နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း ဘောလုံးပွဲများ ပြန်လည်ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း

ဘောလုံးပွဲများ ပြန်လည်ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေး

=====================================================================

နေပြည်တော် ဩဂုတ် ၁၂

 

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း ဘောလုံးပွဲများ ပြန်လည်ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာအမျိုးသားလက်ရွေးစင်(ဂိုးသမား) သီဟစည်သူတို့ကို Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ လက်တွေ့အခြေအနေ များအား အပြန်အလှန်ဆွေးနွေးသည်။

 

b ရှေ့ဖုံးမှ

ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ယနေ့တွင် ကိုဗစ်ကာလအတွင်း ဘောလုံးပွဲများကျင်းပရေး နှင့်ပတ်သက်ပြီး ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံသည် ဘောလုံးပွဲများကို စိတ်ဝင်စားကြပါကြောင်း၊ ဘောလုံးပရိသတ်များဖြစ်ကြသည့်အတွက် ဘောလုံးပွဲများ ကျင်းပမည့်အချိန်၊ ဘောလုံးပွဲများအခြေအနေနှင့် ဘောလုံး အားကစားသမားများ၏အခြေအနေကို သိရှိလိုကြမည် ဖြစ်ပါကြောင်း။

မှန်မှန်ကန်ကန်လုပ်ဆောင်ရန်လို

ကျန်းမာရန်အတွက် အစားသောက်၊ အနေအထိုင် သည် အရေးကြီးပါကြောင်း၊ ကျန်းမာရေးနှင့် ကိုက်ညီသည့် အစားအစာများကို စားသောက်ရမည်ဖြစ်ပြီး ကိုယ်လက် လှုပ်ရှားမှုကိုလည်း လုံလုံလောက်လောက် မှန်မှန်ကန်ကန် လုပ်ဆောင်ရန်လိုအပ်ပါကြောင်း၊ အစားအသောက်နှင့် ကိုယ်လက်လှုပ်ရှားမှု မှန်ကန်ပါက လူတစ်ဦးတစ်ယောက် အတွက် ယေဘုယျကျန်းမာရေးကောင်းသည်ဟု ပြော၍ရပါ ကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားနှစ်ခုကို တွဲထားခြင်းဖြစ်ပါကြောင်း။

အားကစားလောကအပေါ် ကိုဗစ်၏ ဆိုးကျိုး သက်ရောက်မှု အခြေအနေနှင့် ဆိုးကျိုးများကို အတတ်နိုင် ဆုံး ဖြေလျှော့ပေးရန် ဆောင်ရွက်နေမှုများကို ရှင်းပြစေလိုပါ ကြောင်း၊ ရုရှားနိုင်ငံက ကိုဗစ်ကာကွယ်ဆေးတွေ့ရှိသည်ဟု ယနေ့ သတင်းစာထဲတွင် ဖတ်ရှုရပါကြောင်း၊ သေချာမှု ရှိ၊ မရှိ မသိရသေးပါကြောင်း၊ သေချာပါက မိမိတို့ပြည်သူ များအတွက် ကာကွယ်ဆေး အမြန်ဆုံးရရှိအောင် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ယခု ကြားကာလတွင် သည်းခံပြီး စည်းကမ်းထိန်းသိမ်းကြစေလိုပါကြောင်း၊ ကိုဗစ်ကို မပေါ့ဆကြဘဲ ကျန်းမာရေး စည်းမျဉ်းစည်းကမ်း များကို ဆက်လက်စောင့်ထိန်းကြစေလိုပါကြောင်း၊ ထိုသို့ စောင့်ထိန်းပါက ကျန်းမာရေးပြဿနာများကို ကျော်လွှား သွားနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းက ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရောဂါကုသမှုအပိုင်းတွင် ကိုယ်လက်လှုပ်ရှားမှုသည် အလွန်အရေးကြီးပါကြောင်း၊ အထူးသဖြင့် မကူးစက်သည့် ရောဂါများကို ကာကွယ်ရာ တွင်လည်းကောင်း၊ ရောဂါပြင်းထန်မှုများကို လျော့နည်း အောင် ဆောင်ရွက်ရာတွင်လည်းကောင်း ကိုယ်လက် လှုပ်ရှားမှုသည် အရေးကြီးပါကြောင်း၊ ကိုယ်လက်လှုပ်ရှား ခြင်း၊ အားကစားပုံမှန်လုပ်ခြင်းအားဖြင့် ကုသမှုအပိုင်းတွင် များစွာ အကျိုးရှိသည်ကို တင်ပြလိုပါကြောင်း။

၁၉၅ နိုင်ငံမြောက်

ဗဟိုကော်မတီ၏ လမ်းညွှန်မှု၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ကို ဇန်နဝါရီလဆန်းကတည်းက ကာကွယ်ထိန်းချုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ ကာကွယ်ရေး၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် မိမိတို့နိုင်ငံသည် ကမ္ဘာပေါ်တွင် ရောဂါပိုးတွေ့ရှိသည့် ၁၉၅ နိုင်ငံမြောက် ဖြစ်ခဲ့ပါကြောင်း၊ ရောဂါပိုးတွေ့ရှိပြီးနောက် ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ကိုဗစ်နှင့် ပတ်သက်သည့် ကန့်သတ်ချက်၊ တားမြစ်ချက်၊ အမိန့် ကြော်ငြာစာနှင့် ပြည်သူများထံ ပန်ကြားချက်များ ထုတ်ပြန် ဆောင်ရွက်ခဲ့ရပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူများလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပြီး ပြည်သူများလိုက်နာနိုင်စေရန် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း။

ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ခြင်း လုပ်ငန်းများကို အချိန်တိုအတွင်း ထိန်းချုပ်နိုင်ခဲ့ပါကြောင်း၊ ထိန်းချုပ်ရာတွင် မိမိတို့ထုတ်ပြန်သည့် စည်းမျဉ်း စည်းကမ်း များကြောင့် လူမှုစီးပွားလုပ်ငန်းများအပေါ် သက်ရောက်မှု အနည်း၊ အများရှိခဲ့ပါကြောင်း၊ ထိန်းချုပ်မှုများ ပိုမို အားကောင်းလာသည်နှင့်အမျှ တစ်ဖက်တွင်လည်း လူမှု စီးပွားအပေါ် သက်ရောက်မှုများ လျော့နည်းလာအောင် ထိန်းချုပ်မှုများကို သတိကြီးစွာဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ဖြေလျှော့ပေးခဲ့ပါကြောင်း။

