
နှင်းမိုးအိမ်
ကမ္ဘာ့နေရာအနှံ့အပြားရှိ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကြောင့် မိုးခေါင်မှု၊ ရေကြီးမှု၊ အပူလှိုင်းနှင့် အပူပိုင်းမုန်တိုင်းကြီးများနှင့် ရင်ဆိုင်နေရသည့် နိုင်ငံများတွင် အဆိုပါပြဿနာများ ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ဒေါ်လာထရီလီယံနှင့်ချီကာ လိုအပ်မည်ဟု ကုလသမဂ္ဂအစီရင်ခံစာမူကြမ်းတစ်ခုတွင် ဖော်ပြထားသည်ဟု အေအက်ဖ်ပီတွင် ဖော်ပြထားသည်။
အဓိကအကြောင်းအရာဖြစ်လာ
ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကြောင့် ထိခိုက်ခံစားရသည့်နိုင်ငံ များကို ကူညီရန်မှာ ဘီလီယံမျှဖြင့် မလုံလောက်ကြောင်း COP 26 အစည်းအဝေး၌ တင်ပြသည့် ကုလသမဂ္ဂအစီရင်ခံစာမူကြမ်းတစ်ခုတွင် ဖော်ပြထားသည်။ ထိခိုက်ခံစားရသည့်နိုင်ငံများအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံပေးရန် ချမ်းသာ သည့်နိုင်ငံများ၏ ပျက်ကွက်မှုကြောင့် ဂလက်စကိုမြို့တွင် ကုလ သမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးမှုဖြစ်လာရန် အဓိက အကြောင်းအရာ ဖြစ်လာခဲ့သည်ဟု သိရသည်။
ကုန်ကျစရိတ်ပိုမိုများပြားလာမည်ဖြစ်
ကမ္ဘာ့ထိပ်တန်းရာသီဥတုသိပ္ပံဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း (အိုင်ပီစီစီ)၏ အစီရင်ခံစာအရ ရှောင်လွှဲမရနိုင်သည့် အကျိုးဆက်များ အတွက် လိုအပ်သည့် အခြေခံငွေကြေးပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံထက် ပို၍များပြားကြောင်း သိရသည်။ အဆိုပါ အစီရင် ခံစာကို လာမည့်နှစ်အစောပိုင်းတွင် ထုတ်ပြန်သွားရန် ရည်ရွယ် ထားသည်။ ရေကြီးမှုခံစား ရသည့်မြို့များ ၊ အစားအစာပြတ်လပ်မှုများ၊ ကြောက်မက်ဖွယ်အပူဒဏ် နှင့် လူအစုလိုက်အပြုံလိုက် ရွှေ့ပြောင်း နေထိုင်မှုကြောင့် ကုန်ကျစရိတ် မှာ ပိုမိုများပြားလာမည်ဖြစ်သည်။ ကုန်ကျစရိတ်များမှာ ယခင် ခန့်မှန်းထားသည်ထက်ပင် ပို၍များပြား လာမည်ဟု ခန့်မှန်းထားသည်။
လုံလောက်မှုမရှိ
ဘဏ္ဍာရေးလိုအပ်ချက်ကွာဟမှုမှာလည်း များပြားလာမည်ဖြစ် သည်ဟု စာမျက်နှာ ၄၀၀၀ ရှိ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ရန်ပုံငွေအတွက် လက်ရှိချမှတ်ထားသည့် အစီအစဉ်များမှာ ရာသီ ဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို ရင်ဆိုင် နိုင်ရန်အတွက် လုံလောက်မှုမရှိပေ။
