
ဒေါက်တာမြင့်သန်း- ညောင်လေးပင်
(Megawa) မီဂါဝါလို့ အမည်ပေးထားတဲ့ အသက် ခုနစ်နှစ်ရှိ ကြွက်ကလေးတစ်ကောင်ဟာ ကမ္ဘောဒီးယားနိုင်ငံမှာ မြေမြှုပ်မိုင်းတွေကို ငါးနှစ်တာ အနံ့ခံရှာဖွေပေးခဲ့ပါတယ်။ သူ့ကို အခုတော့ အနားပေးလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ မီဂါဝါဟာ ၁၄၁၀၀၀ ကုဗမီတာ (၁ ဒသမ ၅ သန်း စတုရန်းပေ)ခန့် အကျယ်အဝန်းရှိ မိုင်းကွင်းမှာ မိုင်းများကို အနံ့ခံရှာပေးခဲ့ပါတယ်။ ဒီအကျယ်အဝန်းဟာ ဘောလုံးကွင်း၂၀ နဲ့ တူပါတယ်။ မြေမြုပ်မိုင်း ၇၁ လုံး၊ မပေါက်ကွဲသေးတဲ့ လက်နက်ကိရိယာ ၃၈ မျိုးတို့ကို အနံ့ခံ ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။
မီဂါဝါဟာ မိုင်းတစ်လုံးကို အနံ့ခံမိတာနဲ့ မြေကြီးကို ခြေထောက် တွေနဲ့ ကုတ်တော့တာပဲ။ ဒါဆို မိုင်း၊ ဗုံး တစ်ခုခုရှိတဲ့နေရာလို့ အတူပါလာသူက သိလိုက်နိုင်ပြီး ဆက်ပြီးထုတ်ဖော်လိုက်ရုံပါပဲ။
မီဂါဝါလိုကြွက်ကလေးတွေဟာ မိနစ် ၂ဝ အတွင်း တင်းနစ်ကွင်း တစ်ကွင်းစာနေရာမှာ ဒီလိုရှာနိုင်ကြပါတယ်။ လူတွေဆို မိုင်းရှာ ကိရိယာနဲ့ အနည်းဆုံးလေးရက်လောက် အချိန်ပေးလုပ်ရမယ့် အလုပ် မျိုးလို့ သိရပါတယ်။ မီဂါဝါဟာ တစ်နှစ်ကျော် မိုင်းရှာသင်တန်းတက်ပြီး ငါးနှစ်တာဝန်ထမ်းဆောင်၊ အသက်ခုနစ်နှစ်မှာ အနားယူခဲ့တာ ဖြစ်ပါ တယ်။ အခုအခါ ကမ္ဘောဒီးယားနိုင်ငံမှာ မိုင်းရှင်းလင်းရေးတာဝန် ထမ်းဆောင်နေတဲ့ ကြွက်ကလေးပေါင်း ၂ဝ ရှိတယ်လို့ သိရပါတယ်။
လူတစ်သန်းခန့်ကို ကာကွယ်ပေးနိုင်ခဲ့
“သူဟာ အသက်ရလာတော့ ငယ်တုန်းကလို အလုပ်မလုပ်နိုင်တော့ တာ တွေ့ရပါတယ်။ လေးလံလာတယ်”လို့ မီဂါဝါကိုထိန်းသိမ်းပေးတဲ့ ကမ္ဘောဒီးယားသူလေး Malen က ဆိုပါတယ်။ မီဂါဝါဟာ အလုပ်လုပ် တာ သိပ်တော်တယ်။ သိပ်ချီးကျူးစရာကောင်းတယ်။ သူဟာ လူများစွာ ရဲ့အသက်ကို ကယ်တင်ပေးနိုင်ခဲ့လို့ သိပ်ကျေးဇူးတင်ထိုက်ပါတယ်လို့ လည်း ဆိုပါတယ်။ သူ့ရဲ့အလုပ်ကြောင့် လူပေါင်းတစ်သန်းတို့ရဲ့ အသက်ဆုံးရှုံးမှုနဲ့ ထိခိုက်မှုများကနေ ကာကွယ်ပေးနိုင်ခဲ့ကြောင်း Apopo အဖွဲ့က တွက်ချက်ကြပါတယ်။ မီဂါဝါကို ၂၀၂ဝ ပြည့်နှစ် စက်တင်ဘာလက PDSA Gold Medal (George