
မြင့်ထွေး(ဟိုတယ်/ခရီး)
ကပ်ရောဂါ
COVID-19 ရောဂါ စတင်ဖြစ်ပွားသော ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ကမ္ဘာ့နိုင်ငံအနှံ့အပြားသို့ အလျင်အမြန်ပျံ့နှံ့ရောက်ရှိ ကူးစက်မှုများ ကြောင့် COVID-19 ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၁ ရက်နေ့တွင် သတ်မှတ် ကြေညာခဲ့ပါသည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးသွားများအပေါ် ယာယီကန့်သတ်ချက်များ၊ ဗီဇာထုတ်ပေးခြင်း များအပေါ် ယာယီရပ်ဆိုင်းသည့် အစီအမံများကို ထုတ်ပြန်ခဲ့ရပါသည်။
တစ်ဆက်တည်းပင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံ များ၊ လုပ်ငန်းခွင်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက်များကိုလည်း ထုတ်ပြန်ခဲ့ပါ သည်။ COVID-19 ရောဂါမှာ ကူးစက်ရောဂါဖြစ်သဖြင့် လူတစ်ဦးနှင့် တစ်ဦး ထိတွေ့ပြောဆို ဆက်ဆံမှုမှအစ လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က သတ်မှတ် ပြဋ္ဌာန်းမှုများနှင့်အညီ ထုတ်ပြန်ခဲ့ရာ တစ်ဦးနှင့်တစ်ဦး (၆) ပေခွာ၍ နေထိုင်ကြရန်အထိ ကျန်းမာရေး ပညာပေးအသိကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့သဖြင့် “လူချင်းခပ်ခွာခွာနေသော်လည်း၊ နှလုံးသားချင်းတော့နီးကြပါ” ဆိုသည့် ကုစားမှုတစ်ခုမှာ နွေးထွေးစရာတစ်ခု ဖြစ်ခဲ့သည်။
COVID-19 ရောဂါကို ကမ္ဘာ့နိုင်ငံအနှံ့ ပြင်းထန်စွာ ခံစားခဲ့ရမှု ကြောင့် စက်မှုလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ပြည်ပပို့ကုန်လုပ်ငန်းများ၊ ပြည်တွင်းသွင်းကုန် လုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ၊ စွမ်းအင်လုပ်ငန်းများ၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများ၊ ဓာတ်သတ္တုတူးဖော်ရေးလုပ်ငန်းများ စသည့် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုသည့် ကဏ္ဍစုံလုပ်ငန်းများ အပြင်း အထန် ထိခိုက်ခံစားခဲ့ရသည်။
အထူးသဖြင့် နိုင်ငံ၏ သဘာဝအရင်းအမြစ်များကို ထုတ်ယူသုံးစွဲ ခြင်းမရှိဘဲ ပကတိသဘာဝအလှတရားများကို အသုံးပြုကာ နိုင်ငံခြားဝင်ငွေကို အဓိကရှာဖွေပေးနေသော မြန်မာနိုင်ငံ၏ ခရီး သွားလုပ်ငန်းမှာ ဆိုးရွားသောသက်ရောက်မှုများကို အလွှာအသီးသီး တွင် အလူးအလဲ ထိခိုက်ခံစားရလျက်ရှိသည်။ အဆိုးဆုံးမှာ လုပ်ငန်း များ ရပ်ဆိုင်းခြင်း၊ ပိတ်သိမ်းခြင်း၊ ရောင်းချခြင်း၊ ဝန်ထမ်းများ လျှော့ချခြင်း၊ နစ်နာကြေးများပေး၍ ဝန်ထမ်းအဖြစ်မှ ရပ်ဆိုင်းခြင်း၊ အခြားလုပ်ငန်းများသို့ ပြောင်းလဲလုပ်ကိုင်ခြင်းများဖြင့် ခရီးသွား လုပ်ငန်းကို အပြီးအပိုင် စွန့်ခွာသွားခဲ့ကြသူများရှိခဲ့သည်။