အချို့နိုင်ငံများတွင် ထိုသို့ ဖြေလျှော့ပေးချိန်၌ ကိုဗစ် ရောဂါသည် ပြန်လည်ကူးစက်မှုရှိလာပြီး Second Wave ပြန်လည်ဖြစ်ပေါ်ခြင်းများ ရှိပါကြောင်း၊ ထို့ကြောင့် တားမြစ်ချက်၊ ကန့်သတ်ချက်များ ပြန်လုပ်ရသည်များ လည်း ရှိပါကြောင်း၊ ထိုသို့ မဖြစ်စေရေးအတွက် ပြန်လည် ဖြေလျှော့ရာတွင် တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျ ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြန်လည်ဖွင့်လှစ်မည့် လုပ်ငန်းများ အလိုက် လိုက်နာရမည် SoP များ၊ နည်းလမ်းများ၊ လမ်းညွှန်ချက်များကို စနစ်တကျရယူပြီး စစ်ဆေးရေးအဖွဲ့ များဖြင့် စနစ်တကျ စစ်ဆေးပေးပါကြောင်း၊ ဆန်းစစ်ချက် များနှင့်ပြည့်မီသည့်လုပ်ငန်းများကို အချိန်မီပြန်လည် ဖွင့်လှစ်နိုင်အောင် စီစဉ်ပေးခဲ့ပါကြောင်း၊ ဖွင့်လှစ်ပြီး ချိန်တွင်လည်း သတ်မှတ်ချက်များအတိုင်း ဆက်လက် လိုက်နာမှုရှိအောင် လိုအပ်သည့် ပုံမှန်စစ်ဆေးမှုများ၊ ရှောင်တခင်စစ်ဆေးမှုများကို စနစ်တကျ ဆောင်ရွက်ပေး ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်နေခြင်းသည် ပြန်လည် ဖြေလျှော့ပေးချိန်တွင် ကိုဗစ်-၁၉ ရောဂါ ပြန်လည် ခေါင်းမထောင်လာစေရန် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတွင် ဘောလုံးအားကစားပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါ ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တွင်ရှိသည့် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း၊ သုဝဏ္ဏအားကစား ကွင်း၊ ရန်ကုန်ဘောလုံး အကယ်ဒမီ စသည့်နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း၊ လိုအပ်သည့် SoP များ၊ Guide Lines များကို ရေးဆွဲ၍ တာဝန်ရှိသူများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပါကြောင်း၊ တင်ပြထားသည့် ဘောလုံးအားကစားပြိုင်ပွဲများထဲမှ Myanmar National League ဘောလုံးပြိုင်ပွဲကို ပထမအဆင့် ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ ခွင့်ပြုနိုင်ရန်အတွက် လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်ထားမှုကို သွားရောက်စစ်ဆေးခဲ့ ပါကြောင်း၊ သတ်မှတ်ချက်များအတိုင်း ကျေနပ်ဖွယ်ရာ ရှိအောင် ဆောင်ရွက်ထားသည်ကို စစ်ဆေးတွေ့ရှိရပါ ကြောင်း။

မကြာခင်စတင်မည်

 

ဘောလုံးအားကစားပြိုင်ပွဲများ ပြန်လည်ကျင်းပရာ တွင် နိုင်ငံတကာတွင် သတ်မှတ်ထားသည့် စည်းကမ်းများကို မြန်မာနိုင်ငံ၏ အခြေအနေနှင့် လိုက်လျောညီထွေမှုရှိစေ ရန် စနစ်တကျ ရေးဆွဲဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ Myanmar National League ပြိုင်ပွဲများ ကျင်းပသည့်အခါ အိမ်ကွင်း အဝေးကွင်းများဖြင့် မယှဉ်ပြိုင်ဘဲ၊ ရန်ကုန်မြို့၌ ပရိသတ်မပါဘဲ ကျင်းပရန်နှင့် ကျင်းပရာတွင်လည်း အားကစားသမားများ၊ ဒိုင်လူကြီးများနှင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များအားလုံးကို ပြိုင်ပွဲအစမှ အဆုံးထိ Camp သွင်းပြီး ဘောလုံးပွဲတစ်လျှောက်ထားရှိကာ ယှဉ်ပြိုင်သွားကြရန် စီစဉ်ထားပါကြောင်း၊ Camp သွင်းရာတွင်လည်း တစ်ဦးနှင့် တစ်ဦး ကူးစက်မှုမရှိစေရန် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပါကြောင်း၊ လူ ၃၀၀ ကျော် စစ်ဆေးပြီးဖြစ်ပါကြောင်း နှင့်တစ်ဦးမှ ရောဂါပိုးမတွေ့ရှိပါကြောင်း၊ ထို့ကြောင့် Myanmar National League ပြိုင်ပွဲကို မကြာခင် စတင် နိုင်မည်ဖြစ်ပါကြောင်း။

 

အောင်ပွဲခံသည့်အခါတွင် တစ်ဦးနှင့်တစ်ဦး ပွေ့ဖက် ခြင်း၊ မိတ်ဆက်ခြင်းများမပြုလုပ်ရန် ညွှန်ကြားပြီး ယင်း အတိုင်း လိုက်နာခြင်း ရှိ၊ မရှိ၊ ဘောလုံးကွင်းအတွင်းနှင့် လေ့ကျင့်ခန်းလုပ်သည့်အချိန်တွင် စည်းမျဉ်းစည်းကမ်းများ အတိုင်း ဆောင်ရွက်မှု ရှိ/မရှိကို ဆက်လက်စောင့်ကြည့် သွားမည်ဖြစ်ပါကြောင်း။

 

Myanmar National League ပြိုင်ပွဲ၏ အောင်မြင်မှုအပေါ် မူတည်ပြီး တင်ပြထားသည့် ဘောလုံး ပြိုင်ပွဲများကို ဆက်လက်ခွင့်ပြုသွားမည်ဖြစ်ပါကြောင်း၊ ထို့အတူ အခြားအားကစားပြိုင်ပွဲများကိုလည်း သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များမှ တင်ပြလာပါက ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက စနစ်တကျ စစ်ဆေးပြီး အားကစားပြိုင်ပွဲများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ဆွေးနွေးတင်ပြသည်။

ထိခိုက်မှုများရှိခဲ့

 