Cross for Animals) ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ စေတနာ့ဝန်ထမ်း အဖွဲ့များရဲ့ သက်တမ်း ၇၇ နှစ်အတွင်း ပထမဆုံးချီးမြှင့်တဲ့ ရွှေတံဆိပ် ဖြစ်ကြောင်း သိရပါတယ်။ ဆုချီးမြှင့်ခံရတဲ့ တိရစ္ဆာန်အမျိုးပေါင်း ၃ဝ မှာ မီဂါဝါဟာ ပထမဆုံးကြွက်ဖြစ်ပါတယ်။
သူဟာ အလေးချိန် ၁ ဒသမ၂ ကီလိုဂရမ်(၂ ဒသမ ၆ ပေါင်)၊ အရှည် ၇ဝ စင်တီမီတာ(၂ဝ လက်မ) ရှိပြီး သူ့ကြွက်မျိုးထဲမှာ ထွားကျိုင်းတဲ့ ကြွက်ဖြစ်ကြောင်းလည်း သိရပါတယ်။ သူ့ရဲ့ အရွယ် အစားက၊ မိုင်းဗုံးပေါ်ဖြတ်လျှောက်သွားရင် မပေါက်ကွဲစေနိုင်တဲ့ အရွယ်အစားဖြစ်ပါတယ်။ သူဟာ တစ်နေ့ကို နံနက်ခင်းတိုင်း နာရီဝက် လောက် တာဝန်ထမ်းဆောင်ပါတယ်။
မီဂါဝါကို တန်ဇန်းနီးယားနိုင်ငံမှာ အခြေစိုက်တဲ့ ဘယ်လ်ဂျီယမ် နိုင်ငံက Apopo အဖွဲ့က မွေးမြူ သင်တန်းပေးခဲ့ပါတယ်။ ဒီအဖွဲ့ဟာ Hero RATS လို့ အမည်ရတဲ့ အစီအစဉ်နဲ့ ကြွက်ကလေးတွေကို အနံ့ခံ မိုင်းဗုံးရှာနည်းသင်တန်း တစ်နှစ်တာ သင်ကြားပေးပါတယ်။ ဗုံးတွေထဲမှာရှိတဲ့ ဓာတုပစ္စည်းရဲ့အနံ့ကို ကောင်းစွာအနံ့ခံတတ် အောင် သင်ကြားပေးတာ ဖြစ်ပါတယ်။ အနံ့ရတာနဲ့ မြေကြီးကို ကုတ်ခြစ်ဖို့ပါ သင်ပေးပါတယ်။ သင်ကြားတတ်မြောက်ပြီးရင် အသိ အမှတ်ပြုလက်မှတ် certificate ထုတ်ပေးပါတယ်။ ဒီလို ဆောင်ရွက် လာတာ ၁၉၉ဝ ပြည့်နှစ်ကတည်းကလို့လည်း သိရပါတယ်။
၂၀၂၁ ခုနှစ် ဇွန်လအတွင်းမှာပဲ သင်တန်းဆင်းကြွက်တပ်သားသစ်တစ်ဖွဲ့ကို ကမ္ဘောဒီးယားနိုင်ငံ Cambodian Mine Action Center (CMAC)ကို လွှဲပြောင်းပေးခဲ့ပါတယ်။ ဒီတပ်သားသစ်ကလေးတွေဟာ သင်တန်းမှာ ထူးချွန်စွာ သင်ကြားတတ်မြောက်သူတွေ၊ ဂုဏ်ထူးနဲ့ အောင်မြင်ကြသူတွေလို့ Apopo အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။ မီဂါဝါကိုတော့ တပ်ဖွဲ့မှာပဲ ထားဦးမှာဖြစ်ပြီး တပ်သားသစ် ကလေးတွေကို ဆက်လက်ထိန်းကျောင်းမယ့် ကြွက်ဆရာတစ်ဦး ဖြစ်လာပါလိမ့်မယ်။
Apopo အဖွဲ့ဟာ Hero Rats, Hero Dogs ကြွက်ကလေးများနဲ့ ခွေးကလေးတွေကို သင်တန်းပေးပြီး မြေမြှုပ်မိုင်းနဲ့ တီဘီရောဂါ အနံ့ခံရှာဖွေရေးများမှာ အသုံးပြုလျက်ရှိကြောင်း သိရပါတယ်။
ဂမ်ဘီယာကြွက်မျိုး
မီဂါဝါဟာ ဂမ်ဘီယာကြွက်မျိုး (Gambian rats) ဖြစ်ပြီး ဒီကြွက်မျိုးတွေက မြောက်အမေရိကကြွက်မျိုးတွေထက် ပိုကြီးထွား ကြပြီး ခေါင်းကနေ အမြီးဖျားအထိ သုံးပေလောက်ရှည်တတ်ကြတယ်။ သူတို့ရဲ့မူရင်းဇာတိဟာ အာဖရိကတိုက်ဖြစ်ပြီး အလေးချိန်ကလည်း ကိုးပေါင်လောက် ရှိတတ်ကြပါတယ်။ ပျမ်းမျှအလေးချိန် ၃ ပေါင်၊ အရှည် ၂ဝ မှ ၃၅ စင်တီမီတာ(ဦးခေါင်းမှ အမြီးဖျားအထိ) ရှိကြပါ တယ်။
အကြီးဆုံးကြွက်မျိုး
ကြွက်များဟာ အသက်ခြောက်လမှာ အရွယ်ရောက်ကြပါတယ်။ များသောအားဖြင့် သက်တမ်းတစ်နှစ်လောက်သာ ရှိတတ်ကြကြောင်း သိရပါတယ်။ ကြွက်မျိုးစိတ် (species) ပေါင်း ၅၆ မျိုး ရှိနေပြီး သွားနဲ့ ကိုက်ဖြတ်စားသောက်တတ်တဲ့ နို့တိုက်သတ္တဝါတစ်မျိုး ဖြစ်ပါတယ်။ သူတို့ဟာ အနံ့ခံနိုင်စွမ်းကောင်းပြီး သူတို့ကို လေ့ကျင့် ပေးလို့လည်း ရပါတယ်။
ကြွက်တွေထဲမှာ အကြီးဆုံးကြွက်မျိုးက Sumatran rat ခေါ် Large bamboo rat ခေါ် Indomalayan rat ကြွက်မျိုးဖြစ်ပြီး သွားနှင့်ကိုက်ဖြတ်တတ်သော တိရစ္ဆာန်မျိုးနွယ် (spalacidae) ဝင်များ ဖြစ်ပါတယ်။ ကမ္ဘောဒီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံများမှာ နေထိုင်ကြလေ့ရှိ ကြောင်း သိရပါတယ်။ အဲဒီမျိုးစိတ်မှာ လေးမျိုးပါဝင်ပြီး တစ်မျိုးဖြစ် တဲ့ Bamboo rat တွေက အရှည် ၅ဝ စင်တီမီတာ(၂ဝ လက်မ)၊ (အမြီး ၂ဝ စင်တီမီတာ- ၇ ဒသမ ၉ လက်မအပါအဝင်) အလေးချိန်က ၄ ကီလိုဂရမ် (၈ ဒသမ ၈ ပေါင်)ခန့် ရှိကြပါတယ်။ သူတို့ဟာ ဝါးကိုသာ အဓိကစားကြပြီး ပီလောပီနံနဲ့ ကြံကိုလည်း ကြိုက်ကြပါတယ်။ သူတို့ကို ကြွက်မုဆိုးများက ဖမ်းယူကြလေ့ ရှိပါတယ်။
ကမ္ဘောဒီးယားနှင့်မိုင်းများ
ကမ္ဘောဒီးယားနိုင်ငံမှာ မြေမြှုပ်မိုင်းပေါင်း ၄ သန်းမှ ၆ သန်းခန့် နဲ့ မပေါက်ကွဲသေးတဲ့ ဗုံးပေါင်းများစွာ စုစုပေါင်း ၁ဝ သန်းကျော် လောက်တောင် ရှိနေနိုင်တယ်လို့ ယူဆကြပါတယ်။ ကမ္ဘာပေါ်မှာ မြေမြှုပ်ဗုံးပေါင်း ၂၃ သန်းလောက်ရှိနေနိုင်တဲ့ နိုင်ငံကတော့ အီဂျစ် နိုင်ငံလို့လည်း သိရပါတယ်။ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ ယူကရိန်း၊ အီရတ်၊ ပါကစ္စတန်၊ နိုင်ဂျီးရီးယားနိုင်ငံတို့ဟာ လက်ရှိမြေမြှုပ်မိုင်း အများဆုံး ရှိနေဆဲနိုင်ငံများ ဖြစ်ပါတယ်။
