နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး အလေးထား

တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ထိရောက်အောင်မြင် စွာ ဆောင်ရွက်နိုင်ရေးအတွက်  စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို  တိုးမြှင့်ရပ်ဆိုင်း ပေးလျက်ရှိသည့်အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး ရှေ့လုပ်ငန်း စဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်  ချမှတ်၍  နိုင်ငံတော်၏  နိုင်ငံရေး၊  စီးပွားရေး၊ လူမှုရေး စသည့်ဘက်ပေါင်းစုံမှ တိုးတက်ကောင်းမွန်လာစေရန် အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိသည်။


တပ်မတော်သည် ထာဝရငြိမ်းချမ်းရေးကို ရှေးရှုလျက် စစ်ရေးဆိုင်ရာလှုပ်ရှားမှု များ ရပ်ဆိုင်းပေးခြင်းကို လွန်ခဲ့သည့်နှစ်များကတည်းက အဆက်မပြတ်ဆောင်ရွက် ပေးလျက်ရှိရာ ယခု ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်း ပေးခဲ့သည်။ စစ်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းပေးရာတွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ရပ်ဆိုင်းပေးထားသည်။


ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး    ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် ခေတ်အဆက်ဆက်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ  လွတ်လပ်ရေးရပြီးသည်မှ နှစ်ပေါင်း ၇၀ ကျော်ကြာလာသည်အထိ ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေသေးသည်။ ခေတ် အဆက်ဆက်အစိုးရများက ငြိမ်းချမ်းရေးကို ကြိုးပမ်းတည်ဆောက်ခဲ့ရာ ကုန်လွန်ခဲ့ သောနှစ်ကာလများက ငြိမ်းချမ်းရေးရောင်ခြည်များ တစ်စွန်းတစ်စပေါ်ထွက်လာခဲ့ သည်။ ငြိမ်းချမ်းရေးတွင်  အပစ်အခတ်ရပ်စဲရေးသည် ကနဦးအရေးအကြီးဆုံးဖြစ်၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆို၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် သဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့သည်။


ထာဝရငြိမ်းချမ်းရေးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြသော ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွက် အသက်တမျှအရေးကြီးသော လုပ်ငန်းစဉ် ဖြစ်သည်။ ထို့ကြောင့်ထာဝရငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်သော၊ အနှောင့်အယှက် ဖြစ်စေနိုင်သောကိစ္စရပ်များကို အထူးသတိထားရှောင်ရှားကြရမည်ဖြစ်သည်။ ယခုအခါတွင် ကမ္ဘာတစ်ဝန်းလုံးဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကို မြန်မာနိုင်ငံ တွင်လည်း ရင်ဆိုင်ကြုံတွေ့နေရပြီး ယင်းနှင့်အတူ ရပ်ရွာတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသောအကြမ်းဖက်အဖျက်လုပ်ရပ်များ ဖြစ်ပေါ် နေသည်။
ယမန်နှစ်စကတည်းက စတင်ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ရောဂါသည် ဖြစ်ပွား ချိန်ကြာမြင့်လာခဲ့ပြီး နောက်ဆက်တွဲဆိုးကျိုးအဖြစ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်အဘက်ဘက်တို့တွင် ထိခိုက်နစ်နာမှုများ  ရှိလာသည်။ ယခုအခါ သန္ဓေ ပြောင်းမျိုးကွဲများ တွေ့ရှိနေရသဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စဉ်ဆက်မပြတ် ခြေရာခံစောင့်ကြည့် ကာကွယ်ထိန်းချုပ်စစ်ဆေးမှုများ ဆောင်ရွက် လျက်ရှိသည်။  ထို့အပြင်  နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်မှုကို   အကြောင်းပြု၍ နိုင်ငံအတွင်း  မတည်မငြိမ်မှုများနှင့်  အကြမ်းဖက်လုပ်ရပ်များ   နိုင်ငံအတွင်းရှိ မြို့နယ်အချို့တွင် ဖြစ်ပေါ်လျက်ရှိသည်။ ထိုသို့ အခက်အခဲ၊ အနှောင့်အယှက်များ ကြုံတွေ့နေရသော်လည်း တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးကို မျက်ခြည် အပြတ်မခံ ဆောင်ရွက်နေသည်။


တိုင်းပြည်တည်ငြိမ်ရေးသည် ပြည်သူလူထုအတွက် အရေးကြီးသလို ကိုဗစ်-၁၉ ရောဂါသည်လည်း ပြည်သူလူထုအတွက် ပို၍ပင်အရေးကြီးပါသည်။ ငြိမ်းချမ်း ရေးသည် ပြည်ထောင်စုကြီးအတွက် အသက်တမျှအရေးကြီးသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်နေကြသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ အားလုံးအနေဖြင့် တိုင်းရင်းသားပြည်သူလူထုအားလုံးတို့၏ လိုအင်ဆန္ဒဖြစ်သည့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီလမ်းစဉ်ကို   နည်းမှန်လမ်းမှန်    လျှောက်လှမ်းနိုင်ရေးတို့အတွက် တပ်မတော်မှ   စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ  တိုးမြှင့်ရပ်စဲပေးထားသည့်ကာလ အတွင်း ညှိနှိုင်းဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်ပြီး ထာဝရငြိမ်းချမ်းရေး ရရှိအောင်  ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။   ငြိမ်းချမ်းရေးကို အလေးထားပြီး  ရောဂါကာကွယ်ရေး၊  တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ကြရမည်ဖြစ်သည်။


သို့ဖြစ်ရာ ယခုအချိန်အခါတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုအန္တရာယ် မှာ အလွန်အရေးကြီးနေပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးကို ထိရောက်စွာဆောင်ရွက် နိုင်ရန်အတွက် နိုင်ငံရေးကို  အကြောင်းပြု၍ တိုင်းပြည်မတည်မငြိမ်ဖြစ်မှုများကို သတိထားဆင်ခြင်ရန် အထူးလိုအပ်ပေသည်။ ရောဂါအန္တရာယ်နှင့် တိုင်းပြည်ထိခိုက် ဖျက်ဆီးမှုများကြောင့် ငြိမ်းချမ်းရေးနှင့်အလှမ်းဝေးမည့် အခြေအနေများ ဖြစ်ပေါ် မလာစေရန် နိုင်ငံတော်နှင့် တပ်မတော်မှထားရှိသော စေတနာအမှန်တရားများကို အသိအမှတ်ပြုလက်ခံဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။    ။