ဆက်လက်၍ မြန်မာအမျိုးသားလက်ရွေးစင် (ဂိုးသမား) သီဟစည်သူက ဘောလုံးအားကစားသမား အများစုသည် ဆင်းရဲသည့် မိသားစုများမှ မွေးဖွားလာကြပြီး ငယ်စဉ်ကပင် ဘောလုံးကို ရူးသွပ်စွာကစားခဲ့ကာ ဘဝကို ဘောလုံးကစားရင်း ကုန်ဆုံးကြပါကြောင်း၊ ဘောလုံးကစား ခြင်းဖြင့် ဘဝကို ရပ်တည်ကြပါကြောင်း၊ ဘောလုံးကစား ၍ ရရှိသည့်လစာဖြင့် မိသားစုများကို ထောက်ပံ့နေပါ ကြောင်း၊ ၂၀၀၉ ခုနှစ်တွင် ပရော်ဖက်ရှင်နယ်လိဂ်အဖြစ် ပြောင်းလဲခဲ့ပြီး ဘောလုံးလောကသားများအားလုံး ဝင်ငွေ ကောင်းခဲ့ပါကြောင်း၊ ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလာသည့်အတွက် အတိုင်းအတာတစ်ခုအထိ ထိခိုက်မှုများရှိခဲ့ပါကြောင်း။

 

မိမိတို့အနေဖြင့် အမြဲထိတွေ့နေသည့် ဘောလုံး အားကစားကို ကိုဗစ်-၁၉ ကြောင့် ၄ လ၊ ၅ လခန့် အဆက် ပြတ်ခဲ့ရပါကြောင်း၊ ထို့ကြောင့် ကြံ့ခိုင်မှုများ၊ စိတ်ဓာတ်ပိုင်း ကျဆင်းမှုများ ရှိလာပါကြောင်း၊ ကိုယ်ပိုင်လေ့ကျင့်ခန်းများ ပြုလုပ်ကြပါကြောင်း၊ သို့သော် အသင်းအဖွဲ့နှင့် လေ့ကျင့်ခွင့်၊ အတူတကွ ပြိုင်ပွဲဝင်ခွင့်ကို ပို၍မျှော်လင့်မိပါကြောင်း၊ ဘောလုံးအသင်းပိုင်ရှင်များက ဘောလုံးအားကစားသမား များကို ငွေကြေးကုန်ကျမှုများစွာအကုန်အကျခံပြီး ပံ့ပိုးပေး နေရပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေး အခက်အခဲ များစွာရှိသည့်ကြားက ဘောလုံးအားကစား သမားများ အဆင်ပြေအောင် ကူညီပေးနေပါကြောင်း၊ အသင်းပိုင်ရှင်များကိုလည်း ဘောလုံးသမားများအားလုံး ကိုယ်စားကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကြောင့် ဘောလုံးပွဲများ ရပ်နားထားသည့်အချိန်တွင် အသင်းပိုင်ရှင်များကို ကျေးဇူးဆပ်သည့်အနေဖြင့် မိမိတို့ ရရှိသည့် လစာများကိုလျှော့ယူခဲ့ပါကြောင်း၊ လစာလျှော့ယူ သည့် အချိန်ကြာလာသည်နှင့်အမျှ ထိခိုက်မှု အနည်းနှင့် အများ ရှိလာပါကြောင်း၊ လစာနည်းသည့် အားကစား သမားများက ပို၍ထိခိုက်မှုရှိပါကြောင်း၊ ဘောလုံးအားကစား သမားများအနေဖြင့် နိုင်ငံတကာ ဥပဒေနှင့်အညီ အသင်း များနှင့် စာချုပ်ချုပ်ဆိုရပါကြောင်း၊ စာချုပ်အရ ဘောလုံး ကစားခြင်း ရပ်နားထားလျှင်လည်း ကြုံရာကျပန်းလုပ်ငန်း များ လုပ်ဆောင်၍မရပါကြောင်း၊ Myanmar National League တွင် ဘောလုံးသမားများအပြင် အုပ်ချုပ်သူ၊ နည်းပြနှင့် ဘောလုံးလောကသား စုစုပေါင်း လူဦးရေ ၅၀၀၀ ခန့် ပါဝင်ပတ်သက်နေပြီး အပျော်တမ်းကစားနေသည့် ဘောလုံးလောကသားများမှာ စုစုပေါင်းလူဦးရေ ၅၀၀၀၀ ခန့်ရှိပါကြောင်း။

 

ကစားသမားများသည် ပြိုင်ပွဲဝင်ရန်အတွက် ကြံ့ခိုင်မှု နှင့် အသင်းနှင့်အံဝင်ခွင်ကျ ဖြစ်စေရန် အနည်းဆုံး သုံးပတ် မှ တစ်လအထိ အသင်းနှင့်လေ့ကျင့်ခန်းများ၊ ကိုယ်ပိုင် လေ့ကျင့်ခန်းများလုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ ထိုသို့ လုပ်ဆောင်မှသာ ပြိုင်ပွဲများကို ပြင်းပြင်းထန်ထန် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး စွမ်းဆောင်ရည်များကို အစွမ်းကုန်ပြသနိုင်မည်ဖြစ်ပါကြောင်း၊ အခုအချိန်သည် ကိုဗစ်-၁၉ ရောဂါကြောင့် ၄ လ၊ ၅လ ခန့် ပြိုင်ပွဲများ ရပ်နား သွားသည့်အတွက် ဘောလုံးအားကစားသမားများ ခက်ခဲ နေသည့်အချိန် ဖြစ်ပါကြောင်း။

စနစ်တကျလိုက်နာမည်

 

ရပ်နားထားသည့် Myanmar National League အမြန်ဆုံးပြန်လည်ကျင်းပနိုင်ရန် နည်းပြများ၊ အားကစား သမားများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာပြီး မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၌ စနစ်တကျ နေထိုင်လျက်ရှိပါကြောင်း၊ Swab စစ်ဆေးခြင်းများ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ပြိုင်ပွဲများ အမြန်ဆုံးကျင်းပနိုင်ရန် ညွှန်ကြားထားသည့်အတိုင်း စနစ်တကျ လိုက်နာမည်ဖြစ်ပါကြောင်း၊ ဘောလုံး လောကသားများအားလုံး မည်သူမျှ ကိုဗစ်ရောဂါ မကူးစက် အောင် နေထိုင်ဆောင်ရွက်ပါမည်ဟု မိမိအနေဖြင့် ကတိပြု ပါကြောင်း၊ ပြည်တွင်းပြိုင်ပွဲများကို အမြန်ဆုံးကစားခွင့်ပြု နိုင်ရန် ဘောလုံးလောကသားများကိုယ်စား လေးစားစွာ တင်ပြအပ်ပါကြောင်း ဆွေးနွေးတင်ပြသည်။

 

ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က Myanmar National League နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကျင်းပသည့် အပိုင်း နှစ်ပိုင်းရှိပါကြောင်း၊ Myanmar National League ကို Professional League အဖြစ် ၂၀၀၉ ခုနှစ်တွင် ပြောင်းလဲ လိုက်ပါကြောင်း၊ ထို့ကြောင့် မြန်မာဘောလုံးအားကစား သမားများသာမက နိုင်ငံတကာ အားကစားသမားများနှင့်ပါ စာချုပ်ချုပ်ဆိုရပါကြောင်း၊ စာချုပ်ကို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်နှင့် အာရှဘောလုံးအဖွဲ့ချုပ်တို့၏ ဥပဒေသများ အောက်တွင် လိုက်နာဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသည့် မြို့များကို အခြေခံ၍ ကလပ်များကို ဖွဲ့စည်းထားခြင်း ဖြစ်ပါကြောင်း၊ ရန်ကုန်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ ရခိုင်ယူနိုက်တက် စသည်ဖြင့် ရှိပါ ကြောင်း၊ ယင်းအသင်းများ၏ အောင်မြင်မှုသည် မိမိတို့ နိုင်ငံကို မြှင့်တင်ပေးသည့် သဘောမျိုးဖြစ်ပါကြောင်း။

 

ပြည်တွင်းပြိုင်ပွဲများသာမက ကလပ်များတွင် လိဂ် (၁)နှင့် လိဂ်(၂) နှစ်မျိုးရှိပါကြောင်း၊ လိဂ်(၁)တွင် ၁၂ သင်းရှိပြီး လိဂ်(၂)တွင် ရှစ်သင်းရှိပါကြောင်း၊ မိမိတို့နိုင်ငံ၏ အနေအထားနှင့် စီးပွားရေးအရ အသင်းကိုလျှော့၍ ဆောင်ရွက်ရပါကြောင်း၊ ပြည့်စုံသည့် နိုင်ငံများတွင် အသင်း ၂၀၊ ၂၂ သင်း ရှိပါကြောင်း၊ နှစ်သင်းတက် နှစ်သင်းဆင်း ဖြစ်သည့်အတွက် ပြိုင်ပွဲကျင်းပသည့်အခါ ပြိုင်ပွဲ၏ရာသီချိန် အတွင်း ကျင်းပနိုင်မှ အဆင်ပြေမည်ဖြစ်ပါကြောင်း။

 

နိုင်ငံတကာဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိ

လက်ရွေးစင်ဘောလုံးအသင်းကို ယင်းလိဂ်ကပင် ရွေးချယ်ရပါကြောင်း၊ မိမိတို့၏ လိဂ်ကို အာရှဘောလုံး အဖွဲ့ချုပ်က ထောက်ပံ့သည့်အပြင် ၎င်းတို့၏ သတ်မှတ် စံချိန်စံညွှန်းနှင့်ညီသည့်အတွက် နိုင်သည့်အသင်း နှစ်သင်း သည် Asian Champion League ကို ကစားခွင့်ရသည့် အပြင် AFC Cup ကိုလည်း ကစားခွင့်ရပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ ပြည်တွင်းကလပ်ပြိုင်ပွဲသည် အပျော်တမ်းမဟုတ်ဘဲ နိုင်ငံတကာအဆင့်သို့ ပြောင်း၍ ကစားသည့်အတွက် မိမိတို့၏ ဘောလုံးသမားများ၏ ဘဝလုံခြုံမှု ကောင်းလာသကဲ့သို့ နိုင်ငံတကာပြိုင်ပွဲကို လည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားပါကြောင်း။

 

မိမိတို့အနေဖြင့် နှစ်စဉ်ပြိုင်ပွဲပြက္ခဒိန်ရှိပါကြောင်း၊ အောက်တိုဘာ၊ နိုဝင်ဘာ ဆိုလျှင် ပြိုင်ပွဲပြန်လည်စတင်ရန် ပြက္ခဒိန်ကို ရေးဆွဲထားပါကြောင်း၊ မတ် ၂၀ ရက်တွင် ပြိုင်ပွဲများ ရပ်နားလိုက်ပါကြောင်း၊ ဇူလိုင် ၁၅ ရက်တွင် ပြိုင်ပွဲ ပြန်လည်ကျင်းပနိုင်ရန် စတင်ပြင်ဆင်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လာရောက် ကြည့်ရှုခဲ့ပါကြောင်း၊ အဆောင်များ၊ အကယ်ဒမီများ၊ သင်တန်းကျောင်းများကို COVID Quarantine Center အဖြစ် ပြောင်းလဲခဲ့ပြီး ယနေ့အထိ လူ ၃၀၀၀ ခန့် Camp တွင် ထားရှိပြီး ကျွေးမွေးထားပါကြောင်း၊ မိမိတို့အနေဖြင့် AFC Cup နှင့် ACL တွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လက်ရှိ ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်း တို့ကို အနည်းဆုံး ပြိုင်ပွဲလျှော့၍ ကျင်းပမည်ဖြစ်ပါကြောင်း၊

 

m စာမျက်နှာ ၃ မှ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ခွင့်ပြု ပြီးဖြစ်သည့်အတွက် ဝမ်းသာပါကြောင်း၊ ယင်းအပေါ်တွင် မူတည်၍ ပြိုင်ပွဲကို အမြန်ဆုံးကျင်းပခွင့်ရမည်ဆိုပါက ဩဂုတ် ၂၂ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲများ အောက်တိုဘာတွင် ပြီးစီးသွားပါက တစ်ချိန် တည်းတွင် လက်ရွေးစင်အသင်းအတွက် လူရွေးချယ်မှုကိုပါ ဆောင်ရွက်မည်ဖြစ်ပါကြောင်း။

ကူညီစေလို

လိဂ်(၁)က ကလပ်နှစ်သင်းသည် လက်ရှိစီးပွားရေး အခြေအနေအရ ရပ်တည်ရန် ခက်ခဲသည့်အတွက် ဖျက်သိမ်း လိုက်ရပါကြောင်း၊ လက်ရှိတွင် လိဂ်(၁)၌ ၁၀ သင်းသာ ကျန်ရှိပါကြောင်း၊ အသင်းပိုင်ရှင်များအနေဖြင့် ဘောလုံး လောက တိုးတက်ရန် ၎င်းတို့၏ ငွေကြေးများ စိုက်ထုတ်၍ ဆောင်ရွက်ပေးနေသကဲ့သို့ မြန်မာနေရှင်နယ်လိဂ်အတွက် MPT ကလည်း စပွန်ဆာပေးပါကြောင်း၊ နိုင်ငံတော်၏ ဘတ်ဂျက်ကို လုံးဝမသုံးစွဲဘဲ ရပ်တည်ခဲ့သည်မှာ ၁၅ နှစ် ရှိပြီဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်၏ ဘောလုံး အားကစားတိုးတက်ရေးအတွက် ငွေကြေးစိုက်ထုတ် ကြိုးစားလုပ်ဆောင်နေပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ယခုထက်ပို၍ ကူညီပံ့ပိုးပေးစေ လိုပါကြောင်း၊ နိုင်ငံတော်အပိုင်းအနေဖြင့်လည်း အသင်းများ ရပ်တည်ရန် အခက်အခဲများကို ကူညီစေလိုပါကြောင်း၊ ပြိုင်ပွဲများ ပြန်စ၍ရမည့်အချိန်တွင် ပြန်လည်ကျင်းပမည် ဖြစ်ပါကြောင်း။

