နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို ဗုဒ္ဓဂါယာ မဟာဗောဓိစေတီတော်မြတ်ကြီးတွင် ထားရှိအပူဇော်ခံရန် ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်မြတ်အား ပေးအပ်လှူဒါန်းပြီး သတ္တသတ္တာဟ (၇)ဌာနအား လှည့်လည်ဖူးမြော်ကြည်ညို

Image not available


 

ဂယာ ဖေဖော်ဝါရီ ၂၈

အိန္ဒိယသမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေ သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် ယနေ့တွင် အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဂယာမြို့ရှိ ဗုဒ္ဓဂါယာ မဟာဗောဓိစေတီတော်တွင် ထားရှိအပူဇော်ခံရန် ဉာဏ်တော် ၃၆ လက်မ အမြင့်ဆောင်သည့် ကြေးသွန်း ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပေးအပ်လှူဒါန်းပြီး သတ္တသတ္တာဟ (၇)ဌာနအား လှည့်လည်ဖူးမြော်ကြည်ညိုကြသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင် အထူးလေယာဉ်ဖြင့် နယူးဒေလီမြို့မှ ထွက်ခွာကြရာ အိန္ဒိယနိုင်ငံ အစားအသောက်ထုတ်လုပ်ရေး စက်မှုလုပ်ငန်းဆိုင်ရာ ဒုတိယဝန်ကြီး ရှရီ ရာမစ်ရှ်ဝါ တီလီ၊ မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ် သိန်းဇော်နှင့် ဇနီး၊ မြန်မာ သံရုံးနှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ကြိုဆိုနှုတ်ဆက်
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲ တွင် ဂယာမြို့သို့ရောက်ရှိကြရာ မြန်မာကောင်စစ်ဝန်ချုပ် ဦးမြင့်စိုးနှင့် ဇနီး၊ ကောင်စစ်ဝန်ချုပ်ရုံးနှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဂယာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် Mahabodhi ဟိုတယ်သို့ ရောက်ရှိ ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် အဖွဲ့ဝင်များနှင့်အတူ မဟာဗောဓိ စေတီတော်သို့သွားရောက်၍ မဟာဗောဓိရုပ်ပွားတော် မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေကြာသင်္ကန်းတော်တို့ကို ဆက်ကပ်လှူဒါန်းပြီး အလှူငွေ များ ပေးအပ်လှူဒါန်းသည်။
ပေးအပ်လှူဒါန်း
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် အဖွဲ့ဝင်များနှင့်အတူ ဂယာမြို့ မဟာဗောဓိစေတီတော်အနီးရှိ ဗုဒ္ဓဂါယာ မဟာဗောဓိပင်နှင့် ရွှေပလ္လင်တော်၌ ထားရှိအပူဇော်ခံရန် ဉာဏ်တော် ၃၆ လက်မ အမြင့်ဆောင်သည့် ကြေးသွန်းဗုဒ္ဓရုပ်ပွား တော်မြတ် ပေးအပ်လှူဒါန်းပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ကြည်ညိုကြသည်။
ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်မြတ် ပေးအပ်လှူဒါန်း ပူဇော်ပွဲ အခမ်းအနားသို့ နိုင်ငံတော် ဗဟိုသံဃဝန်ဆောင်၊ ပရဒေသီ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဗုဒ္ဓဂါယာ မြန်မာကျောင်းဆရာတော် ဘဒ္ဒန္တ ဉာဏိန္ဒ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူမား၊ မြန်မာ ကောင်စစ်ဝန်ချုပ် ဦးမြင့်စိုးနှင့် ဇနီး၊ ကောင်စစ်ဝန်ချုပ်ရုံး နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့က ဗုဒ္ဓဂါယာ မဟာဗောဓိစေတီတော် မြတ်ကြီးတွင် ထားရှိအပူဇော်ခံရန် ဉာဏ်တော် ၃၆ လက်မ အမြင့်ဆောင်သည့် ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်မြတ်ကို ပေးအပ်လှူဒါန်းရာ B.T.M.C ဆရာတော် ဦးစာရိန္ဒ(အိန္ဒိယ) က လက်ခံရယူသည်။
ထို့နောက် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဆရာတော်၊ ပရဒေသီ သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဗုဒ္ဓဂါယာ မြန်မာ ကျောင်းဆရာတော် အမှူးပြုသော ဆရာတော် သံဃာတော် များက ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်မြတ်ကို ကျမ်းဂန်တော် လာ ထုံးတမ်းစဉ်လာများနှင့်အညီ ဗုဒ္ဓါဘိသေက အနေ ကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းတော်မူကြသည်။
လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်း
