
၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု(C) မှ နောက်ဆုံးပွဲစဉ်အဖြစ် ဆွစ်ဇာလန်အသင်း နှင့် ဘူလ်ဂေးရီးယားအသင်းတို့ပွဲစဉ်ကို နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက ဆွစ်ဇာလန် အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ဆွစ်ဇာလန် အသင်းက လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင် ခဲ့သည်။ ဆွစ်ဇာလန်အသင်းအတွက် သွင်းဂိုး များကို အိုကာဖော်၊ ဗားဂတ်စ်၊ အစ်တန်၊ ဖောင်လာတို့က သွင်းယူပေးခဲ့သည်။
ဆွစ်ဇာလန်အသင်းသည် ယခုပွဲစဉ် တွင် ပြိုင်ဘက်ဘူလ်ဂေးရီးယားအသင်းကို ဂိုးပြတ် အနိုင်ရရှိခဲ့သည့်အတွက် ဒုတိယ နေရာမှ နာမည်ကြီး အီတလီအသင်းထက် နှစ်မှတ်အသာဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
ဂါဗန်နိုဗစ်၊ အိုကာဖော်၊ ရှာကွီရီ၊ ဗားဂတ်စ်တို့ ဦးဆောင်သည့် ဆွစ်ဇာလန်အသင်းသည် ပထမပိုင်းပွဲချိန်တွင် ဂိုးကန်သွင်းခွင့်များ ရရှိခဲ့သော်လည်း ဘူလ်ဂေးရီးယားခံစစ်နှင့် ဂိုးသမားတို့ ဟန့်တားရှင်းထုတ်နိုင်ခဲ့သည့်အတွက် ဂိုးမရှိသရေဖြင့် အဆုံးသတ်ခဲ့သည်။ ဒုတိယပိုင်းတွင်လည်း ဆွစ်ဇာလန်အသင်းကသာ ဖိအားပေးကစား နိုင်ခဲ့ပြီး သွင်းဂိုးများ ရရှိခဲ့သည်။ ဆွစ်ဇာလန်အသင်းအတွက် အဖွင့် ဂိုးကို ပွဲချိန် ၄၈ မိနစ်တွင် အိုကာဖော်က သွင်းယူပေးပြီး ၅၇ မိနစ်တွင် ဗားဂတ်စ်က သွင်းယူပေးခဲ့သည်။ အသင်းအတွက် တတိယဂိုးကို ပွဲချိန် ၇၂ မိနစ်တွင် အစ်တန်က သွင်းယူပေးပြီး စတုတ္ထဂိုးကို ပွဲချိန် ပြီးခါနီးတွင် ဖောင်လာက သွင်းယူပေးခဲ့သည်။ ယခုပွဲစဉ်တွင် ပွဲထွက် ခွင့်ရရှိပြီး ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ်ပေးခဲ့သော ရှာကွီရီသည် ဆွစ်ဇာလန်အသင်းအတွက် ပွဲ ၁၀၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
နာမည်ကြီး အီတလီအသင်းသည် မြောက်အိုင်ယာလန်အသင်းကို ဂိုးမရှိသရေကျခဲ့သောကြောင့် ခြေစစ်ပွဲတိုက်ရိုက် အောင်မြင်ခွင့်နှင့် လွဲချော်ခဲ့ပြီး Play Offs ကစားရမည် ဖြစ်သည်။ ထို့အပြင် အီတလီ အသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်နှစ်ပွဲဖြစ်သည့် ဆွစ်ဇာလန်၊ မြောက်အိုင်ယာလန်အသင်းတို့နှင့်ပွဲစဉ်တွင် နှစ်ပွဲဆက် သရေကျခဲ့ပြီး နောက် ရမှတ်များဆုံးရှုံးကာ ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်ခွင့်နှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။
အခြားသော ကမ္ဘာ့ဖလားခြေစစ်ပွဲရလဒ်များတွင် ဩစတြီးယားက မော်ဒိုဗာကို လေးဂိုး-တစ်ဂိုး၊ အစ္စရေးက ဖာရိုး ကျွန်းစုကို သုံးဂိုး-နှစ်ဂိုး၊ စကော့တလန်က ဒိန်းမတ်ကို နှစ်ဂိုး-ဂိုးမရှိ၊ အယ်လ်ဘေးနီးယား က အန်ဒိုရာကို တစ်ဂိုး-ဂိုးမရှိ၊ ဟန်ဂေရီက ပိုလန်ကို နှစ်ဂိုး-တစ်ဂိုး ဖြင့် အနိုင်ရရှိခဲ့သလို နာမည်ကြီး အင်္ဂလန်က ဆန်မာရီနိုကို ၁၀ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ယခုအချိန်အထိ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲသို့ အိမ်ရှင် ကာတာအပြင် ဂျာမနီ၊ ဒိန်းမတ်၊ ဘရာဇီး၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ခရိုအေးရှား၊ စပိန်၊ ဆားဘီးယား၊ အင်္ဂလန်နှင့် ဆွစ်ဇာလန်အသင်းတို့ ဝင်ရောက်ခွင့်ရရှိထားသည်။ အောင်ဇော်