လူတိုင်းသတိပြုရမည့် ဆီးချိုရောဂါနှင့် နောက်ဆက်တွဲပြဿနာ

Type
1

 

မေယု- မျိုးအောင်(MANA) 

 

ကမ္ဘာ့ဆီးချိုရောဂါနေ့ကို International Diabetes Federation (IDF) အပြည်ပြည်ဆိုင်ရာ ဆီးချိုရောဂါအသင်းကြီးနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး World Health Organization (WHO) တို့က လူသားတိုင်း ထိုရောဂါဆိုးကြီးကို သတိပြုကြဖို့၊ ကာကွယ်စောင့်ရှောက်ထိန်းသိမ်းကြဖို့ သတိပေးနှိုးဆော်သည့်အနေဖြင့် ၁၉၉၁ ခုနှစ်ကပင် စတင်သတ်မှတ်ဆောင်ရွက်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက နှစ်စဉ်နိုဝင်ဘာလ ၁၄ ရက်နေ့ကို ကမ္ဘာ့ဆီးချို ရောဂါနေ့ဟု သတ်မှတ်ပေးခဲ့သည်။ ဆီးချိုရောဂါဆိုင်ရာ အထူးအရေးပါသော အင်ဆူလင်ဟော်မုန်းကို စတင်တွေ့ရှိခဲ့သော Sir Frederick Banting ၏ မွေးနေ့ ကို ဂုဏ်ပြုသောအားဖြင့် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

 


အဖြစ်များနေသောရောဂါ


၁၉၂၂ ခုနှစ်က Sir Frederick Banting သည် Charles Best နှင့်အတူ    အင်ဆူလင်ဟော်မုန်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။    ဆီးချိုရောဂါနေ့အတွက် လှုံ့ဆော်မှုများတွင် အဆိုပါနေ့သည်  ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း  ၁၆၀ ကျော်ရှိ လူပေါင်းတစ်ဘီလီယံတို့ ပါဝင်ဆင်နွှဲသည့်နေ့လည်းဖြစ်သည်။ ဆီးချို၊သွေးချို ရောဂါသည်  ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏    အဓိက ကာကွယ်တားဆီးရမည့် ရောဂါကြီးခြောက်မျိုးတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ဆီးချို၊ သွေးချိုရောဂါ၏ နောက်ဆက်တွဲဖြစ်သည့် ဆီးချို၊ သွေးချို အနာသည် လည်း အဖြစ်များနေသော ရောဂါတစ်ခုဖြစ်နေသည်။ ဆီးချို၊ သွေးချိုအနာကို အနောက်တိုင်း  ဝေါဟာရ အားဖြင့် Diabetes Meilitus Ulcer ဟုခေါ်သည်။ ဆီးချို၊ သွေးချိုအနာသည်  မည်သည့်နေရာတွင်မဆို ဖြစ်ပွားလေ့ရှိသော်လည်း ခြေထောက်တွင် ဖြစ်ပွား သော ဆီးချိုအနာကို ပို၍ တွေ့ရသည်။
ဆီးချိုဝေဒနာရှင်များသည်   ခြေထောက်နှင့် ပတ်သက်ပြီး အနာဖြစ်ခြင်း၊   ထိခိုက်ဒဏ်ရာရခြင်း များ ပိုဖြစ်လေ့ရှိသည်။ ဆီးချိုရောဂါ၏ နောက်ဆက် တွဲရောဂါဖြစ်သည့် အာရုံကြောများ   ပျက်စီးပြီး ခြေထောက်မှာ   ထုံကျဉ်ကာ   အာရုံခံစားနိုင်စွမ်း လျော့နည်းလာခြင်းကြောင့်ဖြစ်သည်။  ဆီးချိုရောဂါ ဝေဒနာရှင်များသည် ခြေထောက်သို့   သွေးစီးဆင်းမှု နည်းသွားသောကြောင့် အနာမကျက်ဘဲ တဖြည်း ဖြည်းပုပ်ပြီး   ခြေထောက်ဖြတ်ရသည်အထိ ဖြစ်နိုင် သည်။    ကြိုတင်သိရှိနိုင်သော   ဆီးချိုရောဂါ၏ လက္ခဏာများမှာ မကြာခဏ  ဆီးသွားခြင်း၊ အလွန် အကျွံရေဆာခြင်း၊ ခြေလက်များထုံကျဉ်ခြင်း၊  အာရုံ စူးစိုက်မှု အားနည်းခြင်း၊  အားနည်းမောပန်းလွယ် ခြင်း၊ အစာမကြာခဏစားလိုခြင်း၊ ကိုယ်အလေးချိန် လျော့ကျလာခြင်း၊   အမြင်ဝေဝါးလာခြင်း၊   ပျို့အန် ခြင်း၊ အစာအိမ်နာခြင်း၊ ရုတ်တရက်ထလျှင် မူးဝေ ခြင်း၊ အနာကျက်နှေးခြင်းတို့ဖြစ်သည်။

