ပြည်သူများပါဝင်မှုဖြင့် အေးချမ်းသာယာမှုတည်ဆောက်

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကျဆင်းလာသောကြောင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ပြည်သူများ လူမှုစီးပွားရေးဘဝ ပုံမှန်လည်ပတ်နေကြသည်။ ကျောင်းများစတင်ဖွင့်လှစ်ချိန်တွင် ရာသီအကူးအပြောင်းကြောင့်  ပုံမှန်တုပ်ကွေးရောဂါဖြစ်ပွားမှုသာရှိခဲ့သည်။  လက်ရှိကာလနိုင်ငံရေးအခြေအနေနှင့်   အကြောင်း အမျိုးမျိုးဂယက်ရိုက်ခတ်မှုကြောင့် ပညာသင်ကြားရေးအပိုင်း၌ လျော့နည်းမှုရှိသော် လည်း အလုပ်အကိုင်များ ပုံမှန်လုပ်ကိုင်နေကြသည်။


ယခုနိုဝင်ဘာလ  ၈  ရက်နေ့အထိ   အခြေခံပညာကျောင်းသား  ကျောင်းသူ စုစုပေါင်း နှစ်သန်း သုံးသိန်း ငါးထောင်ကျော်  ပညာသင်လျက်ရှိကြောင်းသိရသည်။ ကျောင်းစတင်ဖွင့်လှစ်ချိန်တွင် ကျောင်းတက်ရောက်မှုနည်းပါးသော်လည်း ကျောင်း ဖွင့်ပြီး တစ်ပတ်ခန့်တွင် ကျောင်းသား ကျောင်းသူ တစ်သန်းကျော်ထပ်မံတိုးလာသဖြင့် ဝမ်းမြောက်စရာဖြစ်သည်။  ပညာလိုလားကြသော  မိဘပြည်သူများက အခက်အခဲ အနှောင့်အယှက်များကြားက ကျောင်းတက်ရေးကို အားပေးခဲ့သည်။ အကြောင်း အမျိုးမျိုးကြောင့် ကျောင်းမတက်ဖြစ်သောကလေးငယ်များအတွက် နားလည်မှု ရှိသလို ကိုယ်ချင်းစာနာမှုဖြစ်ရသည်။


ပညာရေးနှင့်ပတ်သက်၍ နောက်ကျနေ၍မဖြစ်သဖြင့် ကျောင်းသား ကျောင်းသူ များ  နစ်နာမှုမဖြစ်စေရန်အတွက် ပညာသင်ကြားရေးကို နိုင်ငံတော်က ကြိုးစား ဆောင်ရွက်လျက်ရှိသည်။ ပြည်သူများ ရောဂါကင်းဝေးကျန်းမာရေးအတွက် ယခု အခါ အသက် (၄၅) နှစ်အထက်ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးလျက် ရှိသည့်အပြင် အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများနှင့် ဆရာ  ဆရာမများကိုလည်း ကာကွယ်ဆေးထိုးပေးလျက်ရှိသည်။  ပြည်သူများကောင်းကျိုး အတွက် အဘက်ဘက်က ကြိုးပမ်းဆောင်ရွက်လျက်ရှိနေချိန်တွင် အကြမ်းဖက်အဖျက် သမားများက ပျက်စီးရာပျက်စီးကြောင်း နှောင့်ယှက်ဖျက်ဆီးမှုများ ပြုလုပ်နေကြရာ မကြံစည်အပ်ကောင်းသည့် ပညာရေး၊ ကျန်းမာရေးကိုပင် ဖျက်ဆီးလာကြသည်။
ယခုအခါတွင်   ကျောင်းသားမိဘများနှင့်    ရပ်ရွာအေးချမ်းသာယာရေးကို လိုလားသူများ၏   ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးမှုကြောင့် အချို့နေရာဒေသရှိ စာသင်ကျောင်းအချို့သာ နှောင့်ယှက်ဖျက်ဆီးမှုများ ခံခဲ့ရသည်။ အချို့နေရာများတွင် ကျောင်းသား ကျောင်းသူများကို ခြောက်လှန့်မှုများရှိသည်။ အချို့နေရာများတွင် ပညာသင်ကြားပေးသော ဆရာ ဆရာမများအား ခြိမ်းခြောက်မှုများရှိပြီး ကံ မကောင်းရှာသော ဆရာအချို့လုပ်ကြံခံခဲ့ရသည်ကို ကြားသိရသည်မှာ အလွန်ပင် ဝမ်းနည်းကြေကွဲမိသည်။ အဆိုပါလုပ်ရပ်သည် အလွန်မိုက်မဲသောလုပ်ရပ်ဖြစ်ပြီး နိုင်ငံ၏အနာဂတ်ကို ဖျက်ဆီးနေခြင်းဖြစ်သည်။ အလွန်မိုက်မဲသည့် အကြမ်းဖက် လုပ်ရပ်များကို ပြည်သူများက လက်မခံဘဲရွံရှာမုန်းတီးလျက်ရှိသည်။