ခရီးသွားလုပ်ငန်းမှာ အထိအခိုက်မခံသော ဝန်ဆောင်မှု လုပ်ငန်းဖြစ်ပြီး အားလုံးပူးပေါင်းပါဝင်သော စီးပွားရေးလုပ်ငန်းဖြစ် သဖြင့် ခရီးသွားလုပ်ငန်း အောင်မြင်ဖြစ်ထွန်းမှု၊ နှောင့်နှေးကြန့်ကြာမှု များကို ဖြစ်စေသည့် အခက်အခဲ အကျပ်အတည်းများကို သိရှိစေပြီး ပြင်ဆင်ဆောင်ရွက်နိုင်သည်များ ဆောင်ရွက်နိုင်ရန်အတွက် စာရေးသူ အနေဖြင့် “စိန်ခေါ်မှုများနှင့်ရှေ့ခရီး” ဆောင်းပါးကို အပြုသဘော ရေးသား၍ ပြန်ကြားရေးဝန်ကြီးဌာနသို့ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပေးပို့ခဲ့ရာ မြန်မာ့အလင်းသတင်းစာ၌ နှစ်ရက်ဆက်တိုက်အခန်းဆက် ဆောင်းပါးအဖြစ် ဖော်ပြပေးခဲ့ပါသည်။
စိန်ခေါ်မှုများ
အဆိုပါ ဆောင်းပါးတွင် ကမ္ဘာလှည့်ခရီးသည်များ ကြိုက်နှစ်သက် သည့် ခရီးစဉ်ဒေသအချို့မှာ ကန့်သတ်ဧရိယာတွင် ပါဝင်နေခြင်းများ၊ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာနိုင်သည့် အခွင့်အလမ်းများစွာရှိသော နယ်စပ်ဂိတ်များအား အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်ပေါက်၊ ထွက် ပေါက်ဂိတ်များအဖြစ် သတ်မှတ်ဖွင့်လှစ်နိုင်မှု မရှိသေးသည့် အခြေ အနေများ၊ ခရီးစဉ်ဒေသတွင် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း များ တိုက်ရိုက်ဆင်းသက်နိုင်မည့် လေယာဉ်ကွင်းများအဖြစ် အဆင့် မြှင့်တင်ပေးနိုင်မှု မရှိသေးခြင်းများကြောင့်လည်းကောင်း၊ ဗီဇာအခက် အခဲများ၊ ဟိုတယ်အခန်းခ ဈေးနှုန်းကြီးမြင့်မှုများကြောင့် လည်းကောင်း၊ ရောင်းချသော ခရီးစဉ်ဈေးနှုန်းများ မြင့်မားခြင်း ကြောင့် လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ရေဆိပ်ထပ်မံလိုအပ်နေ မှုများ၊ သဘာဝဘေးအန္တရာယ်များဖြစ်သည့် မြေငလျင်၊ မုန်တိုင်း၊ ရေလွှမ်းမိုးမှု၊ မီးလောင်မှုများဖြစ်ပေါ်ခြင်းကြောင့် လည်းကောင်း၊ H1N1 ၊ H1N5 စသည့် ကူးစက်ရောဂါများ၊ သဘာဝအတိုင်း မထားရှိ ဘဲ အတုပြုလုပ်ဖန်တီးခြင်းများကြောင့်လည်းကောင်း၊ သဘာဝ အရင်းအမြစ်များ ပျက်စီးခြင်းကြောင့်လည်းကောင်း၊ လိုင်စင်မရှိဘဲ ဥပဒေမဲ့ဆောင်ရွက်နေသော ဟိုတယ်၊ မိုတယ်၊ ခရီးသွားကုမ္ပဏီ၊ ဧည့်လမ်းညွှန်အချို့ကြောင့်လည်းကောင်း၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ် ခြင်းများကြောင့်လည်းကောင်း စသည့်အကြောင်းရင်းများကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာ မျှော်မှန်းသလောက် မအောင်မြင် ခဲ့ရခြင်းဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းအတွက် ဤကဲ့သို့ စိန်ခေါ်မှု များကို နိုင်ငံရေးအမြင်၊ ခရီးသွားအမြင်များဖြင့် ရေတိုရေရှည် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆင်ခြင် ပြုပြင်ဆောင်ရွက်ရန် လိုအပ် ကြောင်းကို ပွင့်လင်းမြင်သာစွာ အကျယ်တဝင့် အပြုသဘောထောက်ပြ အကြံပြုခဲ့ခြင်းဖြစ်ပါသည်။
ထိခိုက်ခံစားရမှု
ယခုကာလတွင် COVID-19 ကပ်ရောဂါနှင့် တည်ငြိမ်အေးချမ်းမှုမှာ မြန်မာ့ခရီးသွားလုပ်ငန်းအတွက် ဆက်တိုက်ကြုံတွေ့နေရသော ကြီးမားသည့် စိန်ခေါ်မှုဖြစ်နေသည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် (UNWTO) ၏ စာရင်းအရ ကမ္ဘာအနှံ့ဖြစ်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါကြောင့် ၂၀၁၉ ခုနှစ်တွင် တစ်ကမ္ဘာလုံးသို့ နိုင်ငံခြား သားခရီးသွား သန်းပေါင်း (၁၅၀၀) ကျော်ရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်၊ ပထမ သုံးလပတ်တွင် ကမ္ဘာအနှံ့ ခရီးသည်ဝင်ရောက်မှု (၈၅ % )ကျဆင်း နိုင်ကြောင်း ခန့်မှန်းထားပါသည်။
