သစ္စာဖောက်တဲ့လား

Type

ယခုတလော လေလှိုင်းပေါ်ကတစ်ဆင့် ကြေညာ ချက်ပေါင်းစုံကို အကြိမ်ကြိမ် အလီလီ ထုတ်ပြန် နေတဲ့ NUG  အဖွဲ့က ပြည်သူ့ဝန်ကိုထမ်းရွက်နေကြ တဲ့ Non CDM ပြည်သူ့ဝန်ထမ်းများကို နိုင်ငံ့သစ္စာ ဖောက်များရယ်လို့ အမည်မည်းစာရင်းကြေညာ ချက်တွေ ဆက်တိုက်ထုတ်ပြန်လျက်ရှိတာ တွေ့ရ ပါတယ်။ 
 သစ္စာဖောက်ဆိုတဲ့ စကားလုံးအသုံးအနှုန်းက  တကယ်တမ်းဆိုရရင်  ကြောင်းကျိုးမဆီလျော်တဲ့ အပြင် သဘာဝယုတ္တိ၊  အာဂမယုတ္တိကင်းမဲ့လွန်းလှ ပါတယ်။  ဒါ့အပြင်  ရပ်ကွက်ထဲက  အရက်ဝိုင်းမှာ ကိုယ်နဲ့အတူ  တွဲမသောက်လို့  စိတ်ခံစားချက်တွေ အရ ပေါက်ကွဲထွက်ပြီး စွပ်စွဲပြောသလိုမျိုးဖြစ်နေပါတယ်။
ဟုတ်တယ်လေ။ ပြောရရင် ကမ္ဘာပေါ်မှာ ဘယ် နိုင်ငံ၊ ဘယ်အဖွဲ့အစည်းကမှ နိုင်ငံရေးရပ်တည်ချက်၊ လားရာလမ်းခြင်းမတူတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ဒီလိုသစ္စာဖောက်လို့  ကြေညာတာမျိုး မကြားဘူး ခဲ့ရိုးအမှန်ပါ။ ယုတ်စွအဆုံး စစ်မက်ဖြစ်ပွားနေတဲ့ ဒုတိယကမ္ဘာစစ်ကာလမျိုးမှာတောင်  မြန်မာနိုင်ငံ က နိုင်ငံ့ဝန်ထမ်းတွေအပေါ် ဒီလိုစွပ်စွဲချက်မျိုး မရှိခဲ့ဖူးဘူး။ 
ဆက်လက်တာဝန်ပေး
ဂျပန်ခေတ်  မြန်မာပြည်မှာ  အုပ်ချုပ်ရေးကို ချုပ်ကိုင်ထားတဲ့ ဂျပန်စစ်ဘက် အာဏာပိုင်တွေက ဗြိတိသျှအစိုးရခေတ်က ဗြူရိုကရေစီယန္တရားထံမှာ ပါဝင်အမှုတော်ထမ်းခဲ့ကြတဲ့ ဘယ်နိုင်ငံ့ဝန်ထမ်းကို မျှ သစ္စာဖောက်ရယ်လို့ မသတ်မှတ်ခဲ့ကြဘူး။ မူလ နေမြဲ ရာထူးဌာနန္တရများအတိုင်း ဆက်လက်တာဝန် ပေးခန့်အပ်ပြီး  အုပ်ချုပ်ရေးယန္တရားကို လည်ပတ် စေခဲ့တယ်။  ဒါ့အပြင်  အင်္ဂလိပ်အစိုးရခေတ်မှာ နန်းရင်းဝန်လုပ်ခဲ့တဲ့ ဒေါက်တာဘမော်ကိုတောင် ဂျပန်ခေတ်မှာ အဓိပတိပြန်ခန့်အပ်တာဝန်ပေးခဲ့သေးတယ်ဗျ။
တစ်ခါ မြန်မာပြည်ကို အင်္ဂလိပ်တွေ တစ်ကျော့ ပြန်ဝင်ရောက်လာပြီးအုပ်ချုပ်တဲ့ မြို့ပြအုပ်ချုပ်ရေး (C.A.S.B)  ခေတ်ကာလမှာလည်း  ဂျပန်ခေတ်က တာဝန်ထမ်းဆောင်ခဲ့တဲ့ ဘယ်ပြည်သူ့ဝန်ထမ်းကိုမျှ သစ္စာဖောက်ရယ်လို့    စွပ်စွဲအလုပ်ထုတ်ခဲ့တာမျိုး မရှိခဲ့ဘူးဗျ။ မစွပ်စွဲတဲ့အပြင် အင်္ဂလိပ်အစိုးရက အရာထမ်း၊ အမှုထမ်းတွေကို ဂျပန်ခေတ်တစ်လျှောက် လုံးက  လစာတွေကိုပါ  ပြန်လည်တွက်ချက်ပြီး ထပ်ဆောင်းလစာငွေများအဖြစ် ထုတ်ပေးခဲ့တယ်ဗျ။
