
နေပြည်တော် ဩဂုတ် ၂၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့နံနက် ၈ နာရီတွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် တတိယအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်မှ ပါဝင်တက်ရောက်သည်။
အစည်းအဝေးတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ ထောင်လွန်းဆီဆုလစ် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် ဝန်ကြီးချုပ် မစ္စတာ လီခချန်းတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်သည်။ အစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဟွန်ဆင်၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ပရာယုဒ်ချန်အိုချာနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု တို့လည်း တက်ရောက် ခဲ့ကြသည်။
အစည်းအဝေးကို မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု ဖြစ်ပေါ်တိုးတက်မှု မှတ်တမ်းဗီဒီယို ပြသ၍ ဖွင့်လှစ်သည်။ အစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်များ သည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ အပေါ် သုံးသပ်မှုပြုခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်မှု မူဘောင် ၏ အနာဂတ်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ချစ်ကြည် ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တရုတ်နိုင်ငံမှ အကူအညီများပေးအပ်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဆွေးနွေးရာတွင် COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် အသက် ဆုံးရှုံးခဲ့ရသူများ၊ ထိခိုက်ခံစားခဲ့ရသူများအတွက် ဝမ်းနည်း ပါကြောင်းနှင့် COVID-19 ကပ်ရောဂါကို မှန်ကန်သော စီမံခန့်ခွဲမှုများဖြင့် အောင်မြင်စွာ ထိန်းချုပ်ထားနိုင်ခဲ့ခြင်း အတွက် မဲခေါင်-လန်ချန်း နိုင်ငံများ၏ အစိုးရအဖွဲ့များကို ချီးကျူးပါကြောင်း၊ မြန်မာနိုင်ငံ၏ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းစဉ်အတွက် တရုတ်နိုင်ငံမှ အကူ အညီများပေးအပ်ခဲ့ခြင်းကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ပေါင်းစည်းမှုအင်အားသည် များစွာအရေးကြီး
ဆက်လက်၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ က ဆွေးနွေးရာ၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက် မှုသည် မဲခေါင်ဒေသ ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုကို အကျိုးပြုပြီး အာဆီယံအသိုက်အဝန်း တည်ထောင်ရေးနှင့် ၂၀၃၀ ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ အကောင်အထည်ဖော် ရေး လုပ်ငန်းစဉ်များကိုလည်း အထောက်အကူပြုလျက် ရှိပါကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် သာယာဝပြော ရေးတို့ တိုးမြှင့်ရရှိရေး၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝ ဘေးအန္တရာယ်များ၊ တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လူကုန်ကူးမှု၊ အကြမ်းဖက်မှုနှင့် လက်နက်ခဲယမ်းများ တရားမဝင်ရောင်းဝယ်မှု စသည့်သမားရိုးကျ မဟုတ်သော စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရေး လုပ်ငန်းစဉ်များတွင် မဲခေါင်-လန်ချန်း နိုင်ငံများ၏ ပေါင်းစည်းမှုအင်အားသည် များစွာအရေးကြီးပါကြောင်း ပြောကြားသည်။
လွယ်ကူချောမွေ့စွာ ဆောင်ရွက်
ထို့ပြင် အနာဂတ်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက် မှုအနေဖြင့် ကမ္ဘာတစ်ဝန်းတွင် လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုများနှင့် အနာဂတ်ကာလ၏ စိန်ခေါ်မှုများအား ဖြေရှင်းနိုင်ရေးကိုမျှော်မှန်း၍ ကျန်းမာရေး ကဏ္ဍအပါအဝင် ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ်များအား အချိန်ကိုက် တိုးချဲ့နိုင်ခဲ့ခြင်းအတွက် ချီးကျူးပါကြောင်း၊ ကူးစက်ရောဂါ များ အထူးသဖြင့် COVID-19 ကပ်ရောဂါအတွက် ကာကွယ် ဆေးသုတေသနပြုမှုနှင့် ကာကွယ်ဆေးထုတ်လုပ်မှု ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် လိုအပ်ကြောင်း၊ ထို့အပြင် အဆိုပါကာကွယ်ဆေးများကို လူတိုင်း လက်လှမ်းမီ သုံးစွဲခွင့်ရရှိနိုင်ရေးအတွက် လုပ်ငန်း အစီအစဉ်တစ်ရပ်အား ထူထောင်သွားရန် လိုအပ်ကြောင်း၊ ဒေသတွင်း ပေါင်းစည်းဆက်နွှယ်မှု မြှင့်တင်ရေးနှင့် စီးပွားရေးပေါင်းစည်းမှုတို့သည် ကုန်စည်လွတ်လပ်စွာ စီးဆင်းမှု၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလာမှု၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေးနှင့် အခြားသော ပူးပေါင်း ဆောင်ရွက်မှုများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရန် အတွက် များစွာအရေးကြီးကြောင်း ထည့်သွင်းပြောကြား သည်။
ရန်ပုံငွေများ ထောက်ပံ့ကူညီ
ဆက်လက်၍ နိုင်ငံတော်သမ္မတက မဲခေါင်နိုင်ငံများ အနေဖြင့် ၎င်းတို့၏သက်ဆိုင်ရာ နိုင်ငံအလိုက် အမျိုးသား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာများအား ချိတ်ဆက် အထောက်အကူပြုရန်အတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်မှ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ထူထောင်ပေးပြီး ရန်ပုံငွေများ ထောက်ပံ့ကူညီပေးလျက် ရှိသည့် တရုတ်နိုင်ငံအစိုးရအား ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ယင်းအစည်းအဝေးက အနာဂတ်လုပ်ငန်းအစီအစဉ် များအတွက် မူဝါဒလမ်းညွှန်တစ်ရပ်အဖြစ် “ဗီယင်ကျန်း ကြေညာစာတမ်း” နှင့် “မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုနှင့် အပြည်ပြည်ဆိုင်ရာ ကုန်း-ရေ နှစ်သွယ် ကုန်သွယ်ရေးစင်္ကြံသစ်အကြား ချိတ်ဆက်ဆောင်ရွက်ရေး ပူးတွဲဥက္ကဋ္ဌ ကြေညာချက်” တို့အား အတည်ပြုထုတ်ပြန် ခဲ့သည်။ ဗီယင်ကျန်း ကြေညာစာတမ်း၌ COVID-19 အလွန် ကာလ စီးပွားရေးပြန်လည်ထူထောင်ရေး၊ ဒေသတွင်း ပေါင်းစည်းဆက်နွှယ်မှု မြှင့်တင်ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု ရရှိရန်အတွက် အခြေအနေကောင်းများ ဖန်တီး ပေးရေး၊ ပြည်သူ့ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် သမားရိုးကျမဟုတ်သော စိန်ခေါ်မှုများ ဖြေရှင်းရေးတို့ကို အနာဂတ်ဦးစားပေးလုပ်ငန်းများအဖြစ် ဖော်ပြထားသည်။
မိန့်ခွန်း တစ်ရပ်ပြောကြား
ဆွေးနွေးမှုများအပြီးတွင် မြန်မာနိုင်ငံသို့ လာအိုနိုင်ငံမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းလက်ခံရယူသည့်အစီအစဉ်ကို ကျင်းပ ရာ နိုင်ငံတော်သမ္မတက မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်၏ ပူးတွဲဥက္ကဋ္ဌတာဝန်ကို လာအို နိုင်ငံဝန်ကြီးချုပ်ထံမှ လွှဲပြောင်းရယူပြီးနောက် မိန့်ခွန်း တစ်ရပ်ပြောကြားသည်။ မြန်မာနိုင်ငံအနေဖြင့် အမြဲတမ်း ပူးတွဲဥက္ကဋ္ဌဖြစ်သည့် တရုတ်နိုင်ငံနှင့်အတူ လာမည့် (၂) နှစ်တာ ကာလအတွက် ပူးတွဲဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်သွားရမည်ဖြစ်သည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို ကမ္ဘော ဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ များက ဒေသတွင်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့ကို ဖော်ဆောင်သွားရန်၊ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များကိုလျှော့ချရန်နှင့် နိုင်ငံများ၏ အလုံးစုံပါဝင်သော စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး ကြိုးပမ်းမှုများအား အထောက်အကူပြုရန်ရည်ရွယ်၍ ၂၀၁၆ ခုနှစ်တွင် တရားဝင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာအား အထောက်အကူ ပြုနိုင်စေရန်အတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက် မှု အထူးရန်ပုံငွေမှ စီမံကိန်း (၅၁) ခုအတွက် စုစုပေါင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁၆ ဒသမ ၃) သန်းအား မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်။
တတိယအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံတော်သမ္မတ ရုံးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အမြဲတမ်း အတွင်းဝန်များနှင့် အဆင့်မြင့်အရာရှိကြီးများ ပါဝင် တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်