 


ဆီးချိုနှင့်သွေးတိုး


ဆီးချိုရောဂါသည် လူသန်းပေါင်း ၄၀၀ ကျော် ကို   ဒုက္ခပေးခဲ့သော      ရောဂါဆိုးတစ်ခုလည်းဖြစ် သည်။ဆီးချိုသည် ဇိမ်ကျကျနေထိုင်ပြီး အဆီအအိမ့်၊ အချိုစားသောသူများတွင် အဖြစ်များသည်။   ဆီးချို ဖြစ်သည်နှင့်တစ်ပြိုင်နက်    သွေးတိုးရောဂါသည် ထက်ကြပ်မကွာ   လိုက်ပါလျက်ရှိသည်ကို   တွေ့ရ သည်။ ဆီးချိုသမားများတွင် သွေးအတွင်း၌ ကောင်း သောအဆီများထက်     မကောင်းသောအဆီများ ပိတ်ဆို့ရာမှ   သွေးတိုးရောဂါသည်လည်း  ဖြစ်ပေါ် လာခြင်းဖြစ်သည်။   သွေးတွင်းသကြားဓာတ် များပြားလာခြင်းကြောင့် သွေးပျစ်လာပြီး သွေးကြော နံရံများ  ထူလာကာ    သွေးကြောကျဉ်းလာခြင်း ဖြစ်သည်။
သွေးကြောထဲတွင်  ဖိအားများလာပြီး  သွေးတိုး ရောဂါကို  ဖြစ်ပေါ်လာစေခြင်းဖြစ်သည်။  ဆီးချို ရောဂါလူနာများတွင်  ရုတ်တရက်သေဆုံးနိုင်သော အကြောင်းအရင်းထဲမှတစ်ခု အပါအဝင်ဖြစ်နေသည်။

 


နောက်ဆက်တွဲရောဂါများ


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏     စံချိန်အရ အထက်သွေးပေါင် ၁၆၀ နှင့် အောက်သွေးပေါင် ၁ဝဝ မီလီမီတာ မာကျူရီအထက်ရှိသူကို   သွေးတိုးရောဂါ ရှိသည်ဟု  သတ်မှတ်ထားသည်။     သွေးတိုးစေသော အကြောင်းအရာအချို့မှာ      အမျိုးသားများတွင် အသက် ၄၅ နှစ် နှင့်အထက်၊      အမျိုးသမီးများတွင် အသက် ၆၅ နှစ်နှင့် အထက်ဆိုလျှင် သွေးတိုးနိုင်ခြင်း၊ မျိုးရိုးလိုက်ခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ တက်ကြွ သော ကိုယ်လက် လှုပ်ရှားမှုမရှိခြင်း၊ ထိုင်၍  အလုပ် လုပ်ချိန်များခြင်း၊   ဆေးလိပ်သောက်ခြင်း၊   အရက် သောက်ခြင်း၊ အငန်များများစားခြင်း၊   စိတ်ဖိစီးမှုများ ခြင်း၊   ကျောက်ကပ်ရောဂါဖြစ်နေခြင်း၊ ဆီးချိုရောဂါ ဖြစ်နေခြင်း၊ ကိုယ်ဝန်ဆောင်နေစဉ်အချိန်များတွင်   ဖြစ်ပေါ်တတ်သည်။ ဆီးချိုရောဂါ၏  နောက်ဆက်တွဲ ရောဂါများမှာ   အာရုံကြောအားနည်းခြင်း၊   မျက်စိ ရောဂါ၊   ခြေထောက်များ    သွေးကြောပိတ်ခြင်း၊ ကျောက်ကပ်ရောဂါ၊     နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတွင်းအက်စစ်ဓာတ်များခြင်း၊     ဆီးချိုရောဂါ  ရင့်လာသည်နှင့်အမျှ ထုံနာ၊  ကျဉ်နာစွဲကျန်ရစ်ခြင်း၊    ပန်းသေပန်းညှိုးဖြစ်ခြင်း စသည်တို့ဖြစ်သည်။

 