ပြိုင်ပွဲများအားလုံးသည် အာရှအဆင့်၊ ကမ္ဘာ့အဆင့် ဆက်စပ်ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် အာရှ ဘောလုံးအဖွဲ့ချုပ်၏ အမှုဆောင်အစည်းအဝေးကိုလည်း Video Conference ဖြင့် ကျင်းပပြီးဖြစ်ပါကြောင်း၊ နိုင်ငံ တစ်နိုင်ငံနှင့် တစ်နိုင်ငံအခြေအနေမတူညီသည့်အတွက် နိုင်ငံတကာ ပြိုင်ပွဲများ၏ ပြက္ခဒိန်ကို ရွှေ့ဆိုင်းရန် မေတ္တာ ရပ်ခံထားပါကြောင်း၊ ပြိုင်ပွဲများ၏ ပြက္ခဒိန်ကို တစ်နိုင်ငံ တည်း ရေးဆွဲ၍ မရပါကြောင်း၊ အားလုံးညှိနှိုင်းဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း။

နိုင်ငံတကာပြိုင်ပွဲများတင်မက အမျိုးသမီးလိဂ်ကို လည်း ယခုနှစ်ကုန်ပိုင်းတွင် ပြန်လည်စတင်ကျင်းပနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဖူဆယ်နှင့် သက်တမ်း အလိုက် ပွဲများလည်းရှိပါကြောင်း၊ ထို့ကြောင့်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို မိမိတို့ ဆောင်ရွက်မည့် အစီ အစဉ်များကို အသေးစိတ်တင်ပြသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် စနစ်တကျဖြင့် ဒီဇင်ဘာလအထိ Plan ပေးထားလိုပါကြောင်း၊ ယင်းအပေါ်တွင် စဉ်းစား၍ ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံလိုပါကြောင်း။

အကျပ်အတည်းဆုံးအခက်အခဲ

ပရိသတ်မရှိသော်လည်း မိမိတို့၏ ပြိုင်ပွဲများကို MRTV အနေဖြင့် ပြသပေးရန် မေတ္တာရပ်ခံလိုပါကြောင်း၊ အကယ်ဒမီကျောင်းများတွင် ကျောင်းအိပ်၊ ကျောင်းစား အဖြစ် (၁၂)နှစ်သားကတည်းက မွေးထားပြီး အတန်းပညာ နှင့် ဘောလုံးပညာသင်ကြားပေးပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် အဆောင်နေ ကစားသမား များကို ခွင့်ပြုပြီဆိုပါက ကလေးများကို ခေါ်ယူကစား၍ ရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ စပွန်ဆာများအနေဖြင့်လည်း တစ်နိုင်ငံလုံးတွင်သာမက တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စီးပွားရေးကျဆင်းသည့်အတွက် စာချုပ်များအပေါ်တွင် ၅၀ ရာခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်း ချလာခြင်းများ ရှိပါကြောင်း၊ ယန္တရားလည်ပတ်ရန် နိုင်ငံတော်ဘတ်ဂျက်ဖြင့် သွားခြင်း မဟုတ်ပါကြောင်း၊ ဝင်ငွေအပေါ်တွင် မူတည်၍ ဆောင်ရွက် ရသောကြောင့် အားလုံးပြန်လည်သုံးသပ်၍ အသုံးစရိတ်များ နှင့် ပွဲစဉ်များကိုလည်း လျှော့ချရပါကြောင်း၊ ယင်းတို့မှာ အကျပ်တည်းဆုံး အခက်အခဲဖြစ်ပါကြောင်း။

ကိုဗစ်နှင့်ပတ်သက်၍ တစ်ကမ္ဘာလုံး အတိုင်းအတာ တွင် အာဆီယံအနေဖြင့် မိမိတို့အနေအထားသည် အကောင်းဆုံးဖြစ်ပါကြောင်း၊ ယင်းမှာ နိုင်ငံတော်အကြီး အကဲများ၏ ကြိုးစားဆောင်ရွက်မှု၊ ပြည်သူပြည်သားများ၏ စည်းကမ်းလိုက်နာမှုတို့ကြောင့် ဖြစ်ပါကြောင်း၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ပြန်လည်ခွင့်ပြု၍ ကျင်းပမည့် ပြိုင်ပွဲများသည် ကမ္ဘာ၊ အာရှတို့နှင့်ဆက်စပ်ပြီး ဆောင်ရွက် နေရခြင်းဖြစ်သည့်အတွက် စနစ်တကျပြင်ဆင်၍ မိမိတို့ ဘက်မှ ညွှန်ကြားချက်များကို ၎င်းတို့ဆီပေးပို့ကာ အားကစားပြိုင်ပွဲပြက္ခဒိန်ကို ပြန်လည်ညှိရသည့် အပိုင်းရှိပါ ကြောင်း။

ကျောင်းများတွင် အားကစားပြိုင်ပွဲမရှိဘဲ နိုင်ငံအဆင့် ချန်ပီယံဖြစ်ခဲ့သည့် အကောင်းဆုံးအခြေအနေမျိုး ပြန်ရောက်ရန် မည်သို့မျှ မဖြစ်နိုင်သည့်အတွက် အခြေခံ အသက် ခြောက်နှစ်၊ ရှစ်နှစ်၊ (၁၀) နှစ်အရွယ်ကနေ ကစား ခြင်း ကို နိုင်ငံတော်အနေဖြင့် လာမည့်နှစ် ဘတ်ဂျက်ဆွဲသည့် အခါတွင် ထည့်သွင်းစဉ်းစား၍ ကူညီပံ့ပိုးပေးစေလိုပါ ကြောင်း၊ အား/ကာသိပ္ပံများတွင်လည်း ဘောလုံး အားကစားကို ဆက်လက်ထည့်သွင်းပေးစေလိုပါကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ၏ ဆွေးနွေးချက် များအပေါ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းက ပြန်လည် ဆွေးနွေးရာတွင် စာသင်ကျောင်းများမှစတင်၍ အားကစား ပြိုင်ပွဲများ ပြုလုပ်နိုင်ရန် စီစဉ်ထားမှုများရှိပါကြောင်း၊ ကိုဗစ်ကာလ ပြီးသည့်အချိန်တွင် ယခင်ကကဲ့သို့ ကျောင်း အားကစားပြိုင်ပွဲများကို ပြန်လည်ကျင်းပရန် စီစဉ်မည် ဖြစ်ပါကြောင်း၊ အား/ကာသိပ္ပံများတွင် ဘောလုံးအားကစား ဆက်လက်ထားရှိရေး ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ပါ ကြောင်း၊ ရေရှည်အစီအစဉ်တွင် ပါရှိပြီးဖြစ်ပါကြောင်း၊ ဗဟိုကော်မတီတွင် ဆွေးနွေးပြီး ဘော်ဒါဆောင်များနှင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ခွင့်ရချိန်တွင် အကယ်ဒမီ သိပ္ပံကျောင်းများကိုလည်း ပြန်လည်ဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း။

