
နေပြည်တော် ဖေဖော်ဝါရီ ၈
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ ဓမ္မာနုဓမ္မမဟာဒွါရနိ ကာယ ဒုတိယဂဏာဓိပတိ၊ ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့ အမှတ်(၁၅)ရပ်ကွက် သဒ္ဓမ္မဇောတိကာရာမပါဠိ တက္ကသိုလ်တောင်ပေါ်ကျောင်းတိုက် ပဓာနနာယက ဆရာတော် သက်တော် ၈၂ နှစ်၊ သိက္ခာတော် ၆၂ ဝါရှိ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဓမ္မာလင်္ကာရ မဟာထေရ်မြတ်၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင်ကို ယနေ့တွင် ကျင်းပသည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်များ အမှူးပြုသော ပရိသတ်များက “သဗ္ဗေသင်္ခါရာ အနိစ္စာတိ” အစချီသော သုံးဂါထာရွတ်ဆိုကာ သံဝေဂဉာဏ်ပွားများ၍ အခမ်းအနား ဖွင့်လှစ်သည်။
စိန်ကတ္တီပါလွှမ်းခြုံပူဇော်
ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ငါးသိုင်းချောင်းမြို့ ရွှေရေးဆောင်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသံဝရာဘိဝံသ မထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်၏ ဥတုဇ ရုပ်ကလာပ်တော်ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးကျော်ဦးလွင်၊ မအူပင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းတို့က စိန်ကတ္တီပါလွှမ်းခြုံပူဇော်သည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သံဝေဂဉာဏ်ပွားတော်မူကြောင်း သဝဏ်လွှာကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဟင်္သာတမြို့ ဘိုးသိန်းတန် ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိသုဒ္ဓ မဟာထေရ်က ရွတ်ဖတ်ပူဇော်ပြီး ဓမ္မာနုဓမ္မမဟာဒွါရ နိကာယဗဟိုဌာန၏ သံဝေဂဉာဏ်ပွားတော်မူကြောင်း သဝဏ်လွှာကို ဟင်္သာတမြို့ လယ်တီကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညဝန္တက ဖတ်ကြားပူဇော်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ကိုယ်စား ဝမ်းနည်း ကြောင်းသဝဏ်လွှာ ဖတ်ကြားပူဇော်သည်။ ယင်းနောက် ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်းကို တောင်ပေါ် ကျောင်းတိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တသုစိတ္တသာရက ဖတ်ကြားပူဇော်ပြီး ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဈာပနပူဇော်ပွဲ ကျင်းပရေးကော်မတီသို့ အလှူငွေများ လှူဒါန်းသည်။
ပင့်ဆောင်
ထို့နောက် ကျုံပျော်မြို့နယ် စက်ကျောင်း ပြာမလော့ ဆရာတော် ဘဒ္ဒန္တဉာဏဇောတိက “ပစ္ဆိမဝန္ဒနာဂါထာ” ရွတ်ဖတ်ပူဇော်ခြင်း၊ ဇလွန်မြို့နယ် သီရိမင်္ဂလာကျောင်း ဆရာတော် ဘဒ္ဒန္တ ကဝိန္ဒာစာရက အပြစ်ရှိလျှင် သည်းခံ ခွင့်လွှတ်တော်မူပါရန် ဝန်ချတောင်းပန်လွှာ လျှောက်ထား ခြင်း၊ ပရိသတ်အားလုံးက “ အနိစ္စာဝတ သင်္ခါရာ” အစချီ သော သုံးဂါထာရွတ်ဆို သံဝေဂဉာဏ်ပွားများပြီးနောက် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် မြတ်ပန်းတိုင် ဆရာတော် ဘဒ္ဒန္တဉာဏဝီရက “အဘိယာစက နိမန္တနဂါထာ” ဖြင့် လျှောက်ထားပြီး အန္တိမအဂ္ဂိဈာပနကျင်းပရာ ဌာနသို့ အစီအစဉ်အတိုင်း ပင့်ဆောင်သည်။
ရေမျှောပူဇော်
ယင်းနောက် ဆရာတော်သံဃာတော်များ အမှူး ပြုသော ပရိသတ်အားလုံးက “အနိစ္စာဝတ သင်္ခါရာ” အစချီ သော သုံးဂါထာရွတ်ဆိုပွားများကာ ရုပ်ကလာပ်တော်ကို အန္တိမအဂ္ဂိဈာပန မီးပူဇော်ပြီး အရိုးတော်နှင့် ပြာတော် များကို ရတနာရွှေအိုး၊ ငွေအိုးအတွင်း ထည့်သွင်း၍ ဥဒက ပဝါဟန ရေမျှောပူဇော်ပြီး အန္တိမအဂ္ဂိဈာပန သာဓုကီဠန ပူဇာသဘင် အောင်မြင်စွာပြီးစီးခဲ့ကြောင်း သိရသည်။
သတင်းစဉ်