ပန်းသေပန်းညှိုးဆိုသည်မှာ အမျိုးသားများတွင် သွားလာဆက်ဆံသည့်အခါ  သွားလာဆက်ဆံနေ စဉ်    ပန်းအားကျသွားခြင်း၊   သုက်လွှတ်မြန်ခြင်း၊ မရောင့်ရဲနိုင်ခြင်း၊   ဆီးသွားလျှင်     သုက်ပါခြင်း၊ သွေးအားနည်းခြင်း၊  ကျင်ကြီးကျင်ငယ်  စွန့်ပစ်ချင် သော်လည်း    လှုပ်ရှားထကြွမှုမရှိခြင်း ၊   နှစ်ခြိုက်စွာ အိပ်မပျော်ခြင်း၊  စိတ်ဓာတ်တက်ကြွမှုမရှိခြင်း၊ အလို လိုနေရင်းနှင့်လည်းကောင်း၊          အိပ်မက်မက်စဉ် လည်းကောင်း သုက်လွှတ်ခြင်း၊  သုက်မထိန်းနိုင်ခြင်း၊     သုက်ခန်းခြင်း၊   အလွန်ဝလာခြင်း၊    အလွန်ပိန်လာ ခြင်း၊   အာရုံကြောများ  အားနည်းခြင်းတို့ ဖြစ်သည်။
ကျောက်ကပ်ရောဂါ၏      လက္ခဏာများမှာ ပျို့ခြင်း၊   အန်ခြင်း၊  အစားအသောက်ပျက်ခြင်း၊ ပင်ပန်းနွမ်းနယ်ပြီး အိပ်မပျော်ခြင်း၊ ကြွက်သားများ နာကျင်ခြင်းနှင့် ကြွက်တက်ခြင်း၊ ယားယံခြင်း၊ အနီ ကွက်များထခြင်း၊ သွေးတိုးခြင်း၊  အရည်များစုလာ သည့်အတွက်   အသက်ရှူကျပ်လာခြင်း၊    ဖောရောင် ခြင်း၊  ရောဂါအခံများရှိခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ အဝလွန်ခြင်း၊ အသက်ကြီးသူများ၊ ကျောက်ကပ်တွင်    ပြည်တည်နာဖြစ်ခြင်း၊  အကိုက် အခဲပျောက်ဆေးများ   ပုံမှန်သောက်သုံးခြင်း၊ မကြာ ခဏဆီးလမ်းကြောင်း   ပိုးဝင်ခြင်း   စသည်တို့ဖြစ် သည်။    ဆီးချိုလူနာငါးယောက်တွင်   တစ်ယောက် သည်    ကျောက်ကပ်ရောဂါ   ခံစားရလေ့ရှိသည်။ ဆီးချို၊ လူနာများသည် ကျောက်ကပ်ရောဂါဟူသည့် နောက်ဆက်တွဲရောဂါမှ ကာကွယ်နိုင်စေရန် သွေးတွင်း သကြားဓာတ်ကို ထိန်းပေးဖို့လိုသည်။

 


ကိုယ်ဝန်ဆောင်နှင့်ဆီးချို


မြန်မာနိုင်ငံ၌      ကိုယ်ဝန်ဆောင်မိခင်များတွင် ဆီးချိုရောဂါဖြစ်ပွားမှုသည်   ရာခိုင်နှုန်း     ၂၀ မှ  ရာခိုင်နှုန်း ၄၀ ခန့်အထိ   ဖြစ်ပွားနေပြီး  အမျိုးသမီး များတွင် ဆီးချိုရောဂါဖြစ်ပွားမှုနှုန်း ၁၁ ဒသမ ၈ရာခိုင်နှုန်း ဖြစ်ပွားနေကြောင်း တစ်နိုင်ငံလုံးအတိုင်း အတာဖြင့်   ကောက်ယူထားသော  ဆီးချိုရောဂါ စစ်တမ်းများအရ သိရသည်။ ကမ္ဘာပေါ်တွင် အမျိုး သမီး ၁၉၉ သန်းသည်  ဆီးချိုရောဂါခံစားနေရပြီး ၂၀၄၀   ပြည့်နှစ်တွင် ၃၁၃ သန်း   ဖြစ်လာမည်ဟု ခန့်မှန်းထားကြောင်း    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အချက်အလက်များအရ သိရသည်။

 