ရုရှားက ကိုဗစ်ကာကွယ်ဆေး စတင်တွေ့ရှိသည်ဟု သိရပါကြောင်း၊ WHO က အရည်သွေး ပြည့်မီ၊ မမီ ရုရှားမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိသည်ဟု သိရပါ ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် WHO နှင့် ဆွေးနွေးထားသည်များ ရှိပါကြောင်း၊ WHO သည် ကိုဗစ်ကာကွယ်ဆေး တရားဝင်ရရှိပါက ဝင်ငွေနည်း သည့် နိုင်ငံများနှင့် အလယ်အလတ်ရှိသည့် နိုင်ငံများပါ မကျန်ရှိစေရေးအတွက် သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံ ပေါင်းစုံ ရရှိရေးအတွက် အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်နေသည့် ဝန်ထမ်းများကို ဦးစားပေးပြီး ရရှိရန်အတွက် စီစဉ်ထားပါကြောင်း၊ ဗဟို ကော်မတီ၏ လမ်းညွှန်မှုဖြင့် တစ်ဆင့်ချင်း စနစ်တကျ သတိကြီးစွာ ဖြေလျှော့မှုလုပ်ဆောင်ပေးနေပါကြောင်း၊ ပြည်သူလူထုကလည်း အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ပေးထားသည့် တစ်ဦးချင်းလိုက်နာရမည့် စည်းကမ်းများကို ပို၍လိုက်နာခြင်းအားဖြင့် ကိုဗစ် -၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု လုပ်ငန်းများ ပိုမိုအောင်မြင် လာမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

ပုံမှန်အတိုင်းပြန်လည်ကစားစေလို

ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်းပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဘောလုံးသမားများကို ပုံမှန်အတိုင်း အမြန်ဆုံး ပြန်လည်ကစားစေလိုပါကြောင်း၊ ထို့အတူ နိုင်ငံ ကိုလည်း ပုံမှန်အတိုင်း အမြန်ဆုံးပြန်လည်လည်ပတ်စေလို ပါကြောင်း၊ ကာကွယ်ဆေးရပြီဆိုသည့် သတင်းကိုလည်း သေချာစိစစ်ရဦးမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကိစ္စများကို တင်းတင်းကျပ်ကျပ် ဆောင်ရွက် လျက်ရှိပါကြောင်း၊ စိတ်ချရပြီဆိုပါက ဘောလုံးအားကစား ပြိုင်ပွဲများကို အမြန်ဆုံးကျင်းပနိုင်ရန် ဆောင်ရွက်ပေးစေ လိုပါကြောင်း။

ဘောလုံးအားကစားသမားများ ၄ လ၊ ၅ လခန့် လေ့ကျင့်မှုမရှိသည့်အခါ အနည်းငယ်စွမ်းရည်ကျလာမှု အပေါ် ကျန်းမာရေးဘက်မှ မည်သို့အကူအညီပေးနိုင်မည် ကို သိရှိလိုပါကြောင်း၊ ယခုအခါ Quarantine ဝင်နေချိန်တွင် စနစ်တကျ အထူးလေ့ကျင့်ခန်းများနှင့် စွမ်းရည်ပြန်တက် လာစေရန် အစားအသောက်၊ အနေအထိုင်ကို စနစ်တကျ ဆောင်ရွက်ပေးရန် လွယ်ကူနိုင်ပါကြောင်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကူညီသကဲ့သို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း အစိုးရကို ကိုယ်စားပြု၍ တတ်နိုင်သည့်ဘက်မှ ကူညီပေးစေလိုပါကြောင်း၊ အားကစားလောက အောင်မြင်ခြင်းသည် နိုင်ငံ၏အောင်မြင် ခြင်းနှင့် နိုင်ငံ၏ ဂုဏ်သိက္ခာဖြစ်ပါကြောင်း၊ တစ်ချိန်က မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် အာရှ၌ ထိပ်တန်းဖြစ်ခဲ့ပါကြောင်း၊ ယခုအချိန်အထိ သတိရနေပါ ကြောင်း၊ ထိုသို့ ပြန်လည်ဖြစ်စေရန် ကြိုးစားကြရမည် ဖြစ်ပါကြောင်း။

အခြေခံအားဖြင့် ပြည်သူများ၏ ကျန်းမာရေး ကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ မိမိတို့ ဘောလုံးသမား များသည် ပထမပိုင်းတွင် အင်တိုက်အားတိုက်ကစားပြီး ဒုတိယပိုင်းတွင် ကစားအားကျသွားခြင်းမှာ ငယ်စဉ် ကတည်းက အာဟာရမပြည့်ဝခဲ့ခြင်းကြောင့် ဖြစ်ပါကြောင်း၊ အသက်ကြီးမှ ပြန်ပြင်ရန် ခက်ခဲပါကြောင်း၊ မွေးကတည်းက စနစ်တကျ အာဟာရပြည့်ဝစွာ စားခဲ့ရသူများနှင့် မွေးကတည်းက အာဟာရပြည့်ဝစွာ မစားခဲ့ရသည့်သူများ သည် ရေရှည်ခံနိုင်ရည်ရှိမှုခြင်း မတူပါကြောင်း၊ ကမ္ဘာ့အဆင့် အတန်းမီရန် များစွာကြိုးစားရမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးဘက်က ကြိုးစားသကဲ့သို့ အားကစားဘက် ကလည်း ကြိုးစားရမည်ဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက် မှုသည် အဓိကကျပြီး အရေးကြီးပါကြောင်း၊ အဖွဲ့အစည်းနှင့် ဆောင်ရွက်ပါက အမှန်တကယ် အောင်မြင်မှုရရှိမည် ဖြစ်ပါ ကြောင်း။

