မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအစဉ်အလာကြီးမားသောနိုင်ငံဖြစ်သည်။ သမိုင်းအစဉ် အဆက် နှစ်ပေါင်းထောင်ချီ၍ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ မရှိအတူ ရှိအတူ အေးအတူပူအမျှနေထိုင်ကြသည်။ အစဉ်အဆက်ကျင့်သုံးခဲ့သော ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများနှင့် နှစ်လိုဖွယ်နေထိုင်ခဲ့သည်။ ဗုဒ္ဓသာသနာသည် မြတ်စွာဘုရားရှင် ပေါ်ထွန်းပြီးနောက် ပုဂံခေတ်မှစ၍ ဘာသာ၊ သာသနာထွန်းကား လာခဲ့သည်။
တစ်နိုင်ငံလုံးတွင် စေတီ၊ ဘုရား၊ ကျောင်းကန်များနှင့် ဥတုရာသီ၊ သာယာလှပ သည့် သဘာဝပတ်ဝန်းကျင်များ ဖြစ်ထွန်းခဲ့သည်။ ရေခံမြေခံကောင်းများနှင့် ယဉ်ကျေးမှုအစဉ်အလာ ကိုးကွယ်ဆည်းကပ်ရာများ ပေါင်းစပ်လိုက်သောအခါ သူတော်ကောင်းတရားထွန်းကားရာ မြန်မာ့မြေ၊ အေးငြိမ်းချမ်းသာ ပျော်ရွှင်ဖွယ်ရာ အမိမြေဖြစ်လာခဲ့သည်။ ဤမြေဤနိုင်ငံသည် မြန်မာနိုင်ငံသူ နိုင်ငံသားများ နှစ်သက်မြတ်နိုးဖွယ်ရာနိုင်ငံ၊ ချစ်ခင်တန်ဖိုးထားရာတိုင်းပြည်ဖြစ်သည်။ ဤနိုင်ငံ၌ နေထိုင်ရသည်ကိုပင် ဂုဏ်ယူမဆုံးဖြစ်သည်ကို မြန်မာသာမက တိုင်းတစ်ပါးကပါ လက်ခံထားကြသည်။
ဤသို့ ကောင်းခြင်းလက္ခဏာ၊ ဝိသေသဂုဏ်ထူးများနှင့် ပြည့်စုံခဲ့သော ပန်းပေါင်းဝေစည် နှစ်လိုဖွယ်ရာရှိသည့် မြန်မာ့မြေသည် ယခုအခါ အကျည်းတန် အရုပ်ဆိုးဖြစ်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ရိုးသားဖြူစင်သော၊ ယဉ်ကျေးမှု အစဉ်အလာကြီးမားသော၊ ဘာသာတရားနှင့် မိဘဘိုးဘွားဆရာသမား၊ လူကြီးသူမ များ၏ သွန်သင်ဆုံးမလမ်းညွှန်မှုနှင့်အညီ ကျင့်သုံးနေထိုင်ခဲ့ကြသော မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ ကောင်းမြတ်သောအစဉ်အလာများမှာ တစ်စတစ်စနှင့်ဖျက်ဆီးခြင်း ခံခဲ့ကြရလေသည်။ တိုင်းတစ်ပါးယဉ်ကျေးမှုနှင့်စရိုက်လက္ခဏာများ၊ တိုင်း တစ်ပါးမှ စည်းရုံးသိမ်းသွင်းလွှမ်းမိုးလာမှုများကို သယ်ဆောင်ဖြန့်ချိလက်ခံလာ ကြရာမှ အစဉ်အလာကြီးမားသည့် မြန်မာ့ယဉ်ကျေးမှုမှာ ပွန်းပဲ့ယိုင်နဲ့လာခဲ့သည်။
ယနေ့ကာလတွင် အနောက်တိုင်းယဉ်ကျေးမှုများ လွှမ်းမိုးလာပြီးနောက် ပုဂ္ဂိုလ်ရေး၊ ဝါဒရေးစည်းရုံးမှုများ ပြည်သူများကြားတွင် မှိုင်းမိလာသောအခါ ရှေးအစဉ်အဆက် နှစ်ပေါင်းထောင်ချီ ဖြစ်ထွန်းလာခဲ့သော ဘာသာတရား၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ကိုယ်ကျင့်တရားများ ပါးလျားပျောက်ကွယ်လာခဲ့သည်။ ယနေ့အချိန်အခါတွင် နိုင်ငံရေးအပြောင်းအလဲကို အကြောင်းပြု၍ တိုင်းပြည်မတည် မငြိမ် ဆူပူသောင်းကျန်းမှုများ ဖြစ်ပေါ်လာအောင် ကြံစည်ကြိုးပမ်းအားထုတ်ကြရာ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုထုံးစံများအား ပေါ်ပေါ်ထင်ထင် ဖျက်ဆီးလာကြသည် ကို မြင်တွေ့နေရသည်။ သူတော်ကောင်းတရားများထွန်းကားရာ အမိမြန်မာနိုင်ငံကို အကျည်းတန်အရုပ်ဆိုးအောင် ဖန်တီးနေကြသည်။