ဆီးချိုနှင့် အစားအသောက်


အမျှင်ဓာတ်ပါသည့်အစာများကို လုံလောက်စွာ စားသုံးခြင်းသည် ဆီးချိုထိန်းရာ၌ အရေးကြီးသည့် ကဏ္ဍတစ်ခုအဖြစ် ပါဝင်နေသည်။  ကြေလွယ်နိုင် သော  အမျှင်ဓာတ်ပါသည့်အစာများကို  များများ စားသုံးသူသည်  အချိုဓာတ်တိုးလာမှုကို  လျော့နည်း စေနိုင်ပြီး   သွေးထဲမှ   သွေးချိုပမာဏကိုလည်း ထိန်းနိုင်မည်ဖြစ်သည်။   သစ်သီးများသည်   အမျှင် ဓာတ်နှင့် ရေဓာတ်ပါဝင်သည့်အတွက်ကြောင့် ဗိုက်ဝ လွယ်သည်။ သစ်သီးသစ်ရွက်များနှင့်သာ လုံလောက် စွာ စားသုံးပါက အဝလွန်ခြင်း၊  နှလုံးဖောက်ပြန်ခြင်း နှင့် လေဖြတ်ခြင်းတို့ကိုဖြစ်စေနိုင်သည့်အဆင့်များမှ လျှော့ချပေးနိုင်မည်ဖြစ်သည်။ အဝလွန်ခြင်းသည် ဆီးချို၊ သွေးချိုနှင့် ဆက်စပ်နေသည်သာဖြစ်သည်။ သစ်သီးများသည်    အမျှင်ဓာတ်များ၍   အာဟာရ ဖြစ်လွယ်တတ်ရာ    ထိုအသီးများကို   အစားအစာ အဖြစ်    စီမံနိုင်ခြင်းသည်     ကောင်းသောရွေးချယ်မှု တစ်ခုပင်ဖြစ်သည်။  သစ်သီးယို၊  သစ်သီးဖျော်ရည် ကဲ့သို့သော ပြုပြင်ထားသည့် အသီးများသည် အမျှင် ဓာတ်ကို   ဖယ်ထားသည်ဖြစ်၍ ဆီးချို၊ သွေးချိုသမား များအနေဖြင့် မစားသုံးသင့်ပေ။

 


ရှောင်ရန်အချက်များ


ရှောင်ရန်မှာ   ဆေးလိပ်သောက်ခြင်း၊   အရက် သောက်ခြင်း၊ အအေးခံခြင်း၊ အေးချိုဆိမ့်ဖန်နှင့် ငန်သော အစားအစာများစားခြင်း၊ အဆီအအိမ့်များ သော အစားအစာများ၊ စားအုန်းဆီနှင့် ပြောင်းလဲဆီ ပါသော     ဆီကြော်မုန့်မျိုးစုံတို့ကို     ရှောင်ကြဉ်ပါ။ အငန်ဓာတ်များသော   အစာများဖြစ်သည့်   ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ အချိုမှုန့် ၊  ဆော်ဒါနှင့် ပြုလုပ် သော    အီကြာကွေး၊   ပလာတာ၊   ကိတ်မုန့်များ၊ ဆော်ဒါပါသော ဖျော်ရည်အမျိုးမျိုးတို့ကို ရှောင်ပါ။ တညင်းသီးစသော   တက်စာများ၊ ကလီစာများ၊ မြေတွင်းအောင်းစာ   အမျိုးမျိုးစားခြင်းမှ ရှောင်ကြဉ် ပါ။   စိတ်သောကများခြင်း၊    စိတ်ဖိစီးမှုများခြင်း၊     ဒေါသကြီးခြင်းတို့ကို   ရှောင်ပါ။ ဆူညံသောအသံများ ရှိရာအရပ်တွင် နေထိုင်ခြင်းကိုလည်း   ရှောင်ကြဉ်ရပါ မည်။   လေထုညစ်ညမ်းသည့်    နေရာများမှလည်း   ရှောင်နေဖို့  လိုအပ်သည်။

 