တချို့အားကစားများကို တစ်ဦးတည်း လုပ်ဆောင်၍ ရသည်ဟု တချို့က ထင်ကြပါကြောင်း၊ ဥပမာ- ရေကူး ချန်ပီယံတစ်ဦးသည် တစ်ဦးချင်းပြိုင်ပွဲများဖြစ်သည့် အတွက် ၎င်းတစ်ဦးတည်း အနိုင်ရသွားပါကြောင်း၊ ထိုသို့ အနိုင်ရရှိရန်အတွက် ၎င်းအား လေ့ကျင့်ပြုစုပျိုးထောင်လာ သည့်တစ်လျှောက်တွင် တခြားသူများပါလာသည်ကို မေ့၍ မရပါကြောင်း၊ ၎င်းအား ပြုစုပျိုးထောင်ပေးခဲ့သည့် မိသားစု၊ သင်ကြားပေးသည့် နည်းပြဆရာများ အဆင့်ဆင့် ရှိပါကြောင်း၊ မည်သူမှတစ်ဦးတည်း တတ်လာခြင်း မရှိပါ ကြောင်း၊ ဘေးတွင်ပတ်ဝန်းကျင်၊ အစုအဖွဲ့နှင့် ဝန်းရံထား သည့်သူများ ရှိပါကြောင်း၊ ယင်းအချက်သည် များစွာ အရေးကြီးပါကြောင်း၊ ဘောလုံးလောကသည် ယင်းအချက် ကို ကွက်ကွက်ကွင်းကွင်းပေါ်အောင် ပြသနေသည့်အတွက် များစွာသဘောကျပါကြောင်း၊ ဝါသနာအပြင် စိတ်ဓာတ် ရေးရာအရ ပူးပေါင်းဆောင်ရွက်ခြင်းသည် ဘောလုံးကစား ခြင်းအတွက် များစွာအရေးကြီးပါကြောင်း။

များစွာကောင်းသည့်စိတ်ဓာတ်

ဘောလုံးသမားများကို လူငယ်များအတွက် စံပြ ဖြစ်စေလိုပါကြောင်း၊ အရာရာတွင် စံပြဖြစ်ရမည်ဟု ပြောခြင်း မဟုတ်ပါကြောင်း၊ ဘောလုံးသမားများပေးနိုင် သည့် စံပြသည် အစုအဖွဲ့နှင့် လုပ်ဆောင်ခြင်းဖြစ်ပါကြောင်း၊ တစ်ဦးကောင်း တစ်ယောက်ကောင်းမဟုတ်ဘဲ မိမိအရည် အချင်းတက်ရန်အတွက် မိမိ၏ ရဲဘော်ရဲဘက်များကို အားကိုးရသကဲ့သို့ မိမိကလည်း မိမိ၏ရဲဘော်ရဲဘက်များ အရည်အချင်းတက်ရန် ဝိုင်းဝန်းပံ့ပိုးရပါကြောင်း၊ ယင်းကို ပြသနိုင်ခြင်းသည် မိမိတို့နိုင်ငံအတွက် များစွာကောင်းပါ ကြောင်း၊ ထွန်းသစ်စနိုင်ငံ၊ ဖွံ့ဖြိုးမှုကို စတင်သည့် နိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအတွက်ဆိုလျှင် ယင်းစိတ်ဓာတ်နှင့် အလေ့အကျင့်သည် များစွာကောင်းပါကြောင်း၊ ဘောလုံး သမားများ လစာလျှော့ယူနေခြင်းသည် မိမိကို ကူညီနေသူ များ၊ အသင်းကို ပံ့ပိုးပေးသူများ သက်သာစေရန်အတွက် ဖြစ်ပါကြောင်း၊ ယင်းစိတ်ဓာတ်သည် များစွာကောင်းသည့် စိတ်ဓာတ်ဖြစ်ပါကြောင်း၊ အားလုံးစုပေါင်းပြီး အင်အား တစ်ခုတည်ဆောက်၍ရကြောင်း ပြသခြင်းသည် များစွာ ကောင်းပါကြောင်း၊ ယင်းမှာ ဘောလုံးသမားကောင်း၏ စိတ်ဓာတ်ဖြစ်ပါကြောင်း။

ဘောလုံးသမားကောင်း၏ စိတ်ဓာတ်မှာ အသင်းအဖွဲ့ ကောင်းတစ်ခု၏ စိတ်ဓာတ်ဖြစ်ပါကြောင်း၊ အသင်းအဖွဲ့ ကောင်းတစ်ခု၏ စိတ်ဓာတ်သည် နိုင်ငံတစ်ခု၏ စိတ်ဓာတ် ဖြစ်သင့်ပါကြောင်း၊ နိုင်ငံသူနိုင်ငံသားအားလုံးသည် အသင်း အဖွဲ့ကောင်းတစ်ခု စိတ်ဓာတ်ဖြင့် အားလုံးပူးပေါင်း ဆောင်ရွက်မည်ဆိုပါက နိုင်ငံ၏တိုးတက်မှုသည် စိတ်ချရပါ ကြောင်း၊ Myanmar National League ပြိုင်ပွဲများ ပြန်လည် စတင်နိုင်ရန် ဆောင်ရွက်ထားမှုများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီ သကဲ့သို့ တစ်နိုင်ငံလုံး၏ လိုအပ်ချက်နှင့်လည်း ကိုက်ညီပါ ကြောင်း၊ ထို့ကြောင့် Myanmar National League ပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်မည်ဆိုသည့်အတွက် ဝမ်းသာပါကြောင်း ပြန်လည်ဆွေးနွေး သုံးသပ်ပြောကြား သည်။

များစွာအားပေးလို

 

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်စကားပြောကြားရာတွင် ဘောလုံးအားကစားကို အားကစားအနေဖြင့်သာမက စိတ်ဓာတ်ရေးရာအနေဖြင့်ပါ များစွာအားပေးလိုပါကြောင်း၊ ကျောင်းများမှ စတင်၍ ဘောလုံးအားကစားကို အားပေးရမည်ဖြစ်ပါကြောင်း၊ မြို့တိုင်းတွင် ဘောလုံးကွင်းရှိသည်ဆိုသည့် အခြေအနေ ဖြစ်စေရန် ကြိုးစားပေးကြရန် ပြောကြားထားပါကြောင်း၊ လုပ်ငန်းရှင်များ ထောက်ပံ့နိုင်ရန်မှာ ၎င်းတို့အနေဖြင့်လည်း စီးပွားရေးကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်သည်နှင့်အမျှ အားကစားသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ကိုဗစ်နှင့်ပတ်သက်၍ ဘောလုံးအားကစားအစီအစဉ်များ ရေးဆွဲတင်ပြထားသည် မှာ ကောင်းမွန်ပါကြောင်း၊ ကိုဗစ်နှင့်ပတ်သက်ပြီး ဗဟို ကော်မတီက ၁၅ ရက်တစ်ကြိမ် တွေ့ဆုံ၍ မည်သို့ဖြေလျှော့ ပေးနိုင်မည်ကို ဆွေးနွေးကြပါကြောင်း။