စက်မှုမတိုင်မီခေတ်မှ ယခုအချိန်အထိ ကမ္ဘာမြေမျက်နှာပြင်မှာ ၁ ဒသမ ၁ ဒီဂရီဆဲလ်စီးရပ်စ် ပူနွေးလာသည်။ အပူချိန်ပိုမိုမြင့်မားလာ လေလေ ရာသီဥတုကြောင့် ကျရောက်လာသည့် ကပ်ဆိုးအန္တရာယ် မှ ကာကွယ်ရန် ကုန်ကျစရိတ်မှာလည်း ပိုမိုမြင့်မားလာမည်ဖြစ် သည်ဟု ကမ္ဘာ့ထိပ်တန်းရာသီဥတုသိပ္ပံဆိုင်ရာ အာဏာပိုင်အဖွဲ့ အစည်းဖြစ်သည့် အိုင်ပီစီစီက သတိပေးထားသည်။
ထရီလီယံနှင့်ချီ၍ ကုန်ကျမည်
၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် ဘဏ္ဍာရေးမှာ နှစ်စဉ် ထရီလီယံနှင့် ချီ၍ ကုန်ကျလိမ့်မည်ဟုလည်း သတိပေးထားသည်။ အပူချိန် ၂ ဒီဂရီတွင် အာဖရိကတိုက်တစ်ခုတည်း၌ လိုက်လျောညီထွေဖြစ်စေရန် ကုန်ကျစရိတ်မှာ နှစ်စဉ် ဘီလီယံနှင့်ချီ၍ ရှိမည်ဖြစ်သည်။ အစီရင်ခံစာ ၏ အဓိကဆောင်းပါးရှင်များအပါအဝင် သိပ္ပံပညာရှင်အများစုမှာ ဂလက်စကိုမြို့ အစည်းအဝေးမတိုင်မီ ၎င်းတို့၏ရှာဖွေတွေ့ရှိမှုများကို ဖော်ပြခြင်း မပြုသည့်အတွက် နောင်တရကြောင်း ပြောသည်။
တစ်ချိန်တည်းမှာပင် ကျွမ်းကျင်သူများနှင့် သံတမန်များသည် COP 26 အစည်းအဝေး ဆွေးနွေးပွဲ စားပွဲဝိုင်းပေါ် မှ အချက်အလက်များ ထက်ပို၍ ကြီးမားသော အချက်အလက်များကို အကဲဖြတ်ရန် စတင် နေပြီဖြစ်သည်။
အကျိုးဆက်များနှင့်ရင်ဆိုင်ရတော့မည်
၂၀၂၀ ပြည့်နှစ်ရောက်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ ပေးအပ်ရန် ကတိကဝတ်မှာ ယခုအခါ ၂၀၂၃ ခုနှစ်သို့ ရွှေ့ပြောင်းလိုက် ပြီဖြစ်သည်။ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်ခံစား ရသည့်နိုင်ငံများမှာ ရှောင်လွှဲမရနိုင်သည့် အကျိုးဆက်များနှင့် ရင်ဆိုင် ရတော့မည်ဖြစ်သည်။
အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံကတိကဝတ်မှာ ခေတ်မမီတော့ ကြောင်း ဘောဂဗေဒပညာရှင်တစ်ဦးဖြစ်သူ ရေချယ်ကလီးတပ်စ်က ပြောသည်။ လက်တွေ့ဖြစ်ပျက်နေသည့် အကြောင်းအရာများမှာ ယခင်ကတိပြုထားသည့် ငွေကြေးပမာဏဖြင့် လုံလောက်မှုမရှိတော့ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
နှစ်ဆမြင့်တက်လာနိုင်