အခမဲ့ဆေးခန်းများ


ဆီးချိုနှင့်   သွေးတိုးရောဂါတို့အတွက်     အခမဲ့ စစ်ဆေးကုသမှုခံယူနိုင်မည့်     ဆေးခန်းများကို ရန်ကုန်မြို့၌ ကျန်းမာရေးဦးစီးဌာနက စတင်ဖွင့်လှစ် ပေးထားပြီဖြစ်ရာ   အပတ်စဉ်     ဗုဒ္ဓဟူးနေ့တိုင်း သွားရောက်ပြသနိုင်ပြီဟု   သိရပေသည်။  ရန်ကုန် တိုင်း ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ မြို့နယ် ၄၅ မြို့နယ်မှ ဒေသန္တရကျန်းမာရေးဌာန ၂၉ ခုနှင့် ကျေးလက်ကျန်းမာရေးဌာန ၉၁ ခုတို့တွင် ဖွင့်လှစ် ပေးထားခြင်းဖြစ်ကြောင်းလည်း         သိရသည်။ လိုအပ်သည့်ဆေးဝါး၊        ဆေးပစ္စည်းများကို တိုင်းကျန်းမာရေးဦးစီးဌာနမှ  ထောက်ပံ့ပေးကာ တာဝန်ကျ    ကျန်းမာရေးဝန်ထမ်းများအနေဖြင့်  အထူးကုသမားတော်ကြီးများ  ချမှတ်ပေးထားသည့်  ကုသနည်းစနစ်များအတိုင်း   ရောဂါစစ်ဆေးခြင်း၊ ကုသခြင်းတို့ကို       အခမဲ့ပြုလုပ်ပေးနေကြောင်း  သိရသည်။ အဆိုပါဆေးခန်းများသို့ အသက်အရွယ် မရွေး   လာရောက်ပြသနိုင်ပြီး အသက် ၄၀ နှင့် အထက်ရှိသူများ၊    ဆေးလိပ်သောက်သုံးသူများနှင့်   မိသားစုအတွင်း၊ ဆွေမျိုးသားချင်းတို့အတွင်း ဆီးချို၊ သွေးချိုရောဂါနှင့် နှလုံးသွေးကြောရောဂါ ဖြစ်ပွားမှု ရှိသူများကို     အဓိကကုသပေးသွားမည်ဟုလည်း သိရသည်။ အခမဲ့ဆေးခန်းများ   ဖွင့်လှစ်ခြင်းသည် ဝမ်းမြောက်ဝမ်းသာကြိုဆိုရမည့်    လုပ်ဆောင်မှု အဖြစ် အသိအမှတ်ပြုရမည်ဖြစ်သည်။

 


အနီးကပ်ရန်သူ


ပြည်သူများအတွင်း ဖြစ်ပွားမှုနှုန်း  ပိုမိုတိုးမြင့် လာသည့် အနီးကပ်ရန်သူဟုဆိုရမည့်   သွေးတိုး၊ ဆီးချို၊ သွေးချို  စသည့်ရောဂါများအတွက် ကြိုတင် သိရှိ ကာကွယ်နိုင်မည့်၊    အချိန်မီစစ်ဆေးကုသ နိုင်မည့်ဆေးခန်းများကို  ပြည်သူနှင့်   နီးနီးစပ်စပ်   တိုးမြှင့်ဖွင့်လှစ်ပေးခြင်းက အလွန်ထိရောက်မှုရှိနိုင် မည်ဟု မျှော်လင့်မိသည်။ ဤလုပ်ငန်းစဉ်နှင့်အတူ တစ်ပါတည်း လိုအပ်သည်မှာ  ယင်းဆေးခန်းများ ဖွင့်လှစ်ထားခြင်းကို   ပြည်သူများ   သိရှိစေရေး အတွက် ကျယ်ကျယ်ပြန့်ပြန့် အသိပေးနှိုးဆော်ရန် နှင့်  ယင်းဆေးခန်းများသို့   ကလေး၊     လူကြီး အသက်အရွယ်မရွေး      လာရောက်စစ်ဆေးကုသမှု    ခံယူနိုင်ရေး စည်းရုံးလှုံ့ဆော်မှုပြုရန်  ဖြစ်သည်။ မြို့နယ်ရပ်ကွက် များအလိုက်၊ ကျေးရွာများအလိုက် သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းမှ   ဦးဆောင်ကာ မိသားစုအလိုက် အပတ်စဉ် စစ်ဆေးကုသမှုခံယူရန် စည်းရုံးသင့်ပေသည်။ 

 


ဆီးချိုသွေးချိုရောဂါနှင့်   နောက်ဆက်တွဲရောဂါ အန္တရာယ်    ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု နှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ခြင်းသည် ကောင်းမွန်သည့်     လုပ်ဆောင်ချက်ပင်ဖြစ်ရာ ရည်ရွယ်ချက်ကောင်းသည်နှင့်အမျှ   ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ   ပြည်သူတို့လည်း  အားကိုး ယုံကြည်စွာ  ပူးပေါင်းဆောင်ရွက်မှသာ ထိရောက် သော အကျိုးဖြစ်ထွန်း အောင်မြင်နိုင်မည်   ဖြစ်ပါ ကြောင်း ရေးသားလိုက်ရပါသည်။     ။