သုံးလောကထွတ်ထား သဗ္ဗညုတမြတ်စွာဘုရားရှင်သည် သာမညဖလသုတ္တန် ဒေသနာတော်ကို တန်ဆောင်မုန်းလပြည့်နေ့ညတွင် အဇာတသတ်မင်းကြီးအား ဟောတော်မူသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလ အခါတော်နေ့ဟု အထူးပြုခဲ့ပါသည်။ သာမညသည် ရဟန်း၊ သာမဏေပြုလုပ်ခြင်း၊ ဖလသည် အကျိုးကျေးဇူးဖြစ်သည်။ ရဟန်းသာမဏေ၏ အကျိုးကျေးဇူးကို စတင် သိရသောနေ့ဖြစ်သည်။
အဇာတသတ်မင်းသားသည် ဒေဝဒတ်ကို ဆရာတင်မှားပြီး ဖခင်ကိုသတ်၍ မင်းဖြစ်လာခဲ့သည်။ ထို့နောက် ဖခင်ဗိမ္ဗိသာရမင်းကြီးအပေါ် ကျူးလွန်ခဲ့သည့် ကြီးမားလှသည့်အပြစ်များကို တွေးတောပူပန်ပြီး နေ့စဉ် စားမဝင်အိပ်မပျော်သည့် ရောဂါဝေဒနာကို ခံစားနေရသည်။ တန်ဆောင်မုန်းလပြည့်နေ့ညတွင် မြတ်စွာ ဘုရားရှင်က သာမညဖလ(ရဟန်းပြုခြင်းအကျိုး)သုတ္တန်ဒေသနာကို ဟောကြား တော်မူသောအခါ အဇာတသတ်မင်း ခံစားနေရသော ရောဂါဝေဒနာများ ချုပ်ငြိမ်း သွားပြီး မြတ်စွာဘုရားရှင်အား အလွန်ကြည်ညိုသော၊ ဗုဒ္ဓသာသနာအား အလွန် လေးစားရိုသေသောမင်းတစ်ပါး ဖြစ်လာခဲ့သည်။
အဇာတသတ်မင်းသည် အလွန်ကြီးလေးသောအပြစ်ကို ကျူးလွန်ခဲ့သော်လည်း မိမိအမှားကို မှားမှန်းသိပြီး မြတ်စွာဘုရားနှင့်သာသနာတော်အပေါ်တွင် အလွန် ကြည်ညို ကောင်းမှုပြုသောအကျိုးအားကြောင့် မဟာအဝီစိငရဲသို့ မကျရောက် တော့ဘဲ လောဟကုမ္ဘီငရဲ၌သာ ကျရောက်ခြင်း၊ ငရဲမှလွတ်မြောက်သောအခါ ဝိဇီတာဝီဘွဲ့အမည်ဖြင့် ပစ္စေကဗုဒ္ဓါဖြစ်ပြီး နိဗ္ဗာန်သို့မျက်မှောက်ပြုရမည့် ပုဂ္ဂိုလ် ဖြစ်ခြင်း စသည့်အကျိုးများကို ခံစားရမည်ဖြစ်သည်။ သာမန်ပုထုဇဉ်တို့မည်သည် အမှားနှင့်ကင်းနိုင်ကြသည်မဟုတ်ပေ။ လူပေါင်းမှား၊ ဆရာတင်မှားလျှင် အမှား ကျူးလွန်တတ်ပြီး မှားလျှင်မှားမှန်းသိပြီး ကောင်းမှုပြုပါက အမှားအပြစ်သက်သာ စေပြီး ကောင်းကျိုးချမ်းသာဖြစ်စေနိုင်သည်။ အမှားကို မှားမှန်းမသိ အမှားကို ဆက်လက်ကျူးလွန်နေပါက မည်သည့်အခါမှ အပြစ်မှလွတ်တော့မည်မဟုတ် သည်ကို အဇာတသတ်မင်း၏ဖြစ်စဉ်က ညွှန်းဆိုထားပါသည်။
အဇာတသတ်မင်းသည် သာမညဖလသုတ္တန်ဒေသနာ (ရဟန်းပြုခြင်းအကျိုး) နာကြားရခြင်းအကျိုးအားကြောင့် ရတနာသုံးပါးကို အလွန်ကြည်ညိုကိုးကွယ် ဆည်းကပ်သည့် ဥပါသကာအဖြစ်ရောက်ခဲ့သည်။ သာသနာပြုမင်းတစ်ပါးဖြစ်လာ၏။ ရဟန်းနှင့်သက်ဆိုင်သော သာမညဖလတရားဒေသနာသည် အလွန်အကျိုးကြီးမားလှ ၏။ ထိုတရားဒေသနာကို တန်ဆောင်မုန်းလပြည့်နေ့တွင် စေတီ၊ ဘုရား၊ ကျောင်း ကန်၊ နေအိမ်များတွင် ရွတ်ဖတ်ပူဇော်ပွားများကြ၏။ ပွားများကြသူတို့မှာ ကုသိုလ် ကောင်းမှုအကျိုးတရားများ တိုးပွားကြ၏။ ထို့အပြင် ရဟန်းကိုအမှူးပြုသည့် ကထိန်သင်္ကန်းများကို ဆက်ကပ်လှူဒါန်းကြ၏။
