နိုဝင်ဘာ ၂၁ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၅၂၇ ဦး တွေ့ရှိ

 

ထပ်မံသေဆုံးသူ ၁၄ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၀၂၅ ဦးရှိ

(၂၁-၁၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ
 

 

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉  ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာစည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

 


ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက် လျက်ရှိပြီး (၂၀-၁၁-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၁-၁၁-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲ နမူနာစုစုပေါင်း (၂၀,၆၉၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅၂၇) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၂.၅၅) ရာခိုင်နှုန်းရှိပါသည်။

 


သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၃၇၁,၈၁၀)ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း (၅၁၇,၉၂၂) ဦး ရှိပြီဖြစ်ပါသည်။

 


ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၈၉၈)ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၄၉၀,၉၁၃)ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီးဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ (၁၄)ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း (၁၉,၀၂၅) ဦး ရှိပါသည်။

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၂၀-၁၁-၂၀၂၁) ရက်နေ့ အထိ လူဦးရေ စုစုပေါင်း (15,390,873) ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပြီးစီးသူ (10,478,302) ဦးနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ (4,912,571) ဦး ရှိပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၂၀-၁၁-၂၀၂၁) ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း (25,869,175) ကြိမ် ထိုးနှံပြီးဖြစ်ပါသည်။
 

 

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေများအား ကူးစက် ရောဂါစောင့်ကြပ်ကြည့်ရှုရေး ရက်သတ္တပတ်အလိုက် ဓာတ်ခွဲနမူနာရယူစစ်ဆေးမှု၊ ဓာတ်ခွဲအတည်ပြု လူနာတွေ့ရှိရမှုနှင့် ရောဂါပိုးတွေ့ရှိမှုနှုန်း အခြေအနေများအား စောင့်ကြပ်ကြည့်ရှုလျက်ရှိရာ အပတ်စဉ်အလိုက် ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှုနှင့် ပျမ်းမျှရောဂါပိုး တွေ့ရှိမှုနှုန်းများမှာ (၅)ရာခိုင်နှုန်းအောက်သို့ လျော့နည်းကျဆင်းလာကြောင်း တွေ့ရှိရပါသည်။ သို့ရာတွင် ပြည်သူလူထု အကြား မြုပ်ကွယ်နေသည့် ကိုဗစ်-၁၉ ရောဂါပိုးရှိနေသူများ (ဥပမာ- ရောဂါလက္ခဏာမပြသော်လည်း ရောဂါပိုးရှိနေသူများ၊ သံသယရောဂါလက္ခဏာများရှိ၍ ရောဂါပိုး ရှိနေနိုင်သော်လည်း ကျန်းမာရေး ဌာနသို့ သတင်းပေးပို့ခြင်းမရှိသူများ) ထံမှ ရောဂါပိုးအဆင့်ဆင့် ဆက်လက်ကူးစက်၍ ရောဂါဖြစ်ပွား မှုများ ပြန်လည်မြင့်တက်လာခြင်းမရှိစေရန်နှင့် ရောဂါ ကူးစက်ဖြစ်ပွားမှု ဆက်လက်လျော့ကျလာ စေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပြည်သူလူထုအနေဖြင့် မိမိတို့ကဏ္ဍအလိုက် ယခုထက်ပိုမိုပူးပေါင်း ပါဝင်ဆောင်ရွက်၍ အောက်ပါအချက်များကို တိကျစွာ လိုက်နာကြပါရန် ဖြစ်ပါသည်။


        l     အတတ်နိုင်ဆုံး မိမိတို့၏နေအိမ်များတွင်သာနေထိုင်ခြင်းနှင့် လူစုလူဝေးကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း၊


        l     နေအိမ်ပြင်ပသို့ သွားရောက်ရန်နှင့် လူအများစုဝေးရာသို့ သွားရောက်ရန်များရှိပါက ပါးစပ် နှင့် နှာခေါင်းစည်း (Mask) ကို မဖြစ်မနေ စနစ်တကျတပ်ခြင်း၊


        l     လက်ကိုမကြာခဏဆေးကြောခြင်း၊


        l     တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ခြင်း၊


        l     အလှည့်ကျရရှိလာသည့် ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့်မပျက်မကွက်ခံယူခြင်း၊


        l     သံသယရောဂါလက္ခဏာ တစ်စုံတစ်ရာရှိပါက မိမိဘာသာကုသခြင်းမျိုး မဆောင်ရွက်ဘဲ နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ်သတင်းပေးပို့၍ မိမိနှင့်အနီးကပ် ထိတွေ့ သူများအား ကျန်းမာရေးဌာနက စုံစမ်းရှာဖွေဖော်ထုတ်ရာတွင်  သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊


        l     ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ဆက်စပ်ခဲ့သူများသည်လည်း ကျန်းမာရေး ဌာနသို့သတင်းပေးပို့၍  အသွားအလာကန့်သတ်ခြင်းနှင့်  ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်း များကို ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊


    l     ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။


ကျန်းမာရေးဝန်ကြီးဌာန