မြန်မာနိုင်ငံအတွင်းရှိ MSME များအား စားသောက်ကုန်ထုတ်လုပ် မှုနည်းပညာများ ပြန်လည်ဖြန့်ဝေရေးအစီအစဉ် (၁) အရ စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ ခြောက်မျိုးကို ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် အထက်မြန်မာပြည် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများမှ သင်တန်းသား သင်တန်းသူများအား စာတွေ့၊ လက်တွေ့ သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။ စံချိန်စံညွှန်းပြည့်မီ၍ ကျန်းမာ ရေးနှင့် ညီညွတ်သော တန်ဖိုးမြှင့်စိုက်ပျိုးရေးထုတ်ကုန် အမယ် သစ်များ စနစ်တကျထုတ်လုပ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ပေး ခြင်းဖြစ်သည့် အဆိုပါသင်တန်းသည် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းဖြင့် မဲခေါင်-လန်ချန်း နိုင်ငံ များအချင်းချင်း ဖလှယ်ထားသော နည်းပညာများဖြစ်သည်။
မိမိတို့နိုင်ငံ၏ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွား ရေးလုပ်ငန်းများတွင် စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်း များက ရာခိုင်နှုန်းအများဆုံးဖြစ်သော်လည်း တီထွင်ဆန်းသစ်မှု မရှိသလောက်နည်းပါးသည်ဟု မှတ်သားရဖူးသည်။ လယ်ယာ ကိုင်းကျွန်းနှင့် ဥယျာဉ်ခြံထွက် ကောက်ပဲသီးနှံ ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံတို့ အမျိုးအမည်များစွာ ထွက်ရှိသော်လည်း ယင်းတို့ကို အခြေခံထုတ်လုပ်သည့် ပြည်တွင်းစားသောက်ကုန် များမှာ ခေတ်နှင့်အညီ တီထွင်ဆန်းသစ်မှု မရှိသည့်အပြင် အချို့ဆိုလျှင် အရည်အသွေးနိမ့်ကျသွားသည်ကိုပင် တွေ့ရသည်။ အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းလာသည့် စိုက်ပျိုးရေးထုတ်ကုန် အခြေခံစားသောက်ကုန်များ၏ အရည်အသွေး၊ အနံ့အရသာနှင့် ဆွဲဆောင်မှုတို့ကို ပြည်တွင်းစားသောက်ကုန်များက ယှဉ်ပြိုင် နိုင်စွမ်းမရှိသည်နှင့်အမျှ ရေရှည်တွင် မရပ်တည်နိုင်တော့သည့် အခြေအနေသို့ ဆိုက်ရောက်မသွားစေရန် လုပ်ငန်းရှင်များက မျက်စိကို ဖွင့် နားကို စွင့်၍ ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။
စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာများ ပြန်လည်ဖြန့်ဝေ ရေး အစီအစဉ် (၁) အရ သင်ကြားပေးခဲ့သည့် နည်းပညာ ခြောက်မျိုးတို့မှာ ချဉ်ပေါင်ဖူးဖျော်ရည် ထုတ်လုပ်ခြင်းနှင့် ချဉ်ပေါင်ဖူးမှ အခြားထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ သရက်သီး ဂျယ်လီဖျော်ရည် ထုတ်လုပ်ခြင်း၊ ပဲနို့ထုတ်လုပ်ပြီး ကျန်သော အနှစ်များမှ ကွတ်ကီးထုတ်လုပ်ခြင်း၊ Freezed - Dried နည်းပညာ ဖြင့် စိုက်ပျိုးရေးထွက် တန်ဖိုးမြှင့်ထုတ်ကုန်များ ပြုလုပ်ခြင်း၊ Vacuum - Fried နည်းပညာဖြင့် အသီးအနှံအခြောက် ထုတ်ကုန် များ ပြုလုပ်ခြင်းတို့ဖြစ်ရာ မိမိတို့နိုင်ငံတွင် စိုက်ပျိုးထုတ်လုပ် နေသည့် စိုက်ပျိုးရေး ထွက်ကုန်များနှင့် လွန်စွာအံဝင်ခွင်ကျ ဖြစ်သည်ကို တွေ့ရသည်။ လက်ရှိ ပြည်တွင်းဈေးကွက်တွင်လည်း အထက်ပါနည်းပညာများဖြင့် ထုတ်လုပ်ပြီး အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းလာသည့် စားစရာများကို ဝယ်ယူစားသုံးနေကြရခြင်း ဖြစ်ရာ ပြည်တွင်း၌ စံချိန်စံညွှန်းမီထုတ်လုပ်ပြီး ပြည်တွင်းပြည်ပ ဈေးကွက်များတွင် အောင်မြင်စွာ ထိုးဖောက်နေရာယူနိုင်ရန် ကြိုးပမ်းကြဖို့လိုသည်။
စိုက်ပျိုးရေးထွက်ကုန် အခြေခံစက်မှုကုန်ထုတ်လုပ်ငန်းများ အောင်မြင်မှုရရှိသည်နှင့်အမျှ တစ်ပါတည်းပင် စိုက်ပျိုးရေးလုပ်ငန်း များလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ မိမိတို့ စိုက်ပျိုး ထုတ်လုပ်သည့်ကောက်ပဲသီးနှံ၊ သစ်သီးဝလံများကို ပြည်တွင်း ၌ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ခြင်းမရှိသဖြင့် ကုန်ကြမ်းအတိုင်း ဈေးအနိမ့်ဖြင့် တင်ပို့ရောင်းချရသည့်ဖြစ်စဉ်များ၊ တစ်ဖက်နိုင်ငံက တင်သွင်းမခံဘဲ ပိတ်ဆို့လိုက်ခြင်းကြောင့် ချောက်ထဲသွန်ခဲ့ရ သည့်ဖြစ်စဉ်များ စသည့်အတိတ်က ကြုံခဲ့ရသည့်ဖြစ်ရပ်များသည် ပြည်တွင်း စားသောက်ကုန်ထုတ်လုပ်သည့် စက်မှုလုပ်ငန်းများ မဖွံ့ဖြိုးမှုနှင့် ဆက်နွှယ်လျက်ရှိရာ စိုက်ပျိုးရေးထွက်ကုန်များကို တန်ဖိုးမြှင့် ထုတ်ကုန်အမယ်သစ်များ နိုင်ငံတကာအဆင့်မီ ထုတ်လုပ်နိုင်ခြင်းဖြင့် စိုက်ပျိုးရေးနှင့် စက်မှုတို့ အပြန်အလှန် အကျိုးပြုနိုင်မည်ဖြစ်သည်။
မိမိတို့နိုင်ငံ၏ စားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်းများတွင် အဓိကလိုအပ်ချက်ဖြစ်သော နည်းပညာနှင့် ဆန်းသစ်တီထွင် မှုတို့ကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ဖြည့်ဆည်းပေးခဲ့ခြင်း ဖြစ်ရာ နည်းပညာဆိုင်ရာ တိုးတက်မှုက ကုန်ထုတ်လုပ်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိမှုတို့အပေါ် ကောင်းစွာ အထောက်အကူပြု နိုင်မည်ဟု ယုံကြည်သည်။ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရရှိလာ သည့် နည်းပညာနှင့်စိတ်ကူးစိတ်သန်းအသစ်တို့ကို လုံ့လဝီရိယ ကိုယ်အားဉာဏ်အားတို့ စိုက်ထုတ်ကာ လုပ်ငန်းများအောင်မြင် သည်ထက် အောင်မြင်အောင်၊ ဖွံ့ဖြိုးသည်ထက် ဖွံ့ဖြိုးအောင် အားထုတ်စွမ်းဆောင်ကြရပါမည့်အကြောင်း။ ။