၂၀၁၉ ခုနှစ်ထက် ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံတကာခရီးသွားဧည့်သည် (၁) ဘီလီယံ လျော့နည်းခဲ့ပြီး ခရီးသွားလုပ်ငန်းမှရရှိသည့် ဝင်ငွေ အမေရိကန်ဒေါ်လာ (၁.၃) ထရီလီယံ ဆုံးရှုံးခဲ့ရပါသည်။ UNWTO ၏ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ စာရင်းအရ COVID-19 ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းမှ တိုက်ရိုက်ရရှိသော အလုပ်အကိုင်အခွင့်အလမ်း ပေါင်း သန်း (၁၀၀) နှင့် (၁၂၀) ကြား ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး အများဆုံးမှာ SMEs လုပ်ငန်းများဖြစ်ကြောင်း ဖော်ပြထားပါသည်။ အာရှနှင့် ပစိဖိတ်ဒေသတွင် (-၈၄%)၊ အရှေ့အလယ်ပိုင်းဒေသတွင် (-၇၆%)၊ ဥရောပဒေသတွင် (-၇၁%)၊ အာဖရိကဒေသတွင် (-၆၉%)၊ ခရီးသွားလုပ်ငန်းများ၊ ခရီးစဉ်ဒေသများ ပိတ်သိမ်းခဲ့ရပါသည်။
ဤသို့ ကမ္ဘာတစ်ဝန်း ခရီးသွားလုပ်ငန်းနယ်ပယ်တွင် ထိခိုက် ခံစားခဲ့ရသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း ဆက်နွှယ်ခံစားခဲ့ရာတွင် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံသို့ ပြည်ပဧည့်သည်ဝင်ရောက်မှုအခြေအနေမှာ (-၇၉%) အထိ ဆုတ်ယုတ် ကျဆင်းခဲ့ပြီး ခရီးစဉ်များ ရပ်ဆိုင်းသွားခြင်းကြောင့် လေကြောင်းမှ ဝင်ရောက်မှုမှာ (-၈၂%)၊ သင်္ဘောဖြင့်ဝင်ရောက်မှုမှာ (-၈၇%)၊ နယ်စပ် ဝင်ပေါက်မှ အတွင်းပိုင်းထိဝင်ရောက်မှုမှာ (-၆၉%)၊ ဗီဇာဖြင့် ဝင်ရောက်မှုမှာ (-၈၁%)၊ နယ်စပ် ဝင်ရောက်မှုမှာ (-၇၈%) လျော့ကျ သွားခဲ့ပါသည်။ တိုက်ရိုက်ထိခိုက်ခံစားမှုအနေဖြင့် ကမ္ဘာလှည့် ခရီးသည်ဝင်ရောက်မှုမှ ရရှိသောဝင်ငွေမှာလည်း (-၈၁%) ကျဆင်း ခဲ့ရပါသည်။
အေးစက်သွားသော နှလုံးသားများ
COVID-19 ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းနယ်ပယ်တွင် ဝန်ကြီးဌာန၊ အသင်းအဖွဲ့၊ ဟိုတယ်၊ ခရီးသွားကုမ္ပဏီ၊ ဧည့်လမ်းညွှန်၊ အမှတ်တရ အရောင်းဆိုင်၊ ပို့ဆောင်ရေးလုပ်ငန်း၊ စားသောက်ဆိုင် လုပ်ငန်းများ တစ်ခုနှင့်တစ်ခုကြား ကူးလူး၊ ဆက်ဆံ၊ လွန်းထိုး၊ ချိတ်ဆက်ဆောင်ရွက်မှုများ ဆိတ်သုဉ်းသွားပြီး တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။
