နှလုံးသားကို ဖြူစင်အောင်ထားပါ

Type

လူတွေအပေါ် ဘယ်လိုမေတ္တာထားရမှာလဲ၊ လက်ခံပေးပါ၊ နားလည်ပေးပါ

လူဖြစ်ရတဲ့ရည်ရွယ်ချက် 
လူဖြစ်ရတဲ့ရည်ရွယ်ချက်ကို စကားလုံး ၁၀ လုံးထက်မပိုဘဲ ပြော ပါလို့ ပဟေဠိနန်းတော်မှာ မေးရင် စာဖတ်သူ ဘာဖြေမှာလဲ။  
    “ခြံနဲ့ဝင်းနဲ့အိမ်တစ်လုံးပိုင်ဖို့”။ 
    “နာမည်ကျော်အဆိုတော်ဖြစ်ဖို့”။
    “စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်ဖို့”။
ကျွန်တော်တို့အားလုံး သိပါတယ်။ လူဖြစ်ရတဲ့ရည်ရွယ်ချက်က ဒီထက်ပိုတယ်ဆိုတာ၊ ကမ္ဘာပေါ်မှာရှိတဲ့လူသားတိုင်း တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ပိုင်ဆိုင်သင့်တယ်ဆိုတာ အထူးရှင်းပြဖို့မလိုပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က အရေးမကြီးတာတွေကို အာရုံစိုက်နေကြပါ တယ်။ Brand ပစ္စည်းတွေသုံးမယ်၊ ကားကောင်းစီးမယ်ဆိုတာတွေက နေ့စဉ်ဘဝမှာ ဦးစားပေးတွေဖြစ်လာပါတယ်။  
နာမည်ကြီးလူကြိုက်များတဲ့ ရုပ်ရှင်တွေ၊ အကယ်ဒမီဆုရတဲ့ ရုပ်ရှင်တွေ၊ လူကြိုက်များတဲ့သီချင်းတွေ၊ ပရိသတ်ကို အသည်းငြိသွားတဲ့ သီချင်းတွေက ဘာအကြောင်းတွေကို အဓိကထားတာလဲ။  လူတွေ အကြောင်းပါပဲ။ တစ်ဦးအပေါ်တစ်ဦးထားတဲ့ မေတ္တာအကြောင်းပဲ ရုပ်ရှင်ရိုက်ကြတာပါ။ သီချင်းတွေ ရေးဖွဲ့ကြတာပါ။ ၂၀၁၀ ပြည့်နှစ် အတွက် အကယ်ဒမီဆုတွေသိမ်းပိုက်သွားတဲ့ အာဒံ ဧဝ ဒဿ ရုပ်ရှင်က ငွေလသာဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ချစ်သူအပေါ် အနစ်နာခံတဲ့ မေတ္တာအကြောင်းကို ရိုက်သွားတာပါ။ အကယ်ဒမီဆုရသွားတဲ့ ဝေဠုကျော်ကလည်း       “ပင်လယ်ထက်က  နေဝန်းနီ” ကားထဲမှာ တူမလေးအပေါ် ချစ်ခြင်းမေတ္တာကြီးတဲ့ ဆလုံလူမျိုးတစ်ယောက်အဖြစ် သရုပ်ဆောင်သွားတာပါ။ 
လူတစ်ဦးတစ်ယောက်ရဲ့ နောက်ဆုံးအချိန် ကိုယ့်ဘေးနားမှာ ဆွေမျိုးတွေ၊ ချစ်သူခင်သူတွေဝိုင်းနေတဲ့အချိန် ဘယ်သူမှ “ကျွန်တော့်ရဲ့ လင့်ခရုဇာကားကြီးကို ဂရုစိုက်လိုက်ပါ”လို့ မပြောပါဘူး။ “ကလေးတွေ ကို ဂရုစိုက်ပါ။ အမေကို ဂရုစိုက်ပါ ....”လို့ပဲ ပြောကြပါတယ်။ 