ဒီမိုကရေစီစနစ်ရဲ့သဘောသဘာဝကို  ပြောရဦး မလား။ ဒီမိုကရေစီစနစ်မှာ  နိုင်ငံရေးခံယူချက်တွေ၊ ရပ်တည်ချက်တွေ ဘယ်သို့ပင်  မတူကွဲပြားခြားနားစေ ကာမူ မတူတာတွေဖယ်ပြီး  တူတာတွေပေါင်းလုပ် ကြရတာ ဒီမိုကရေစီရဲ့ သဘောသဘာဝပေပဲ။ ဂိုဏ်းဂဏ   စိတ်တွေရှေ့တန်းတင်ပြီး  ငါနဲ့မတူ ငါ့ရန်သူရယ်လို့ ရန်၊ ငါ ခွဲခြားသတ်မှတ်ကြရင်တော့ ဒါဟာ ဒီမိုကရေစီဝါဒမဟုတ်ပေဘူးဗျ။ 
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့  ဖဆပလအဖွဲ့ချုပ်ကြီးဆိုရင် နိုင်ငံ့ လွတ်လပ်ရေးအတွက်ရှေးရှုပြီး နိုင်ငံရေးရပ်တည် ချက်ချင်းမတူတဲ့ အရောင်အသွေးပေါင်းစုံကို  စုစည်း ဖွဲ့စည်းခဲ့တယ်။
ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်း၊ အထွေထွေ အတွင်းရေးမှူးက  သခင်သန်းထွန်း၊ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့မှာ    ဗိုလ်လကျ်ာ၊ ဗိုလ်နေဝင်း  စတဲ့ တပ်မတော်ကိုယ်စားလှယ်တွေ၊  သခင်မြသွင်၊ သခင် ဗဟိန်း၊ သခင်သိန်းဖေ (သိန်းဖေမြင့်) စတဲ့ ကွန်မြူနစ် ပါတီ  ကိုယ်စားလှယ်တွေ၊  ဦးကျော်ငြိမ်း၊ ဦး‌ဗဆွေ၊ သခင်ချစ် (နောက်ပိုင်း ကွန်မြူနစ်ပါတီဝင်)၊ သခင်ဝတင်  စတဲ့ ဆိုရှယ်လစ်ပါတီကိုယ်စားလှယ်တွေ၊ ဦးဘဖေ၊ ဦးမြ(ပျော်ဘွယ်)၊   ဦးမြ(ဟင်္သာတ)စတဲ့   နိုင်ငံရေး သမားဟောင်းကြီးတွေ၊ ဒီးဒုတ်ဦးဘချို၊ ဂျာနယ်ကျော် ဦးချစ်မောင် စတဲ့ တစ်သီးပုဂ္ဂလပြည်ချစ်ပုဂ္ဂိုလ်တွေ၊ လူမျိုးစုကိုယ်စားလှယ်တွေနဲ့ စုပေါင်းပြီး  ဖွဲ့စည်း ခဲ့ကြတယ်။
ဗိုလ်ချုပ်အောင်ဆန်း ဘိလပ်သွားပြီး လွတ်လပ်ရေး အတွက် အရေးဆိုခဲ့တဲ့ခရီးစဉ်ကို ကြည့်ဦးမလား။ ဗိုလ်ချုပ်ရဲ့နောက်မှာ  တစ်ချိန်က  အင်္ဂလိပ်အစိုးရရဲ့ အိုင်စီအက်စ်အရာရှိကြီးဖြစ်ခဲ့တဲ့  ဦးတင်ထွတ်ကိုတွေ့ ရပါလိမ့်မယ်။  ဒီခရီးစဉ်မှာ  အင်္ဂလိပ်တွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံများနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ အိုင်စီအက်စ် ဦးတင်ထွတ်ဟာ ဗိုလ်ချုပ်ဝတ်တာ စားတာ သွားတာ လာတာ၊ ပြောတာဆိုတာကအစ နောက်ကွယ်က အများကြီးပံ့ပိုးကူညီ ပေးခဲ့တယ်ဗျ။