COVID-19 ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးစည်းကမ်း ကန့်သတ်ချက်များနှင့်အညီ နေထိုင်ခဲ့ရသဖြင့် ဝန်ကြီးဌာနနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်နေသော အသင်းအဖွဲ့များပင် ဝန်ကြီး ဌာနနှင့် ဝေးကွာခဲ့ကြရသည်။ နေ့စဉ်ဘဝတွင် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရင်း အသက်ရှင်နေထိုင် ကျန်ရစ်စေရေးအတွက် ရုန်းကန်ကြိုးစားရင်းဖြင့် ခင်မင်ရင်းနှီးမှု၊ နွေးထွေးမှုများ အေးစက်ခဲ့ ကြရသည်။ မိဘ၊ သား၊ သမီး၊ အစ်ကို၊ အစ်မ၊ ဦးလေး၊ အဒေါ်၊ မိတ်ဆွေ ကွယ်လွန်သည်ကိုပင် သင်္ဂြိုဟ်ရာသို့ လိုက်ပါပို့ဆောင်ခွင့်မရရှိသည့် အပြင် ကိုယ်ကိုယ်တိုင်ပင်အသက်ရှူစက်ဖြင့် ခက်ခက်ခဲခဲ အသက်ရှူ နေရကာ ဆေးရုံဆင်းပြီးမှ ကွယ်လွန်ကြောင်းသိရသည့် ရင်နင့်ဖွယ် အခြေအနေများလည်း ရှိခဲ့ကြသည်။ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံကြ သည့်တိုင် နွေးထွေးမှုမရှိ၊ အေးစက်စွာ နေခဲ့ကြရသည်။
ခြိမ်းခြောက်ဆဲ
ဤသို့ COVID-19 ရောဂါကပ်ဆိုးကြီးဘေးမှ လွတ်ကင်းရန်၊ အသက်ရှင်ကျန်ရစ်ရန် ကြိုးစားနေထိုင်ရင်း (၁) နှစ်ကျော်ကာလ အတွင်း အေးစက်သွားသော ခရီးသွားလုပ်ငန်းအား COVID-19 အလွန် ကာလတွင် ပြန်လည်ရှင်သန်နိုးထနိုင်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် အခွန်အခသက်သာခွင့်ရရှိရေးဆောင်ရွက်ပေးခြင်း၊ အတိုးနှုန်းသက်သာသော ချေးငွေများရရှိရန် ဆောင်ရွက်ပေးခြင်း၊ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ခြင်း၊ အနှေးယာဉ်လုပ်သားများ၊ လမ်းဘေးဈေးသည်များ၊ လက်မှုပညာသည်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ COVID-19 စည်းကမ်းများနှင့်အညီ ခရီးစဉ်ဒေသ များသို့ လည်ပတ်နိုင်ရေး၊ ဟိုတယ်များတွင် တည်းခိုနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရာ တွင် လုံခြုံစိတ်ချရမှုရှိသော ခရီးစဉ်ဖြစ်ကြောင်း Travel Campaign အစီအစဉ်များကို လုပ်ဆောင်ခြင်း၊ Social Tourism Package အနေဖြင့် Potential CBT Cite များ သတ်မှတ်ကာ Value Travel Package များ အရှိန်မြှင့်ဖော်ဆောင်ခြင်း၊ We Care Package အနေဖြင့် နိုင်ငံတကာ၊ လုပ်ငန်းရှင်များ၊ စေတနာရှင်များ ပူးပေါင်း၍ Public Campaign လုပ်ဆောင်ခြင်းများကို ဆောင်ရွက်လျက်ရှိသော် လည်း COVID-19 ကပ်ရောဂါ၏ Second Wave, Third Wave များက ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်ရေး ကြိုးစားဆောင်ရွက်နေမှုများ အပေါ် ခြိမ်းခြောက်စိန်ခေါ်လျက်ရှိနေဆဲဖြစ်ပါသည်။
သမိုင်းပေးတာဝန်
ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်ဖြင့် နိုင်ငံတော်တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် စစ်မှန်သည့် ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်လျက်ရှိပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် ပါဝင်သော တတိယမြောက်လုပ်ငန်း စဉ်ဖြစ်သည့် “COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံး ကုစားသွားမည်” လမ်းစဉ်နှင့်အညီ ခရီးသွားလုပ်ငန်းမှာနိုင်ငံ၏စီးပွားရေးကို အဓိကအထောက်အကူပြုသည့် စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် နိုင်ငံတော်က ရှုမြင်သိရှိသည့်အတွက်
