို ရှင်းပြပေးစေ လိုပါကြောင်း၊ ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်း ပိုမိုထိတွေ့ဆက်ဆံပြီး တစ်ဦးနှင့်တစ်ဦး နားလည်မှု၊ ယုံကြည်မှု၊ တန်ဖိုးထားမှု၊ လေးစားမှုများကို အပြန်အလှန် တည်ဆောက်ကြပါ၊ ပြည်ထောင်စုစိတ်ဓာတ် ကိန်းအောင်း နေစေရန် ဆောင်ရွက်ပေးကြပါ၊ အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် စည်းလုံးညီညွတ်စွာ တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီပေးကြပါ ဟု ပြောကြားသည်။
 
ထို့နောက် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဦးဇော်အေးမောင်၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး နန်းစံဝင့်ခိုင်၊ လီဆူတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးအားတီယောဟန်၊ ကရင်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးနှင့် အင်းသားတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်တို့က ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းနိုင်ရေးနှင့် ငြိမ်းချမ်းရေး ရရှိနိုင်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့် အရေးကာကွယ်စောင့်ရှောက်ရေး၊ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်စပ်လျဉ်း၍ လိုအပ်ချက်များကို တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားစာပေ သင်ကြား ရေး၊ ဆရာ ဆရာမများ ခန့်ထားရေး၊ သင်ရိုးညွှန်းတမ်း စာအုပ်များ ပုံနှိပ်ထုတ်ဝေရေးတို့နှင့် စပ်လျဉ်း၍ ဆောင်ရွက် ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
 
ငြိမ်းချမ်းမှ ဖွံ့ဖြိုးတိုးတက်မည်
 
နိုင်ငံတော်သမ္မတက တင်ပြချက်များနှင့်စပ်လျဉ်း၍နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကိုရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ရေးနှင့် ခေတ်နှင့်အညီ မြှင့်တင်နိုင်ရေးအတွက်အထူးအားပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားများ အားလုံး ခွင့်တူညီတူ၊ တန်းတူညီမျှရှိစေရန်နှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အားလုံး ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဖွံ့ဖြိုး ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် လိုအပ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးသည် ဒွန်တွဲနေပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှ ငြိမ်းချမ်းမည်ဖြစ်ပြီး ငြိမ်းချမ်းမှ ဖွံ့ဖြိုး တိုးတက်မည် ဖြစ်ပါကြောင်း၊ ယင်းကို တိုင်းရင်းသားအားလုံး ထဲထဲဝင်ဝင် သိရှိနားလည်သဘောပေါက်ရန် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများအနေဖြင့် တစ်ဆင့်စကားတစ်ဆင့် နားဖြင့် ဖြန့်ဝေပေးရန်လိုအပ်ပါကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရည်မှန်းချက်ထားဆောင်ရွက်ရာတွင် အားလုံးတက်ညီ လက်ညီ ဝိုင်းဝန်းကြိုးစားပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
 
 
သတင်းစဉ်