ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အခြေခံပညာအထက်တန်းဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းစည်းဝေး

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အခြေခံပညာအထက်တန်းဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းစည်းဝေး

====================================================

နေပြည်တော် ဩဂုတ် ၁၁

 

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အခြေခံပညာအထက် တန်းဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့ ညနေ ၃ နာရီတွင် ပညာရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

 

အပြန်အလှန်ချိတ်ဆက် ဆွေးနွေး

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော် ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများ တက်ရောက်ကြပြီး အပြန်အလှန်ချိတ်ဆက် ဆွေးနွေးကြ သည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း အခြေခံပညာအထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟို ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အချက် ၈၀ ပါဝင်သော ဆန်းစစ်ချက်များဖြင့် အထက်တန်းဆင့်ကျောင်းများအား စစ်ဆေးအကဲဖြတ်လျက် ရှိပါကြောင်း၊ အခြေခံပညာ အထက်တန်းဆင့် ကျောင်းပေါင်း ၇၁၇၃ ကျောင်းအနက် ၇၁၁၁ ကျောင်းအား စစ်ဆေးအကဲဖြတ်နိုင်ခဲ့ပြီး ယနေ့ အထိ လိုအပ်ချက်များ ပြည့်စုံမှုရှိသော A အဆင့် ၄၁၅၆ ကျောင်းပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ လိုအပ်ချက်များပြည့်စုံ၍ A အဆင့်ရရှိပြီးသော ကျောင်းများ အား အမြန်ဆုံး ဆက်လက်ဖွင့်လှစ်ခွင့်ရရှိနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိပါကြောင်း၊ ဖြည့်ဆည်းရန် လိုအပ်သောကျောင်း များ၏ လိုအပ်ချက်များကို အခြေခံပညာဦးစီးဌာနအနေဖြင့် ချက်ချင်းဖြည့်ဆည်းပြီး အမြန်ဆုံးဖွင့်လှစ်ခွင့်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဖွင့်လှစ်ခွင့် ရရှိပြီးသော ကျောင်းများအားလုံး ကျောင်းအဆင့်ကြီးကြပ် စစ်ဆေးရေးအဖွဲ့များက အဆင့် A အဖြစ် အမြဲတည်တံ့နေ စေရန် နေ့စဉ်ဆန်းစစ် ဖြည့်ဆည်းရန် လိုအပ်ပါကြောင်း၊ မြို့နယ် အဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကြီးကြပ် စစ်ဆေးရေးအဖွဲ့များသာမက Monitoring Squad များက လည်း ရှောင်တခင်ဆန်းစစ်မှုများ ဆောင်ရွက်မည်ဖြစ်ရာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကျောင်းအလိုက် ထူးခြားမှုအခြေအနေများကိုလည်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနသို့ နေ့စဉ်ပေးပို့ရန်နှင့် မြို့နယ်ပညာရေးမှူးရုံး များသို့လည်း မိတ္တူပေးပို့ရန် ဖြစ်ပါကြောင်း၊ မည်သည့် အစိုးရကျောင်း၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင် ကျောင်းမဆို ဘော်ဒါထားရှိခြင်း လုံးဝခွင့်ပြုထားခြင်း မရှိပါကြောင်း၊ အထက်တန်းဆင့်ကျောင်းများအားလုံး ဖွင့်လှစ်ပြီး နောက်ထပ် ရက်သတ္တပတ် သုံးပတ်အကြာ မှသာ အလယ်တန်းဆင့် ကျောင်းများအား ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ဦးဆောင်၍ အထက်တန်းဆင့် ကျောင်းများကဲ့သို့ အချက် ၈၀ ပါ ဆန်းစစ်အကဲဖြတ် လွှာဖြင့် စစ်ဆေးမည်ဖြစ်ပါသဖြင့် လိုအပ်ချက်များအားလုံး ပြည့်စုံအောင် ကြိုတင်ဖြည့်ဆည်းဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ အချက် ၈၀ ပါ ဆန်းစစ်အကဲဖြတ်လွှာ ဖြင့် စစ်ဆေးရန်အလွန်ခက်ခဲသော ဒေသများရှိ ကျောင်း စာရင်းရှိပါကလည်း ခက်ခဲမှုအခြေအနေနှင့်အတူ အမြန်ဆုံး တင်ပြရန် လိုအပ်ပါကြောင်း စသည်ဖြင့် အမှာစကား ပြောကြားသည်။

ဆွေးနွေး

 

ထို့နောက် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အခြေခံ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာဇော်ဝင်းနှင့် တာဝန်ရှိသူတို့က ပညာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူး များက ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အခြေခံပညာ အထက်တန်းဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး နှင့်ပတ်သက်၍ ဆောင်ရွက်ထားမှုအခြေအနေများကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ရှင်းလင်းဆွေးနွေး၍ လိုအပ်ချက်များ၊ အခက်အခဲများနှင့် ဖြည့်ဆည်း ဆောင်ရွက်ရမည့်အခြေအနေများကို ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်