ဒီဘက်ခေတ်  အမေရိကန်သမ္မတ အိုဘားမား အစိုးရအဖွဲ့ကိုကြည့်ဦးမလား။ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း  ရွေးကောက်ပွဲမှာ  အကြိတ်အနယ် မဲဆွယ်ယှဉ်ပြိုင်ခဲ့ရတဲ့ ပြိုင်ဘက်  ဟီလာရီကလင်တန် ကို   အိုဘားမားက   သမ္မတအဖြစ်  ရွေးကောက် တင်မြှောက်ခံရချိန်မှာ  အရေးပါလှတဲ့ နိုင်ငံခြားရေးဝန်ကြီးရာထူးတစ်နေရာကို အာဏာခွဲဝေပေးအပ်ခဲ့ တာပဲ မဟုတ်ပေဘူးလား။
ထင်သာမြင်သာအနီးစပ်ဆုံး  ပြီးခဲ့တဲ့ ငါးနှစ်က အာဏာရပါတီ NLD အစိုးရအဖွဲ့ကို လေ့လာဦးမလား။ အစိုးရအဖွဲ့  အဖွဲ့ဝင်တွေထဲမှာ  ယခင်တပ်မတော် အစိုးရလက်ထက်က ဝန်ကြီး၊ ဒုဝန်ကြီးတွေ ပြန်ပါဝင် လာတာပဲမဟုတ်ပေဘူးလား။
လေလှိုင်းထဲက NUG အဖွဲ့နဲ့ ဝန်းရံထောက်ခံသူ တွေကျမှပဲ သူတို့သွေးထိုးလှုံ့ဆော်မှုမှာ မပါဝင်ကြတဲ့ သန်းနဲ့ချီသော  Non CDM ဝန်ထမ်းအပေါင်းကို သစ္စာ ဖောက်တဲ့ဗျား။
သံယောင်လိုက်ပြီး ပြောဆိုရေးသားနေကြ
ဝန်းရံထောက်ခံသူအချို့ကဆိုရင်  လေလှိုင်းထဲက NUG ရဲ့ ထုတ်ပြန်ချက်လေသံအတိုင်း ငါတို့အာဏာရ လာရင် ဘောက်ချာစုတ်ရမယ့်လူတွေ၊ ထုတ်ပစ်ရမယ့် လူတွေရယ်လို့      အကျိုးအကြောင်းမဆင်ခြင်ဘဲ သံယောင်လိုက်ပြီး ပြောဆိုရေးသားနေကြတုန်းပဲဗျ။
သူတို့ပြောသလို သူတို့တစ်ဖွဲ့တစ်သင်း၊ တစ်အုပ်စု ကိုသစ္စာခံပြီး နိုင်ငံ့ဝန်ထမ်းတွေအားလုံး CDM ဝင်ကြ လုပ်ကြပြီထား၊  ပြည်သူတွေရဲ့သာရေး၊   နာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊  ရပ်ရွာ အေးချမ်းရေး   စတဲ့လူမှုကိစ္စ  လူမှုစီးပွားဘဝကို ဘယ်သူတွေက  အစားထိုးတာဝန်ယူ  လုပ်ဆောင် ပေးကြမလဲ။
အနာဂတ်အတွက်  ရင်သွေးငယ်တွေက  ပညာ မသင်ကြားဘဲ သူတို့အာဏာပြန်မရမချင်း ငုတ်တုတ် ထိုင်စောင့်နေကြရမှာလား။ ရပ်ထဲရွာထဲမှာ  သူခိုး ဓားပြရန်ကို ကာကွယ်ဖို့  ၈၈ အရေးအခင်းတုန်းကလို အိမ်တိုင်းကင်းထွက်စောင့်နေကြရမလား၊ သဘာဝ ဘေးအန္တရာယ်ကြုံလာရင် ကူရာမဲ့ဘဝနဲ့ ဒုက္ခခါးစည်း ခံနေကြရမလား။ ရထားတွေ ကားတွေ မထွက်တော့ ရင်  ကူးသန်းရောင်းဝယ်ရေး၊ လူမှုရေးကိစ္စတွေအတွက် တစ်မြို့နဲ့တစ်မြို့    