လူဖြစ်ရတဲ့ရည်ရွယ်ချက်ရဲ့အဖြေကို ရလောက်ပြီထင်ပါတယ်။ ကျွန်တော်တို့ လူရယ်လို့ဖြစ်လာပြီး လူသားတွေရဲ့ကောင်းကျိုးကို မဆောင်ရွက်ရင်၊ လူသားတွေအပေါ်မှာ မေတ္တာမထားနိုင်ရင်၊ လူတွေကို မချစ်တတ်ရင် လူဖြစ်ရကျိုးမနပ်ပါဘူး။ 
နိုင်ငံခြားက နာမည်ကြီးဆေးရုံတစ်ခုမှာ မွေးကင်းစကလေးတွေကို အုပ်စုနှစ်ခု ခွဲလိုက်ပါတယ်။ အုပ်စု (၁) ကလေးတွေကိုတော့ နေ့စဉ် တစ်နေ့သုံးကြိမ် ရင်ခွင်မှာပွေ့ပြီး ၁၀ မိနစ်ခန့် အသာအယာပွတ်ပေးပါ တယ်။ အုပ်စု (၂) ကလေးတွေကိုတော့ မလုပ်ဘဲထားပါတယ်။ အုပ်စု(၁) ကလေးတွေရဲ့ အလေးချိန်တိုးလာမှုက အုပ်စု(၂)ထက် နှစ်ဆပိုပါတယ်။ ဒီနည်းကို ဆေးပညာလောကရဲ့စကားနဲ့ပြောရရင် နာမည်ရှည်လို့ ရေးမပြတော့ပါဘူး။ တကယ်တော့ မေတ္တာအကြောင်း၊ အချစ်အကြောင်း ပြောဖို့ ဆေးပညာစကားလုံးအရှည်ကြီးလည်း မလိုပါဘူး။ အဓိကက တော့ မေတ္တာတရားမရှိရင်၊ အချစ်မရှိရင် ကလေးတွေ မကြီးထွား မဖွံ့ဖြိုးနိုင်ပါဘူး။ ဒီလိုပါပဲ။ ကျွန်တော်တို့လည်း မေတ္တာတရားတွေ၊ အချစ်တွေပျောက်နေတဲ့အခါ မလန်းနိုင်ပါဘူး။ 
အရွယ်ရောက်တဲ့အမျိုးသားတွေပြောတာ ကျွန်တော် ခဏခဏ ကြားဖူးပါတယ်။ “ကျွန်တော့် အဖေရဲ့မေတ္တာကိုရရင် ကျွန်တော်သေပျော် ပါပြီ”။ “ကျွန်တော့်အဖေက ကျွန်တော့်အတွက် ဂုဏ်ယူတယ်ဆိုရင် ကျွန်တော် ကျေနပ်ပါပြီ။” ကျွန်တော်တို့ ရိုးရိုးသားသားဝန်ခံကြစတမ်း ဆိုရင် ကျွန်တော်တို့ဟာ အချိန်တော်တော်များများကို မေတ္တာတွေပို ရဖို့၊ အချစ်တွေပိုရဖို့ သုံးနေကြပါတယ်။ လမ်းပေါ်မှာရှိတဲ့လူတွေကိုပဲ မေးမေး၊ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ့်မိတ်ဆွေ သို့မဟုတ် လုပ်ဖော် ကိုင်ဖက် သို့မဟုတ် ဆွေမျိုးတွေကိုပဲမေးမေး လူတိုင်းလိုလို မေတ္တာတွေ၊ အချစ်တွေ လိုနေကြပါတယ်။ တချို့ကလည်း မေတ္တာတွေ၊ အချစ်တွေရဖို့ “ဘာပဲလုပ်ရလုပ်ရလေ”လို့ ကြုံးဝါးနေကြပါတယ်။ 
