ပြည်ထောင်စုအိပ်မက်ကို ကြိုးပမ်းပုံဖော်

3

 

အယ်ဒီတာ့အာဘော်

===============

 

မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးခရီးကို ခက်ခဲကြမ်းတမ်းစွာ လျှောက်လှမ်း နေရဆဲဖြစ်သည်။ ပြည်သူ့အစိုးရ နိုင်ငံတော်ကိုတာဝန်ယူသောကာလတွင် ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် အဓိကကျသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ အစည်းအဝေးကို သုံးကြိမ် ကျင်းပ နိုင်ခဲ့သည်။ မကြာမီရက်ပိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ထပ်မံကျင်းပတော့မည်ဖြစ်သည်။

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ တတိယအစည်း အဝေးကို ၂၀၁၈ ခုနှစ် သြဂုတ်လက ကျင်းပခဲ့ပြီးနောက်ပိုင်းတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှောင့်နှေးတုံ့ဆိုင်းသွားခဲ့သည်။ တရားဝင် အစည်းအဝေး များ ခေါ်ယူကျင်းပနိုင်ခြင်းမရှိသည့်အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်း ရပ်ဆိုင်းသွားသည့် အနေအထားအထိ ကြုံတွေ့ခဲ့ရသည်။ ထိုသို့ကြုံတွေ့နေသော်လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)သည် နှစ်နှစ်တာ ကာလအတွင်း အလွတ်သဘောတွေ့ဆုံမှုများ၊ တရားဝင်အစည်းအဝေး များကို တစ်ဖွဲ့ချင်း၊ အစုအဖွဲ့အလိုက် ကြိမ်ဖန်များစွာ တွေ့ဆုံပြုလုပ်ခဲ့ပြီး ရပ်ဆိုင်းသွားသည့် NCA လမ်းကြောင်းကို ပြန်လည်ဆယ်တင်ရန်၊ ဆိုင်းငံ့ သွားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ပြန်လည်စတင်နိုင်ရန် နည်းလမ်း ပေါင်းစုံ ကြိုးပမ်းအားထုတ်ခဲ့ရသည်။

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ပေါ်အောင် ဆောင် ရွက်ရာတွင် NRPC သည် အရေးပါသောအဖွဲ့အစည်းဖြစ်သည်။ NRPC ၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို (၉)ကြိမ်မြောက်ကျင်းပနိုင်ခဲ့ပြီး အစည်းအဝေးမှ ငြိမ်းချမ်းရေး ခရီးအတွက် ရလဒ်ကောင်းများ ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။ ထိုသို့ ဖော်ဆောင်နိုင်ခဲ့သဖြင့် NRPC ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်ကာလအတွင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင် ငြိမ်းချမ်းရေး ဦးဆောင်သူများအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များအား ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဦးဆောင်ကြိုးပမ်းဆောင်ရွက်ချက်များအရ ငြိမ်းချမ်းရေး ဦးဆောင်သူများ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို လက်ရောက်ပေးအပ်ခဲ့သည်။

 

ငြိမ်းချမ်းရေးအတွက် ဦးဆောင်ကြိုးပမ်းကြသူများသည် နှစ်ပေါင်း များစွာ သဘောထားကွဲခဲ့ကြသည့် ပြည်ထောင်စု၏ရှေ့ခရီးအတွက် ငြိမ်းချမ်း စွာရှေ့ဆက်ကြမည့် ဘုံတူညီချက်ကို ရှေးရှုနိုင်ရန် ဦးစွာကြိုးပမ်းခဲ့ကြသည်။ နားလည်မှုများ မျှဝေကြပြီး ယုံကြည်မှုများ တည်ဆောက်ကြရသည်။ ထိုသို့ နားလည်မှု၊ ယုံကြည်မှုများ ရရှိနိုင်ရန်အတွက် ကြိုးပမ်းအားထုတ်ခဲ့ကြသော အချိန်ကာလများအတွင်း ပဋိပက္ခများကြောင့် တိုင်းရင်းသားပြည်သူများမှာ ဒဏ်ရာဒဏ်ချက်များ၊ နာကျင်မှုဝေဒနာများ ကြုံတွေ့ခံစားနေကြရသည်။ တိုင်းရင်းသားပြည်သူများ၏ ကိုယ်တွေ့ခံစားချက်များနှင့် လိုအင်ဆန္ဒများကို ၎င်းတို့နှင့်ထပ်တူခံစား၍ ပြန်လည်ဖြည့်ဆည်းပေးကြရမည်ဖြစ်သည်။ ဖြည့်ဆည်းပေးရမည့်အချိန်လည်း ကျရောက်နေပြီဖြစ်သည်။

 

ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်မှုများကြောင့် ယခုအခါ ကွဲပြားခြားနားမှုများကြားမှ အားလုံးသဘောတူလက်ခံနိုင်သည့် အဆင့် လိုက် လမ်းစဉ်တစ်ခု၊ အသေးစိတ်အစီအစဉ်တစ်ရပ်ကို သဘောတူရှာဖွေနိုင် ခဲ့သည်။ ယင်းတို့သည် နှစ်ဖက်အလုပ်အဖွဲ့များ တင်ပြလာသည့် (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင်ချုပ်ဆိုမည့် ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း(၃)၏ မူကြမ်းပင် ဖြစ်သည်။ ပြည်ထောင်စုသဘောတူ စာချုပ်သည် ရင်ဆိုင်ကြုံတွေ့နေရသည့် လက်ရှိမြန်မာ့နိုင်ငံရေး အကျပ် အတည်း၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အကျပ်အတည်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ချိတ်ဆက် ပြီး ဖြေရှင်းနိုင်မည့်လမ်းကြောင်းတစ်ခုကို ဖော်ထုတ်နိုင်တော့မည်ဖြစ်သည်။

 

သို့ဖြစ်ရာ (၉)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ အစည်းအဝေး တွင် NRPC ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ခဲ့သည့်အတိုင်း မိမိတို့နိုင်ငံ၏ အတိတ်ကခါးသီးသည့် အတွေ့အကြုံများကို ဖြေဖျောက်ပေး နိုင်ရန်၊ ယနေ့ရင်ဆိုင်ကြုံတွေ့နေရသည့် ပြည်ထောင်စု၏ အခက်အခဲများကို ပြေလည်စေရန်နှင့် မိမိတို့တိုင်းရင်းသားအားလုံး၏ အနာဂတ်ပြည်ထောင်စု အိပ်မက်ကို အကောင်းဆုံးပုံဖော်နိုင်ရန်အတွက် မိမိတို့အားလုံး ဆက်လက် ပြီး ကြိုးပမ်းကြရဦးမည်ဖြစ်ပါကြောင်း။ ။