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဗုဒ္ဓဂါယာ မြန်မာကျောင်း တိုက်အုပ် ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ တေဇိန္ဒထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီး တို့သည် မဟာဗောဓိပင်အား ရွှေဆိုင်းများ ဆက်ကပ် လှူဒါန်းပြီး အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် မဟာဗောဓိ စေတီတော် အထက်ပစ္စယာရှိ ဘူမိဖဿ ဗုဒ္ဓရုပ်ပွားတော် မြတ်အား ပန်း၊ ရေချမ်းနှင့် ရွှေကြာသင်္ကန်းတို့ကို ဆက်ကပ် လှူဒါန်းပြီး သတ္တ သတ္တာဟ(၇)ဌာနကို လှည့်လည်ဖူးမြော် ကြည်ညိုကာ ဆဋ္ဌမသတ္တာဟ ဖြစ်သည့် မုဉ္စလိန္ဒာ ရေကန်၌ ငါးစာကျွေးပြီး ဒါနပြုသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အဖွဲ့ဝင်များနှင့်အတူ ဗုဒ္ဓဓာတ်ပုံပြခန်းကို သွားရောက် ကြည့်ရှုလေ့လာပြီး Meditation Park ၌ ငြိမ်းချမ်းရေး ခေါင်းလောင်းထိုးကြသည်။
ထို့နောက် ဗုဒ္ဓဂါယာရှိ ဧည့်ခန်းမဆောင်သို့ရောက်ရှိရာ ဗုဒ္ဓဂါယာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဗုဒ္ဓဂါယာနှင့် သတ္တသတ္တာဟ(၇)ဌာန၏ နောက်ခံသမိုင်း အကျဉ်းနှင့် အဆိုပါ နေရာများအား ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် သတ္တသတ္တာဟ(၇)ဌာန ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကြပြီး အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
တက်ရောက်ကြည်ညို
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် အဖွဲ့သည် ဗုဒ္ဓဂါယာ မြန်မာဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိကြပြီး မြန်မာကျောင်းပဓာနနာယက ဆရာတော် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဉာဏိန္ဒ အမှူးပြုသော မဟာအောင်မြေကျောင်း၊ ရခိုင်မွန်ကျောင်း၊ ကမ္ဘောဇ ရှမ်းကျောင်း၊ မဟာဗောဓိဓမ္မရိပ်သာကျောင်း၊ ရခိုင်ကျောင်းနှင့် ရာမညမွန်ကျောင်းစသည့် ဗုဒ္ဓဂါယာရှိ မြန်မာဘုန်းတော်ကြီးကျောင်း ၁၃ ကျောင်းတို့မှ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုပြီး ပရိက္ခရာ ရှစ်ပါးနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် အဖွဲ့ဝင်များက နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်၊ ပရဒေသီ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဗုဒ္ဓဂါယာ မြန်မာကျောင်းဆရာတော်ကြီး ဘဒ္ဒန္တ ဉာဏိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာ တော် သံဃာတော်များ ရွတ်ဖတ်သရဇ္ဈာယ်သော မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က အခမ်းအနားသို့ ကြွရောက်ချီးမြှင့်တော်မူသော ဗုဒ္ဓဂါယာ မြန်မာကျောင်းဆရာတော်ကြီး အမှူးပြုသော ဆရာတော် များအား နဝကမ္မ အလှူငွေများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သူရဦးအောင်ကို၊ ဦးသန့်စင်မောင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့က ပရိက္ခရာရှစ်ပါးနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် ဧည့်ပရိသတ် များက ဗုဒ္ဓဂါယာ မြန်မာကျောင်း တိုက်အုပ်ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ တေဇိန္ဒထံမှ အနုမောဒနာ တရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းလောင်း အမျှပေးဝေကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် မင်းတုန်းမင်းကျောက်စာကို သွားရောက်လေ့လာကြည့်ရှု ကြပြီး ဂျပန်ဘုရား (Daijokyo Buddhist Temple)သို့ သွားရောက်ဖူးမြော်၍ ပန်း၊ ရေချမ်း၊ ဆီမီးတို့ ကပ်လှူ ပူဇော်ကာ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ် ရေးထိုးကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဗုဒ္ဓဂါယာ မြန်မာကျောင်း တိုက်အုပ်ဆရာတော်နှင့် တာဝန်ရှိသူများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဂျပန်ဘုရားမှတာဝန်ရှိသူများ နှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ မော်တော် ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် Mahabodhi ဟိုတယ်သို့ ပြန်လည်ရောက်ရှိကြပြီး ညအိပ်ရပ်နားကြသည်။

သတင်းစဉ်