လူတွေအပေါ်မှာ မေတ္တာထားနိုင်ဖို့၊ လူတိုင်းကိုချစ်ဖို့ တွေ့သမျှ လူတိုင်းကို နမ်းဖို့မလိုပါဘူး။ မိဘမဲ့ကလေးကျောင်းတွေ၊ ဆေးရုံတွေ၊ HIV ရောဂါသည်တွေကို ငွေလှူမှ အများအကျိုးကိုဆောင်ရွက်တာ မဟုတ်ပါဘူး။ အများအကျိုးကိုဆောင်ရွက်ဖို့၊ လူတွေကိုမေတ္တာထားဖို့၊ လူတွေကိုချစ်ဖို့ကတော့ လူတွေကို လက်ခံပေးဖို့လိုပါတယ်။ ခွင့်လွှတ် တတ်ဖို့လိုပါတယ်။ လူတွေကို အနည်းဆုံး ဝေဖန်မယ်။ လူတွေကို အပြစ်မရှာဘူး။ လူတွေကို ခြွင်းချက်မရှိ ခွင့်လွှတ်နိုင်မယ်ဆိုရင် သာယာ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ကမ္ဘာကြီးကို တည်ဆောက်နိုင်ပါလိမ့်မယ်။ ဒါဟာ လူသားတွေရဲ့ကောင်းကျိုးကို ဆောင်ရွက်တာပါပဲ။ 
ခွင့်လွှတ်ခြင်း 
ကျွန်တော်တို့က ကျွန်တော်တို့ရဲ့စိတ်ထဲမှာ လူတွေ ဘယ်လိုပြုမူ ပြောဆိုနေထိုင်သင့်တယ်ဆိုတဲ့ စည်းကမ်းတွေကို သတ်မှတ်ထားလေ့ ရှိပါတယ်။ ဒီစည်းကမ်းတွေကို ချိုးဖောက်တဲ့လူတွေကို ခွင့်မလွှတ်နိုင် ဖြစ်ကြပါတယ်။ ကိုယ်သတ်မှတ်ထားတဲ့စည်းကမ်းတွေကို တစ်ဖက်လူက မလိုက်နာနိုင်တာနဲ့ စိတ်ဆိုးရတယ်။ ခွင့်မလွှတ်နိုင်ဘူးဆိုတာ တကယ် တော့ ရယ်စရာကောင်းပါတယ်။ သဘာဝလည်းမကျပါဘူး။ ကျွန်တော် တို့က တစ်ဖက်သားကို ခွင့်မလွှတ်ရင် တစ်ဖက်သားကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးတာပဲဆိုတဲ့အသိကို  အရိုးစွဲနေပါတယ်။ “မင်းကို ငါခွင့် မလွှတ်ဘူး။ မင်းနောင်တရစေရမယ်”လို့ ကြုံးဝါးကြပါတယ်။ တကယ်တော့ ခွင့်မလွှတ်နိုင်သူက ခံစားရတာပါ။ အိပ်မရဖြစ်ပါလိမ့်မယ်။ ခွင့်မလွှတ်နိုင် လေ ခံစားရလေပါပဲ။ 
လူတစ်ယောက်ကို စိတ်ဆိုးတဲ့အခါ၊ ဒေါသဖြစ်တဲ့အခါ၊ ခွင့်မလွှတ်နိုင် တဲ့အခါ မျက်စိမှိတ်ပြီး ဘယ်လိုခံစားရတယ်ဆိုတာ ခံစားကြည့်ပါ။ ရင်ဘတ်တွေတောင် အောင့်လာနိုင်ပါတယ်။ တကယ်တော့ လူ့သဘာဝက ကိုယ်ပိုင်ဗီဇ၊ အမူအကျင့်ကို ဖျောက်ဖျက်ဖို့ခက်ပါတယ်။ လုပ်နေကျကို လုပ်မှာဖြစ်ပြီး ပြောနေကျကို ပြောမှာပါပဲ။ လုပ်တာမှားတယ်၊ ပြောတာ မှားတယ်ဆိုပြီး အပြစ်ရှိကြောင်း အတင်းအကျပ်သက်သေပြဖို့ ကြိုးစားရင် ကိုယ်ပဲ ခံစားရပါလိမ့်မယ်။ ဘာမှတော့ ထူးခြားမလာနိုင်ပါဘူး။ လောက နိယာမကလည်း ဖြစ်ချင်တာတွေဖြစ်ပြီး ပျက်ချိန်တန်တာတွေ ပျက်နေတာ ပါပဲ။ လေဆင်နှာမောင်းမွှေလို့ ကိုယ်နေတဲ့ အိမ်ခေါင်မိုးလန်သွားရင် “ဒီလေဆင်နှာမောင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး”လို့  ပြောမှာလား။ ခေါင်းပေါ်ကို ငှက်ချေးပါချသွားရင် ငှက်ကို  ခွင့်မလွှတ်ဘဲနေမှာလား။ ဘယ်ငှက်မှန်းတောင် သိလိုက်မှာ မဟုတ်ဘူး။ ဒါဆိုရင် ကျွန်တော်တို့ လူတွေကို  ဘာလို့ခွင့်မလွှတ်နိုင်တာလဲ။   လောကကြီးမှာ လေဆင် နှာမောင်းတို့၊ ငှက်ချေးပါချတာတို့ကို ကိုယ့်စိတ်ကြိုက်ပြုပြင်လို့မရပါဘူး။ ဒီလိုပါပဲ၊ တခြားလူတွေကို  ဘာလို့ ကျွန်တော်တို့  ပြုပြင်ချင်ရတာလဲ။ လောကကြီးက အပြစ်တင်တာ၊ အပြစ်ရှိတာတွေကို ဘယ်တော့မှ နေရာ မပေးပါဘူး။ ကျွန်တော်တို့ကသာ နေရာပေးထားတာပါ။ ခွင့်လွှတ်တာ နဲ့ပတ်သက်ရင် ပထမဦးဆုံးစရမှာက မိဘအပေါ် ခွင့်လွှတ်နားလည်ပေးဖို့ပါ။ မိဘတွေက ကိုယ့်စိတ်ထဲမှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း ခြောက်ပြစ်ကင်းသဲလဲစင် ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ မိဘတွေအပေါ်မှာ ဘယ်တော့မှ အပြစ်မတင်ပါနဲ့။ မိမိကို လူလားမြောက်အောင် ကျွေးမွေး ပြုစုတဲ့ကျေးဇူးကိုပဲ ဆပ်နိုင်အောင် ကြိုးစားပါဦး။ 
နာကျင်မှုက ရှောင်လွှဲလို့မရပါဘူး။ စိတ်ဆင်းရဲတာကတော့ ရွေးချယ်မှုပါ
စာဖတ်သူက မေးလို့ရပါတယ်။ “တစ်ယောက်ယောက်က ကျွန်တော့် ကို ဒုက္ခပေးရင် ကျွန်တော်က  ဒုက္ခပေးတဲ့သူကို  ခွင့်လွှတ်ရမှာလား”။ စာရေးသူရဲ့ဘဝမှာ စာရေးသူရဲ့ စီးပွားရေးကို ပျက်လုနီးပါးဖြစ်အောင် ဒုက္ခပေးခဲ့တဲ့လူကြီးတစ်ယောက် ရှိခဲ့ဖူးပါတယ်။ ရာထူးရှိတဲ့လူလည်း ဖြစ်နေတော့ စာရေးသူကို အကြိမ်ကြိမ် စီးပွားပျက်အောင် ဒုက္ခပေးပါ တယ်။ စာရေးသူလည်း