မြေမြှုပ်မိုင်းရှင်းလင်းရေး NGO တစ်ခုဖြစ်တဲ့ HALO Trust အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘောဒီးယားနိုင်ငံမှာ ၁၉၇၉ ခုနှစ်ကစပြီး မြေမြှုပ် မိုင်းများကြောင့် ထိခိုက်သေဆုံးရသူပေါင်း ၆၄၀၀၀ ကျော်၊ ခြေလက် များဆုံးရှုံးရသူပေါင်း ၂၅၀၀၀ ကျော် ရှိလိမ့်မယ်လို့ သိရပါတယ်။ ၁၉၇၀- ၈၀ ပြည့်နှစ်များအတွင်း ဖြစ်ပွားခဲ့တဲ့စစ်ပွဲများမှာ မိုင်းဗုံး များစွာ ထောင်ထားခဲ့တာ ဖြစ်ပါတယ်။ ၂၀၂ဝ ပြည့်နှစ် ဇန်နဝါရီလမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံအနေနဲ့ မိုင်းဗုံး များအသုံးပြုခြင်းကို တင်းကျပ်ခဲ့မှုများကို ပယ်ဖျက်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်က သမ္မတအိုဘားမားက မိုင်းအသုံးပြုမှုများကို တင်းကျပ်ခဲ့ တာကို ပြောင်းပြန်လှန်လိုက်တာလည်း ဖြစ်ပါတယ်။
မြေမြှုပ်မိုင်းများနဲ့ ပတ်သက်ပြီး ဗြိတိန်ဝေလမင်းသမီး ဒိုင်ယာနာ က မိုင်းထူပြောတဲ့ အာဖရိကတိုက် အင်ဂိုလာနိုင်ငံကို ၁၉၉၇ ခုနှစ်က သွားရောက်ခဲ့တာ မှတ်မိနေပါတယ်။ ဒီသတင်းဟာ ကမ္ဘာကျော်တဲ့ သတင်း ဖြစ်ခဲ့ပါတယ်။ မင်းသမီးဒိုင်ယာနာကွယ်လွန်ပြီး ၂၂ နှစ် အကြာမှာ ၎င်းရဲ့သား မင်းသားဟယ်ရီကလည်း အလားတူပဲ အင်ဂို လာနိုင်ငံ မိုင်းကွင်းများဆီ သွားရောက်ခဲ့ပါတယ်။ (အင်ဂိုလာနိုင်ငံတွင် မိုင်းကွင်းပေါင်း ၁၂၀၀၀ ခန့် ရှိနေဆဲဖြစ်ပြီး မိုင်းပေါင်းတစ်သိန်းခန့် ရှင်းလင်းခဲ့ပြီးဖြစ်ပါတယ်)။
ကြွက်ကလေးများဟာ အများအားဖြင့် အဖျက်သမားများလို့ အခေါ်ခံရလေ့ ရှိကြပါတယ်။ သူတို့ဟာ စားစရာ၊ အဝတ်အထည်၊ စာရွက်စက္ကူကအစ အဆောက်အအုံကြီးတွေအထိ ဖျက်ဆီးတတ်ကြပါ တယ်။ သူတို့ဟာ လောကမှာ အသုံးမဝင်တဲ့သတ္တဝါတွေလို့ သတ်မှတ် လေ့ရှိပါတယ်။ သို့သော် သူတို့ရဲ့ အနံ့ခံနိုင်စွမ်းရည်နဲ့ လေ့ကျင့် သင်ကြားနိုင်မှုအရည်အချင်းကို ဖော်ထုတ်အသုံးချနိုင်လို့ မီဂါဝါလို လူသားများအတွက် ချစ်ခင်ဖွယ်မိတ်ဆွေများအဖြစ်လည်း တွေ့ရှိရ ခြင်း ဖြစ်ပါတယ်ခင်ဗျား။ ။
- Log in to post comments