အဆိုးရွားဆုံး၊ အရက်စက်ဆုံး၊ အယုတ်မာဆုံး ကြံစည်အားထုတ်လုပ်ဆောင် မှုများမှာ မကျူးလွန်သင့်၊ မကျူးလွန်ထိုက်သော ဘာသာ၊ သာသနာနှင့် မိဘဆရာ သမားများအား ကျူးလွန်စော်ကားခြင်းအပြင် သတ်ဖြတ်ဖျက်ဆီးခြင်းအထိ အဆုံးမဲ့ ပြုလုပ်နေသည်ကိုတွေ့ရသည်။ နိုင်ငံတော်သည် ဗုဒ္ဓသာသနာတော်ကို နိုင်ငံတော် ၏ နိုင်ငံသားအများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟု သတ်မှတ်ပြဋ္ဌာန်းထားသော၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ထုံးတမ်းစဉ်လာများအရ ကိုးကွယ်ဆည်းကပ်ရာဖြစ်သော၊ ထေရဝါဒဗုဒ္ဓဘာသာ အထွန်းကားဆုံး နိုင်ငံတော်အဖြစ် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသော ရဟန်း သံဃာတော်များကို ဖျက်ဆီးခြင်းပြုလုပ်လာသည်။ နိုင်ငံရေးအပြောင်းအလဲကာလ တွင် အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ရက်စက်စွာသတ်ဖြတ်ခြင်းကြောင့် ရဟန်းသံဃာတော် ၁၂ ပါး ပျံလွန်တော်မူခဲ့သည်ဟု ဝမ်းနည်းကြေကွဲ စိတ်မကောင်း ခြင်းကြီးစွာ ကြားသိခဲ့ရသည်။
တစ်ဆက်တည်းပင် ဘုရား၊ တရား၊ သံဃာ အနန္တဂိုဏ်းဝင်များဖြစ်သော၊ အသိမကြွယ်သေးသည့် လူငယ် လူရွယ် ကျောင်းသား ကျောင်းသူလေးများအား အသိပညာ လိမ္မာရေးခြားရှိစေရန်အတွက် မိဘသဖွယ် သွန်သင်ဆုံးမလမ်းပြ ပေးနေသော ဆရာ ဆရာမများနှင့်ပညာရေးဝန်ထမ်းများကို အကြမ်းဖက်သမား များက အကြောင်းမဲ့ ရက်စက်စွာသတ်ဖြတ်ခြင်းကြောင့် ဆရာ ဆရာမဝန်ထမ်း ၁၂ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သူတော်ကောင်းတရား ထွန်းကားရာနိုင်ငံ၊ ကောင်းသတင်းများဖြင့်ကျော်ကြားသောတိုင်းပြည်သည် ယခုအခါ အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH၊ NUG နှင့် ၎င်းတို့က သွေးဆောင်စည်းရုံး မွေးမြူထားသော PDF အကြမ်းဖက်သမားများ၏ ရက်စက်သောလုပ်ရပ်များကြောင့် အစဉ်အလာကြီးမားသော မြန်မာနိုင်ငံ၏ပုံရိပ်ကို များစွာထိခိုက်ခဲ့သည်။
သို့ဖြစ်ရာ နှစ်ပေါင်းရှည်ကြာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာကြီးမားခဲ့သော မြန်မာနိုင်ငံကို ဖျက်ဆီးနေသည့် နိုင်ငံရေးအစွန်းရောက်ဝါဒီများနှင့် ကိုယ်ကျင့် တရားပျက်ယွင်းနေသော အကြမ်းဖက်သမားများအား အပြီးတိုင်တားဆီးနှိမ်နင်း တိုက်ဖျက်နိုင်မှ အစဉ်အလာကြီးမားသောတိုင်းပြည်၊ သူတော်ကောင်းတရား ထွန်းကားရာ မြန်မာ့မြေ ပြန်လည်ဖြစ်ထွန်းလာမည်ဟု ယုံကြည်ပါကြောင်း။ ။