လမ်းလျှောက်သွားကြမလား။ ကပ်ရောဂါဘေးတွေ၊ ကိုယ်တိုင်နာမကျန်းဖြစ်တဲ့ ဗျာဓိဘေးဒုက္ခတွေကြုံလာရင်  အိမ်မှာပဲလဲလျောင်း ပြီး   အသေခံကြရမလား။  ယုတ်စွအဆုံး  စည်ပင် ဝန်ထမ်းတွေ  လုပ်ငန်းခွင်မှာမရှိရင် ငါတို့ဘယ်လို လုပ်ကြမလဲလို့ တွေးမိကြရဲ့လား။ ဒီနိုင်ငံ့ဝန်ထမ်းတွေ ဟာ လက်ရှိတည်ဆဲအစိုးရရဲ့အကျိုးကိုလုပ်ဆောင် နေသူတွေလား၊ ငါတို့အကျိုးအတွက် လုပ်ဆောင်နေ ကြသူတွေလားလို့  စဉ်းစားမိကြရဲ့လား။ 
“အစိုးရအမှုထမ်းတွေကိုပြောလိုတယ်။ အစိုးရ အမှုထမ်းတွေဟာ      တိုင်းပြည်နဲ့လူထုအကျိုးကို ကြည့်ပြီး ကျုပ်တို့အစိုးရအဖွဲ့က ဆုံးဖြတ်ညွှန်ကြားတဲ့ အတိုင်း တစ်သဝေမတိမ်းလိုက်နာပါ။ တိုင်းပြည်နဲ့လူထုအကျိုးကိုကြည့်ပြီး   ဆုံးဖြတ်တဲ့လုပ်ငန်းစဉ်ကို တစ်သဝေမတိမ်း တာဝန်ကျေပွန်စွာလုပ်ကိုင်ဆောင်ရွက်ရင်  ဘယ်သူမှကြောက်စရာမလိုဘူး။ ဖဆပလ အစိုးရ ဖွဲ့ထားပေမယ့် ကိုယ့်တာဝန်ကိုကိုယ်ကျေပွန် အောင်လုပ်ပါ။ ဖဆပလအစိုးရဆိုပြီး ပြည်သူ့ရဲဘော် ကိုလည်း  အရမ်းကြောက်စရာမလိုဘူး။ ဖဆပလ အဖွဲ့ဝင်တွေ ပြည်သူ့ရဲဘော်တွေကလည်း ငါတို့အဖွဲ့ အစိုးရဆိုပြီး အစိုးရအာဏာယူသုံးဖို့၊ အစိုးရကိုယ်စား လုပ်ဖို့လည်း မလိုဘူး။  အခွင့်အရေးလည်းမရှိဘူး ဆိုတာသတိပြုပါ” ဆိုတဲ့ ဗိုလ်ချုပ်မိန့်ခွန်းကို ကြားဖူးကြ ရဲ့လား။
သတ်ဖြတ်နှိပ်စက်ခဲ့ကြ
“အာဏာရ     ဖဆပလဆိုရှယ်လစ်များသည် ကာကွယ်ရေး  ခါးပိုက်ဆောင်တပ်များဖွဲ့စည်းကာ အတိုက်အခံအဖွဲ့ဝင်များကို သတ်ဖြတ်နှိပ်စက်ခဲ့ကြ သည်။  အတိုက်အခံရေးသည့်  သတင်းစာများကို ဝင်ရောက်ဖျက်ဆီးခဲ့ကြသည်။ မိမိတို့မလိုသူများကို ရက်အကန့်အသတ်မရှိ  ဖမ်းဆီးချုပ်နှောင်ခဲ့ကြ သည်။  မိမိတို့ခိုင်းတိုင်းမလုပ်သော အရာရှိ အရာခံ များကို  ရာထူးချခြင်း၊  နေရာပြောင်းရွှေ့ခြင်း စသည်ဖြင့်  အနိုင်ကျင့်ခဲ့ကြသည်။ ရာဇဝတ်မှု ကျူးလွန်သောမိမိတို့၏တပည့်များကို အကာအကွယ် ပေးထားခဲ့ကြသည်။  အတိုချုပ်ရေးရလျှင် ထိုပုဂ္ဂိုလ် များသည် ဒီမိုကရေစီကို  ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်လုပ်ခဲ့ကြသည်။    မိမိတို့အာဏာမဲ့ဘဝ ရောက်မှ ဒီမိုကရေစီစကားပြောသော ထိုပုဂ္ဂိုလ်များ ကို ပြည်သူလူထုအနေဖြင့် ယုံရမည်လော”ဆိုတဲ့ ဗိုလ်ချုပ်ရဲ့အစ်ကို   ဦးအောင်သန်းရေးတဲ့ စာအုပ်ကို ရော ဖတ်ဖူးကြရဲ့လား။