အလူးအလဲခံရပါတယ်။ အဲဒီအချိန်က ဒီရာထူးရှိ တဲ့လူကြီးကို အလွန်ပဲမုန်းတီးမိပါတယ်။ ခွင့်မလွှတ်နိုင်အောင် ဒေါသ ဖြစ်မိပါတယ်။ စာရေးသူလည်း အလွန်ခံစားရပါတယ်။ နေ့စဉ်လိုလို မုန်းတီးတဲ့စိတ်ကြောင့် တနုံ့နုံ့ခံစားရပါတယ်။ တစ်နေ့တော့ စာရေးသူကို ဒုက္ခပေးပြန်ပါတယ်။ ဘာကဘယ်လိုဖြစ်တယ်တော့မသိပါ။ ဒီတစ် ကြိမ်မှာတော့ စာရေးသူ အတွေးပေါက်သွားပါတယ်။ “ငါ့ကို ဒီလောက် အငြိုးအတေးကြီးကြီးနဲ့ ဒုက္ခပေးနေတာ၊ ငါ့ကို မုန်းတီးနေလို့ပဲ။ ငါ့ကို မုန်းတီးနေရင် သူလည်းခံစားနေရမှာပဲ။  သူခံစားချင်ခံစား ငါတော့ မခံစားဘူး”ဆိုပြီး စာရေးသူ ခွင့်လွှတ်လိုက်ပါတယ်။ ခွင့်လွှတ်လိုက်ပါ တယ်ဆိုတာထက် စိတ်ထဲက ထုတ်ပစ်လိုက်နိုင်ပါတယ်။ စာရေးသူရဲ့ စိတ်တွေလည်း လွတ်လပ်ပေါ့ပါးသွားပါတယ်။ 
သိပ်မကြာပါဘူး။ 
ဒီလူကြီးလည်း ရာထူးကဖယ်ရှားခံရတဲ့အပြင် လူ့လောကကြီး ကိုလည်း စွန့်ခွာသွားပြီဖြစ်ပါတယ်။ စာရေးသူအဖြစ်အပျက်မျိုးကို ဘဝမှာ လူတိုင်းလိုလို ကြုံတွေ့ဖူးကြမှာပါ။ သေးတာနဲ့ ကြီးတာပဲ ကွာပါလိမ့်မယ်။ ဒီလိုအဖြစ်အပျက်တွေကြုံတွေ့ရင် လူတွေ နှစ်မျိုး နှစ်စား ကွဲသွားပါတယ်။ ပထမအမျိုးအစားက မိမိဒေါသ၊ မိမိမုန်းတီးမှု တွေကြောင့် ခံစားနေရသူတွေဖြစ်ပါတယ်။ ဒုတိယအမျိုးအစားကတော့ ခွင့်လွှတ်မှုကြောင့်ရရှိတဲ့ စိတ်ချမ်းသာခြင်း၊ စိတ်လွတ်လပ်ခြင်းကို နားလည်ပိုင်ဆိုင်သူတွေပါ။ 
ကျွန်တော်တို့ကို ပြောင်းလဲစေတဲ့အရာတွေဟာ များသောအားဖြင့် ကျွန်တော်တို့ရွေးချယ်တဲ့အရာတွေ မဟုတ်ပါဘူး။ အသည်းကွဲတာ၊ ကျန်းမာရေးချို့တဲ့တာ၊ အထီးကျန်တာ၊ စိတ်ဓာတ်ကျတာတွေကို ကျွန်တော်တို့ ဝေစုအတိုင်း ကျွန်တော်တို့ရကြမှာပါ။ ဆုံးရှုံးမှုကို ကြုံရတဲ့ အခါတိုင်း ကျွန်တော်တို့ ဝမ်းနည်းပူဆွေးမှုအချိန်တွေ ရှိကြရပါတယ်။ ဝမ်းနည်းပူဆွေးမှုအချိန်တွေ ကုန်လာတဲ့အခါမှာ  ကျွန်တော်တို့ စိတ်ဓာတ်တွေပိုကြံ့ခိုင်လား၊ ပျော့ညံ့သွားလားဆိုတာကိုတော့ မိမိကိုယ် မိမိ ဆန်းစစ်ရပါလိမ့်မယ်။ 