၂၀၂၅ ခုနှစ်အတွက် ကုန်ကျမည့်ဘဏ္ဍာရေးအခြေအနေကို ဆွေးနွေးသည့်အခါ အမှန်တကယ်လိုအပ်သည့်ငွေကြေးမှာ ထရီလီယံ နှင့်ချီ၍ လိုအပ်မည်ဟုလည်း ၎င်းကဆက်ပြောသည်။ ဒေါ်လာ ၁၀၀ ဘီလီယံငွေကြေးမှာ ဖွံ့ဖြိုးဆဲကမ္ဘာအတွက် အမှန်တကယ်လိုအပ် သည့်ပမာဏပင် မရှိဟု အာဖရိက Think Tank အဖွဲ့မှ မိုဟာမက် အဒိုးက အေအက်ဖ်ပီသို့ ပြောသည်။ ပူနွေးလာမှုမှာ ၂ ဒီဂရီ ဆဲလ်စီး ရပ်စ် ဖြစ်လာလျှင် သမုဒ္ဒရာများမှာ နှစ်ဆမြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားကြသည်။
ဝန်ထုပ်ဝန်ပိုးများနှင့်ကြုံလာရမည်
အနိမ့်ပိုင်းရှိမြို့များတွင် အခက်တွေ့လာနိုင်သည်။ ရေလွှမ်းမိုးမှု ကြောင့် နှစ်စဉ်အာဖရိကတွင် လူပေါင်း ၂ ဒသမ ၇ သန်း ရွှေ့ပြောင်း နေရသည်။ ကောက်ပဲသီးနှံအထွက်နှုန်းများလည်း လျော့ကျ လာမည်ဖြစ်သည်။ အာဟာရချို့တဲ့မှုများလည်း ဖြစ်ပေါ်လာမည် ဖြစ်သည်။
အပူလှိုင်းများကြောင့် ထုတ်လုပ်မှုစွမ်းအားကို ထိခိုက်စေမည် ဖြစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွင်လည်း ဝန်ထုပ်ဝန်ပိုး များနှင့် တွေ့ကြုံလာရမည်ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမည့် ကုန်ကျစရိတ်များကို ရှောင်ရှားနိုင်ရေးအတွက် သင့်တင့်လျောက်ပတ်သည့် ပတ်ဝန်းကျင်ဖြစ်အောင် ထိန်းညှိရသည့် ရင်းနှီးမြှုပ်နှံမှုမှာ အကောင်းဆုံးဖြစ်မည်ဟု အိုင်ပီစီစီ၏အစီရင်ခံစာ တွင်ဖော်ပြထားသည်။
တိတိကျကျအကဲဖြတ်ရမည်
လိုက်လျောညီထွေဖြစ်အောင် ထိန်းညှိခြင်းနှင့် ရွှေ့ပြောင်းနေထိုင် မှုတို့ကြား ကုန်ကျစရိတ်ကို တိတိကျကျအကဲဖြတ်ရမည်ဟု ဒိုမီနီကန် သမ္မတနိုင်ငံမှ ဦးဆောင်ညှိနှိုင်းရေးမှူး မက်စ်ပူအီက ပြောသည်။ ယခုလအစောပိုင်းအတွင်း ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် အစီ အစဉ်၏ အစီရင်ခံစာတွင် ဖော်ပြထားသော လိုက်လျောညီထွေဖြစ် အောင် ပြုလုပ်မှုကွာခြားချက်တွင် ဘဏ္ဍာရေးလိုအပ်ချက်မှာ ၂၀၃၀ ပြည့်နှစ်တွင် ဒေါ်လာ ၃၀၀ ဘီလီယံနီးပါး ကုန်ကျမည်ဖြစ်ပြီး ၂၀၅၀ ပြည့်နှစ်အရောက်တွင် ဒေါ်လာ ၅၀၀ ဘီလီယံအထိ မြင့်မားလာမည်ဟု ဖော်ပြထားသည်။
တောင်းဆိုခဲ့ကြ
COP 26 အစည်းအဝေးတွင် ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် ၂၀၃၀ ပြည့်နှစ်မှစတင်ကာ တစ်နှစ်လျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၆၅၀ ဘီလီယံ စုဆောင်းကြရန် တောင်းဆိုခဲ့ကြသည်။ ချမ်းသာ သည့်နိုင်ငံများသည် အရေးပေါ်လိုအပ်ချက်ကို နားလည်ရမည်ဖြစ်ပြီး အနည်းငယ်မျှ ဖြေရှင်းရုံမျှဖြင့် လုံလောက်မှုမရှိသည်ကို နားလည်ရမည်ဟုလည်း ပြောကြားခဲ့သည်။
ကိုးကား - အေအက်ဖ်ပီ