ဒီမိုကရေစီကိုခုတုံးလုပ်သည့် အကြမ်းဖက်အဖျက်လုပ်ရပ်များကို ပြည်သူ များက နားလည်သိရှိလာကြပြီး ပြည်သူများ၏ပူးပေါင်း ကူညီဆောင်ရွက်ပေးမှုဖြင့်  လုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက်သမားများကို ထိရောက်စွာတိုက်ဖျက်လျက်ရှိ သည်။ ရပ်ရွာများအတွင်း အကြမ်းဖက်သမားများ၏ခြိမ်းခြောက်မှုများနှင့် အပြစ်မဲ့ ပြည်သူများအား အကြောင်းမဲ့သတ်ဖြတ်မှုများကို ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းနှင့် ပြည်သူများအား အကာအကွယ်ပေး ခြင်းတို့ကို အလေးထားဆောင်ရွက်လျက်ရှိသည်။ ပြည်သူများ၏ပူးပေါင်းဆောင်ရွက်မှုဖြင့်   အကြမ်းဖက်မှုများကို    ထိရောက်စွာ တားဆီးသွားနိုင်မည်ဖြစ်သည်။   ပြည်သူများ၏ဘဝများကိုလည်း    ကာကွယ် စောင့်ရှောက်ပေးပြီး ပြည်သူများကလည်း ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်ကြပါက မြို့ရွာများလည်း တည်ငြိမ်အေးချမ်းလာပြီး ပြည်သူများလည်းစိတ်ချမ်းသာလာမည်ဖြစ်သည်။


မိမိတို့သည် ဤနိုင်ငံတွင်နေ၍  ဤနိုင်ငံတွင်  ပြည်သူများနှင့်အတူ အတူ လက်တွဲနေထိုင်လုပ်ကိုင်ဆောင်ရွက်နေကြသဖြင့်    မိသားစုဝင်များဖြစ်သည်။ ထို့ကြောင့် ဤနိုင်ငံနှင့် တိုင်းရင်းသားပြည်သူအချင်းချင်း စာနာထောက်ထားရိုင်းပင်း ကူညီကြရမည်ဖြစ်သည်။ ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အရေး ကြီးသဖြင့် ပြည်သူများ၏ မိမိနိုင်ငံကို ချစ်မြတ်နိုးသောစိတ်ဓာတ်ကို အခြေခံကာ တာဝန်သိမှုနှင့် တက်ကြွသောစိတ်ဓာတ်များဖြင့် ပူးပေါင်းကူညီဆောင်ရွက်ကြရန် လိုအပ်ပေသည်။  ပြည်သူ့လုံခြုံရေးအတွက်   ဆောင်ရွက်ရာတွင် ပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် ဆောင်ရွက်မှသာ  ပြည်သူများ၏ လူမှုဘဝလုံခြုံအေးချမ်းမှုကို ရရှိမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည် ဆိုပါက နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများဘဝ လုံခြုံအေးချမ်းရေးကို များစွာအထောက်အကူပြုမည်ဖြစ်သည်။


မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်ကိုသုံးသပ်ကြည့်လျှင် နိုင်ငံရေးသမားများက ၎င်းတို့အာဏာရရှိရေးအတွက် မရိုးမသားလုပ်ဆောင်မှုများကြောင့် ပြည်သူများမှာ အသုံးချခံဘဝများ၊ အကြမ်းဖက်မှုဖြင့် ခြိမ်းခြောက်ခံဘဝများ ရောက်ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ သို့ဖြစ်ရာ ပြည်သူများအကြမ်းဖက်မှုမှကင်းဝေးရေး၊ လူမှု စီးပွားဘဝ   ပြန်လည်အဆင်ပြေဦးမော့လာရေး၊    ပုံမှန်ဘဝများ   ကောင်းမွန်စွာ လည်ပတ်ပြီး ရပ်ရွာများပြန်လည်အေးချမ်းသာယာလာရေးအတွက် နိုင်ငံတော်နှင့် အတူ ပြည်သူများ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ခြင်းဖြင့် တည်ငြိမ်အေးချမ်းဖွံ့ဖြိုး တိုးတက်သောနိုင်ငံတော်ဖြစ်လာအောင်  ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။    ။