မိမိကိုယ်မိမိချစ်ဖို့လိုသလား 
မိမိကိုယ်မိမိ မချစ်တဲ့သူတွေ၊ မိမိဘဝကိုမိမိ မကျေနပ်ဖြစ် နေသူတိုင်းလိုလို ဆက်ဆံရခက်သူတွေ ဖြစ်နေတတ်ပါတယ်။ 
ဒီလိုလူတွေက မိမိဇနီး သို့မဟုတ် မိမိရဲ့ဘဝလက်တွဲဖော်ရဲ့အချစ် ကို လိုချင်ပါတယ်။ မေတ္တာကို လိုချင်ပါတယ်။ မရဘူးထင်ပြီး စိတ်ဆိုးကြ ပါတယ်။ ဒေါသဖြစ်ကြပါတယ်။ မိမိကိုယ်တောင်မိမိ မကျေမနပ်ဖြစ်နေ သူတစ်ယောက်က မေတ္တာအကြောင်း  နားလည်ဖို့ခက်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ချစ်နေဖို့၊ အပြန်အလှန်မေတ္တာတွေ ဖလှယ် နိုင်ဖို့၊ မိမိကိုယ်မိမိ အရင်ချစ်ဖို့၊ မိမိဘဝကိုမိမိ အရင်ကျေနပ်ဖို့လိုပါတယ်။ 
ကိုယ့်မှာမရှိတာကို သူများကို ပေးလို့မရပါဘူး။ မိမိကိုယ်မိမိ လက်ခံနိုင်မှ တစ်ဖက်လူကို လက်ခံပေးလို့ရပါမယ်။ နားလည်ပေးလို့ ရပါမယ်။ ကျွန်တော်တို့က တစ်ခါတလေ ကိုယ့်မှာရှိတဲ့ ချို့ယွင်းချက် တွေကို တခြားလူဆီမှာ ရှာပါတယ်။ စိတ်သက်သာရာရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ ရှာလို့တွေ့ပေမယ့် မိမိရဲ့ချို့ယွင်းချက်ကတော့ ပျောက်မသွားပါဘူး။ စိတ်သက်သာရာလည်းမရပါဘူး။ 
“မိမိရဲ့ ချို့ယွင်းချက်တွေကိုပဲ အာရုံစိုက်နေရင်တော့ မိမိကိုယ်မိမိပဲ ဒုက္ခရောက်အောင်၊ စိတ်ဆင်းရဲအောင် လုပ်နေတာပါ။ မိမိရှိနေတဲ့ဘဝ၊ မိမိရဲ့လက်ရှိအခြေအနေကို လက်ခံလိုက်ပါ။ မိမိကိုယ်မိမိတောင် လက်မခံနိုင်ရင် ဘယ်သူ့ကိုမှလည်း လက်ခံလို့ရမှာမဟုတ်ပါဘူး။ မေတ္တာတွေ ပျောက်ကွယ်ကုန်ပါလိမ့်မယ်။ ဒီအခါကျရင်တော့ လောက ကြီးက မတရားဘူးဆိုတဲ့အတွေးတွေပဲ ဝင်လာပါလိမ့်မယ်။ 

ကျော်ကျော်လှိုင်

    (ဆက်လက်ဖော်ပြပါမည်)
    (ဆရာကျော်ကျော်လှိုင်၏    “နှလုံးသားကို ဖြူစင်အောင်ထားပါ” စာအုပ်မှ   “လူတွေအပေါ် ဘယ်လိုမေတ္တာထားရမှာလဲ၊ လက်ခံပေးပါ။ နားလည်ပေးပါ”    ဆောင်းပါးကို  စာရေးသူ၏ ခွင့်ပြုချက်ဖြင့်  ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာတည်း)