ရဟန်းတော်သည် မြတ်စွာဘုရား၏တရားတော်ကို ဟောကြားဝေငှသော ပုဂ္ဂိုလ်ဖြစ်၏။ ဘုရား၊ တရား၊ သံဃာသည် ရတနာသုံးပါးမည်၏။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးတို့အား ကိုးကွယ်ရာအဖြစ် ယုံကြည်ဆည်းကပ်မှုကို “သရဏဂုံ” ဟုခေါ်၏။ ဗုဒ္ဓဘာသာဝင်မှန်လျှင် သရဏဂုံတည်ရမည်ဖြစ်၏။ သရဏဂုံ မတည်လျှင် ဗုဒ္ဓဘာသာဝင်မမည်ထိုက်ပေ။ သရဏဂုံတည်ရန်အတွက် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးအပေါ် ယုံကြည်အားထားမှု(သဒ္ဓါ)ရှိရမည်ဖြစ်၏။
ရတနာသုံးပါးကို ကိုးကွယ်ယုံကြည်ခြင်းအားဖြင့် မိမိတို့မှာဖြစ်ပေါ်မည့် အပါယ် ဆင်းရဲ၊ သံသရာဆင်းရဲတို့မှ လွတ်မြောက်နိုင်ကြသည်ဟု ယုံကြည်ရမည်ဖြစ်သည်။ တရားတော်ကို ယုံကြည်ရာ၌လည်း သတ္တဝါတို့၏ကောင်းကျိုးများကို ဖြစ်ပွားစေ နိုင်သောတရား၊ အပါယ်ဆင်းရဲ၊ သံသရာဆင်းရဲများကို ပယ်ဖျောက်ပေးနိုင်သောတရားဖြစ်သည်ဟု ယုံကြည်ရမည်ဖြစ်သည်။
သံဃာတော်ကို ယုံကြည်ရာ၌လည်း သံဃာတော်သည် သတ္တဝါတို့၏အကျိုး စီးပွားကိုဖြစ်စေနိုင်သောတရား၊ သံသရာဆင်းရဲကို ပယ်ဖျောက်ပေးနိုင်သော တရားတို့ကို ဟောကြားတော်မူတတ်သည်ဟု ယုံကြည်ရမည်ဖြစ်၏။ ထိုသို့ ယုံကြည် ခြင်း (သဒ္ဓါ)ရှိမှ ကိုးကွယ်ထိုက်၊ ပူဇော်ထိုက်၏ဟူသော အသိ(ပညာ) လည်းပေါ်လာ မည်ဖြစ်၏။ ယခုအခါ ကာလဝိပ္ပတ္တိ ဆုတ်ကာလဖြစ်၍ ဘုရား၊ တရား၊ သံဃာတော် အပေါ် ယုံကြည်ကိုးကွယ်ဆည်းကပ်မှု ပါးလျားလာသည်ကို တွေ့ရ၏။ ပါးလျား လာသည်သာမက ဘုရား၊ တရား၊ သံဃာတော်အပေါ် ပြစ်မှားကျူးလွန်မှုများ ပြုလုပ်လာကြသည်များ တွေ့မြင်လာရ၏။ အကုသိုလ်အမှုအားလုံးတွင် အမိ၊ အဖ၊ ရဟန္တာကို သတ်ခြင်း၊ မြတ်စွာဘုရားကို သွေးစိမ်းတည်အောင်ပြုခြင်း၊ သံဃာကို သင်းခွဲခြင်းသည် အလွန်အပြစ်ကြီးလေးလှသည်။
ထို့ကြောင့် တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့တွင် မြတ်စွာ ဘုရားရှင်ဟောကြားတော်မူသော ရဟန်းပြုခြင်းအကျိုးတရားကိုနာကြားခြင်း၊ ရွတ်ဖတ်ပူဇော်ခြင်းဖြင့် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ပိုမိုယုံကြည် သဒ္ဓါသက်ဝင်ခြင်းဖြင့် လောက၊ သံသရာကောင်းကျိုးများကို ပွားတိုးလာအောင် ကြိုးပမ်းအားထုတ်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။