COVID-19 ကျန်းမာရေးစည်းကမ်းသတ်မှတ်ချက်များအတွင်းမှ ရပ်တန့်နေခဲ့သော ခရီးသွားလုပ်ငန်းအား ပြန်လည်နိုးထလှုပ်ရှား ရှင်သန်လာရေးအတွက် ပြည်ထောင်စုဝန်ကြီးအား တာဝန်ပေးအပ် ခဲ့ပါသည်။
ပြန်လည်တည်ဆောက်ခြင်း
COVID-19 ကပ်ရောဂါကြောင့်လည်းကောင်း၊ ဝန်ကြီးဌာနနှင့် ခရီးသွားလုပ်ငန်းနယ်ပယ်မှ ပုဂ္ဂိုလ်များအကြား တဖြည်းဖြည်းဝေးကွာ လာခြင်းကြောင့်လည်းကောင်း၊ ယုံကြည်မှုများနှင့် ခင်မင် နွေးထွေး မှုများ သွေးအေးစေခဲ့သော အခြေအနေများကို မိသားစုသဖွယ် ပေါင်းစည်းဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးအနေဖြင့် သက်ဆိုင်သူအားလုံးနှင့် ဖြူစင်နွေးထွေးစွာထိတွေ့ဆက်ဆံခြင်း၊ ကြုံတွေ့နေရသောအခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးခြင်းများ ဖြင့် ယုံကြည်မှုကို ပြန်လည်တည်ဆောက်လျက်ရှိပါသည်။ ပြည်တွင်း ခရီးစဉ်များကို COVID-19 အလွန်ကာလတွင် ပြန်လည်လှုပ်ရှား အသက်ဝင်လာစေရန်အတွက် ခရီးစဉ်ဒေသများသို့ သွားရောက်ကာ ဒေသအတွင်းရှိ ဟိုတယ်၊ ခရီးသွားလုပ်ငန်းရှင်များ၊ ခရီးသွားနှင့် ဆက်စပ်သော ညီနောင်အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တည်ဆဲအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ ဖြစ်စဉ်ပြောင်းလဲမှုများ နှင့် တပ်မတော်၏ အခန်းကဏ္ဍ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ၏ မူဝါဒများကို ရှင်းလင်းချပြခြင်း၊ ခရီးသွားလုပ်ငန်း ပြန်လည်စတင် ရေးအတွက် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို လက်ပွန်းတတီး တိုင်ပင်ဆွေးနွေးကာ ဖြည့်ဆည်းခြင်းများကို ဆောင်ရွက်ပေးလျက် ရှိပါသည်။
တစ်ချိန်တည်းပင် ခရီးသွားလုပ်ငန်းပြန်လည်စတင်နိုင်ရေး အတွက် အဆင့်(၃)ဆင့် သတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိပါသည်။ ပထမအဆင့်အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာမှ ထုတ်ပြန်သည့် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများတွင် လိုက်နာ ဆောင်ရွက်ရမည့် လမ်းညွှန်ချက် (Version 2.0) နှင့်အညီ ဟိုတယ်များ ပြန်လည်ဖွင့်လှစ်ရေးနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ရေးဆွဲထားသည့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များအတွက် ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းစွာ တည်းခိုနေထိုင်နိုင်သည့် ဟိုတယ်၊ မိုတယ်၊ အင်းနှင့် တည်းခိုရိပ်သာများ၊ စားသောက်ဆိုင်များ အဖြစ် စနစ်တကျသတ်မှတ်ပေးနိုင်ရန် ရေးဆွဲထားသည့် စီမံချက် “Enchanting Myanmar Health and Safety Protocol” အတိုင်း စီစဉ်ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် ခရီးစဉ်ဒေသများတွင် စက်ဘီးစီးပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်နှင့် ဖျော်ဖြေရေးပွဲ၊ ရိုးရာလှေလှော်ပွဲနှင့် မြန်မာ့အစားအစာပြပွဲ၊ တိုင်းရင်း