 

အကယ်ဒမီများကိစ္စကိုလည်း ထည့်သွင်းစဉ်းစားမည် ဖြစ်ပါကြောင်း၊ ဘော်ဒါဆောင်များကိစ္စလည်း စဉ်းစားရန် တင်ပြလာခြင်းရှိပါကြောင်း၊ ယင်းနှစ်ခုသည် ဆက်စပ်နေပါ ကြောင်း၊ အခြေခံပညာအထက်တန်းကျောင်းများ ပြန်လည် ဖွင့်လှစ်သည်မှာ တစ်လခန့် ရှိပြီဖြစ်ပါကြောင်း၊ ယင်းအပေါ် အခြေခံ၍ မည်သို့ဖြေလျှော့မှုများ ပြုလုပ်ပေးနိုင်မည်ကို စဉ်းစားနေပါကြောင်း၊ ဘောလုံးအားကစားလောက တစ်ခု တည်းသာမက တစ်နိုင်ငံလုံးကို အမြန်ဆုံး ပုံမှန်ပြန်လည် ဖြစ်စေလိုပါကြောင်း၊ သို့သော် လုံခြုံသည့်နည်းလမ်းဖြင့် ဖြစ်စေလိုပါကြောင်း၊ တချို့နိုင်ငံများတွင် ပြည်သူများ၏ ဖိအားပေးမှုကြောင့် ဖြေလျှော့ပေးမှုစောသည့်အတွက် ကိုဗစ်ဒုတိယလှိုင်း ဝင်လာပါကြောင်း၊ ထို့ကြောင့် စည်းကမ်းများကို ပြန်လည်တင်းကျပ်ရသည့်အတွက် နိုင်ငံ ပိုမိုနစ်နာပါကြောင်း၊ ယခုအချိန်တွင် ဘောလုံးပွဲများ ပြန်လည်စနိုင်မည်ဆိုပါက ပြည်သူများစိတ်ဓာတ်တက်ကြွ လာမည်ဟု ယုံကြည်ပါကြောင်း၊ ရုပ်မြင်သံကြားတွင် ပြသ ရန် မခက်ခဲပါကြောင်း၊ နိုင်ငံတော်အနေဖြင့် စီစဉ်ပေး မည်ဖြစ်ပါကြောင်း၊ ဘောလုံးပွဲများ ကြည့်ခြင်းဖြင့် ပြည်သူ များအတွက်လည်း များစွာစိတ်ရွှင်လန်းစရာ ဖြစ်မည်ဖြစ်ပါ ကြောင်း။

နိုင်ငံတော်အနေဖြင့် အဘက်ဘက်မှ လုပ်ပေးနိုင်သည် များကို ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက် သည့် နိုင်ငံ၊ ချမ်းသာသည့်နိုင်ငံ မဟုတ်သေးသော်လည်း စိတ်ဓာတ်အရ တတ်နိုင်သမျှ ပံ့ပိုးပေးရန် အဆင်သင့်ရှိသည့် အတွက် ပံ့ပိုးနိုင်မည်ဟုယုံကြည်ပါကြောင်း၊ ကိုဗစ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံကို ထိန်းသိမ်းနိုင်ခြင်းမရှိဘဲ ပြဿနာဖြစ်မည်ဟု ထင်မြင်ကြသူများရှိပါကြောင်း၊ ယခု အခါ ထင်မြင်သလို မဟုတ်သည်ကို လိုလိုလားလားဖြင့် ဝန်ခံသူများရှိပါကြောင်း၊ အရေးကြီးသည်မှာ ရရှိထားသည့် အောင်မြင်မှုကို အားကစားသမားစိတ်ဓာတ်ဖြင့် ဆက်လက် ထိန်းသိမ်းသွားရန် လိုအပ်ပါကြောင်း။

ပြုစုပျိုးထောင်ပေးလို

 

အားကစားသမားစိတ်ဓာတ်သည် နိုင်ရုံဖြင့် မပြီးပါ ကြောင်း၊ ရှုံးသည့်အခါတွင်လည်း ကြံ့ကြံ့ခံနိုင်ရမည်ဖြစ်ပါ ကြောင်း၊ ပြန်လည် အနိုင်ယူနိုင်အောင် လုပ်ဆောင်နိုင် သည့် အင်အားကိုလည်း မွေးနိုင်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အားကစားသမား စိတ်ဓာတ်ကို များစွာတန်ဖိုး ထားပါကြောင်း၊ တန်ဖိုးထားသည့်အတိုင်း အားကစားသမား များကို ပြုစုပျိုးထောင်ပေးလိုပါကြောင်း။

 

တစ်ကမ္ဘာလုံးတွင် လူအများဆုံး စိတ်ဝင်စားပြီး ဝိုင်းဝန်းထောက်ခံသည်မှာ ဘောလုံးအားကစားဖြစ်ပါ ကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ဘောလုံးလောကကို တိုးတက်ဖွံ့ဖြိုးစေချင်ပါကြောင်း၊ ကိုဗစ်ကြောင့် ပြဿနာ များ ရင်ဆိုင်နေရသည်ကို သဘောပေါက်နားလည်ပါ ကြောင်း၊ နိုင်ငံတော်အနေဖြင့် တတ်နိုင်သမျှ ကူညီမည်ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်တွင်ရှိသည့် အရင်းအမြစ်များသည် ပြည်သူပြည်သားများအတွက် ဖြစ်ပါကြောင်း၊ နိုင်ငံ တစ်နိုင်ငံတွင် အဓိကမှာ ပြည်သူပြည်သားများဖြစ်ပါ ကြောင်း၊ နိုင်ငံ့အရင်းအမြစ်၊ နိုင်ငံ့ချမ်းသာမှုအားလုံးသည် ပြည်သူပြည်သားများအတွက်ဖြစ်ပါကြောင်း၊ နိုင်ငံချမ်းသာ လာသည်နှင့်အမျှ ပြည်သူပြည်သားများ ချမ်းသာရန် နှင့် အားကစားသမားများ တိုးတက်ရန်အတွက် ဖြစ်စေရမည် ဖြစ်ပါကြောင်း၊ ဘောလုံးလောက အမြန်ဆုံးပုံမှန်ဖြစ်သွား ရန် စီစဉ်ပေးမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲများကိုလည်း အမြန်ဆုံးစတင်နိုင်ရန်နှင့် ရုပ်မြင်သံကြားတွင် ပြသနိုင်စေ ရန် တတ်နိုင်သမျှ ဝိုင်းဝန်းပံ့ပိုး စီစဉ်ပေးမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

သတင်းစဉ်