ဖော်ပြပါအချက်အလက်အဝဝ  အကြောင်း အရာအဖုံဖုံကို  တစ်ချက်ချင်း၊  တစ်ခုချင်း စေ့ငု သုံးသပ်ဆင်ခြင်ပြီးသကာလမှာ  ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် နိုင်ငံရေး မဖက်၊ တာဝန်နှင့် ဝတ္တရားမပျက် အမှုတော်ထမ်းရွက်နေကြတဲ့ နိုင်ငံ့ ဝန်ထမ်းအပေါင်းကို သစ္စာဖောက်ရယ်လို့ခေါ်လိုက ခေါ်နိုင်ကြောင်းပါဗျာ။
ဪ၊ သစ္စာဖောက်ဆိုလို့ တစ်ချိန်က ဆရာကြီး သိန်းဖေမြင့် ရေးသားခဲ့တဲ့ ဝတ္ထုတိုလေးတစ်ပုဒ်ကို သတိရမိသေးတယ်။
ဝတ္ထုပါဇာတ်ကြောင်းက  ဒီလိုပါ။  တစ်ခေတ် တစ်ခါက  ကျေးလက်တောရွာတစ်ခုက  ကွန်မြူနစ် အမာခံတစ်ဦးဟာ  ကွန်မြူနစ်ဝါဒကို  သူလက်ခံ ယုံကြည်သလို သူ့ဇနီးသည်ကိုလည်း သူ့လိုပဲ လက်ခံ ယုံကြည်စေချင်တယ်။
သစ္စာဖောက်တဲ့ဗျား
သို့ကြောင့်မို့  ကွန်မြူနစ်ဝါဒသဘောတရားတွေ ကို   သူကိုယ်တိုင်    ဇနီးသည်ကိုဟောပြောပို့ချ၊ ကွန်မြူနစ်သဘောတရားရေးရာ   စာအုပ်တွေ ပေးဖတ်နဲ့ ကွန်မြူနစ်မကြီး ပီသအောင် မြေတောင် မြှောက်ပြုစုပျိုးထောင်ပေးခဲ့တယ်။  ငယ်ရွယ်တဲ့ သူ့အမျိုးသမီးဟာ   မကြာမီမှာပဲ   သူ့ထက်ပိုပြီး ကွန်မြူနစ်ဝါဒကို    ပြင်းပြင်းထန်ထန်   သက်ဝင် ယုံကြည်လာတယ်။  ဟောပြောပွဲတွေ၊    နိုင်ငံရေး လှုပ်ရှားမှုတွေမှာ    ရှေ့တန်းက    ပါဝင်လာတယ်။ ကိုယ်မှာလည်း ယူနီဖောင်းနဲ့ ခါးမှာလည်းဗြောက်နဲ့။ ကွန်မြူနစ်ဝါဒ ကိုစွဲလမ်းရင်း ရွာမှာအခြေချနေတဲ့ ကွန်မြူနစ်ဗိုလ် တစ်ယောက်နဲ့ပါ တပူးပူးတတွဲတွဲ ဖြစ်လာတယ်။
ဇာတ်သိမ်းမှာတော့ သူမြေတောင်မြှောက်ပေး ခဲ့တဲ့ သူ့ဇနီးသည်ဟာ ကွန်မြူနစ်စစ်ဗိုလ်နဲ့လူမှုရေးဖောက်ပြန်ပြီး သူ့ကိုပါတီသစ္စာဖောက်အဖြစ် စွပ်စွဲရှုတ်ချလာတယ်။  သူလည်းစိတ်ဓာတ်တွေ ကျပြီး သူ့ဇာတိချက်ကြွေမွေးရပ်မြေ  ကျေးရွာကနေ ထွက်ပြေး တိမ်းရှောင်သွားခဲ့ရရှာတယ်။
ဆရာကြီးသိန်းဖေမြင့်က ဖော်ပြပါဝတ္ထုတိုလေးရဲ့ခေါင်းစဉ်ကို “သစ္စာဖောက်တဲ့ ဗျား” လို့ အမည်ပေးခဲ့ကြောင်းပါဗျာ။   ။

နိုင်ငံ့ဝန်ထမ်းတစ်ဦး