သားဓလေ့ရိုးရာပွဲ၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ရေးအတွက် Pilot Project အနေဖြင့် အကောင်အထည်ဖော်ရန် ပြင်ဆင်ဆောင်ရွက် ခြင်းဖြင့်လည်းကောင်း၊ တတိယအဆင့်အနေဖြင့် In Bound Tourism ကို ပြန်လည်စတင်ရေးအတွက် တရုတ်ဈေးကွက်ကို အဓိကဦးတည်၍ Government to Government ချိတ်ဆက်ကာ Special Package ခရီးစဉ်များ ဆောင်ရွက်ခြင်းနှင့် နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက် မြို့ များတွင် လည်ပတ်ခြင်းတို့ဖြင့်လည်းကောင်း ပြင်ဆင်ဆောင်ရွက် လျက်ရှိပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အရေးပေါ်ကာလ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေစဉ်ကာလအတွင်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်း သားပြည်သူအားလုံး၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း နိုင်ငံတော် တည်ငြိမ်မှုကို ပျက်ပြားအောင် ဆောင်ရွက်နေသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအချို့က အကြမ်းဖက်လုပ်ရပ်များဖြင့် နိုင်ငံတကာအလယ် တွင် မြန်မာနိုင်ငံ၏ပုံရိပ် ကျဆင်းအောင် ဖန်တီးလျက်ရှိပါသည်။ နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်သူကဆောင်ရွက်နေချိန်တွင် နိုင်ငံတော်ပျက်စီးအောင် အဖျက်အမှောင့်လုပ်ငန်း လုပ်သူက အသိတရားမဲ့စွာ၊ ဆင်ခြင်တုံတရားကင်းမဲ့စွာ ဖျက်ဆီး လျက်ရှိကြသည်။ သို့ဖြစ်၍ ဂုဏ်သတင်းကြီးမားသည့် Virgin Land အဖြစ် နိုင်ငံတကာ အသိအမှတ်ပြုထားသော မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းပုံရိပ်ကို ပျက်စီးစေပါသည်။
နှလုံးသားချင်းနီးကြပါ
COVID-19 ကပ်ရောဂါနှင့် အကြမ်းဖက်လုပ်ရပ် အမျိုးမျိုးကြောင့် ခရီးသွားလုပ်ငန်း ပြန်လည်အသက်ဝင် ရှင်သန်လှုပ်ရှားလာစေရေးကို ဦးစီးဦးဆောင် ဆောင်ရွက်နေသည့် ဝန်ကြီးဌာနအနေဖြင့် ကြီးမား သော စိန်ခေါ်မှုများကို ကြုံတွေ့နေရသော်လည်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ချက်၊ ခံယူချက်တူညီသောပုဂ္ဂိုလ် များနှင့် လက်တွဲကာ ပြည်တွင်းခရီးစဉ်များ စတင်လည်ပတ်နိုင်ရေး ကိုလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။
သို့ပါ၍ အယူဝါဒများ၊ အမြင်များ မည်မျှပင် ကွဲပြားစေ၊ နွေးထွေး ခင်မင်မှုများ မည်မျှပင် ခန်းခြောက်စေကာမူ ခရီးသွားမိသားစုအသိုက် အဝန်းနှင့် ပြည်သူများအနေဖြင့် လူမှုစီးပွားဘဝများ တိုးတက် ကောင်းမွန်လာစေရေး၊ နိုင်ငံတကာတွင် နောက်ကျကျန်ရစ်ခဲ့သော မိမိတို့နိုင်ငံ၏ ခရီးသွားလုပ်ငန်း တစ်ဖန်ရှင်သန်အောင်မြင်၊ ဖြစ်ထွန်း ရေးအတွက် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို အခြေခံ၍ တူညီသော စိတ်ထားများ၊ နွေးထွေးခိုင်မြဲသော လက်များဖြင့် နှလုံးသားချင်းနီးစပ် ချိတ်ဆက်ကာ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းလိုက်ပါသည်။
- Log in to post comments