ကမ္ဘာကြည့် ကြည့်မြင်

Type

 

ဦးသူတော်

 

(၁)
အချို့က ပြောကြတယ်။ တော်တော်ရှော်တဲ့လူတွေတဲ့။ တချို့ကလည်း ပြောတယ်။ တော်တော်ချော်တဲ့ သူတွေ။ “ဘာလို့လဲဗျ” မေးကြတဲ့အခါ ကြွေဇွန်းနဲ့ ကြာဆံဟင်းကို ခပ်နေတာ   ပါးစပ်ထဲရောက်ဖို့မပြောနဲ့ ဇွန်းထဲပါဖို့ နောက်ခြောက်လလောက်ကြာဦးမယ်မို့ပါတဲ့။ သိပ်ကြာမယ် မထင်ပါဘူး။ နွားရူးဆူးတိုး။

 

(၂)
ပါးစပ်ကပြောတာတော့ “ဘယ်တော့မှ နောင်တမရဘူး”လို့ချည်း ပြောနေတာပဲ။ ဘာဝါဒလဲတော့ မသိပါဘူး။ ဝိရောဓိဆိုတဲ့ ဆန့်ကျင် ခြင်းသဘောရှိတဲ့ စကားမျိုးတွေကို မပြောရဘူးဆိုတာလည်း သူတို့ မသိဘူးဗျ။   တောပြောတောင်ပြောလည်း  မျက်နှာပြောင်ပြောင် ပြောတာပဲ။   တောင်ပြောမြောက်ပြောလည်း   လေဖောင်နေအောင် ပြောတာပဲ။ ပြောတော့မိုး၊ ထိုးတော့မြေကြီးပါ။ အရှက်လည်းမရှိပါ။ 
အညမညပစ္စယော သဘောကို သိကြပုံမရ။ သဟဇာတ ပစ္စယော ကို သဘောပေါက်ပုံမရ။ ဝိရောဓိကို ပဋိပက္ခဖြစ်အောင်သာ မီးရှို့ တတ်ရဲ့။  ငရုတ်သီးလို   လူစားတွေဗျ။   ပူစပ်ပူလောင်ပဲ။   ငရုတ်သီးနဲ့ ပေါင်းလိုက်လို့ ကြက်သွန်ပါ အထောင်းခံရပါရောလား။
ကြည့်လေ။ ဆရာဝန်တွေရဲ့ ကတိသစ္စာ ဆေးပညာဘွဲ့ယူဖို့ရာ သစ္စာတွေဆိုရတယ်လေ။ ဘာတဲ့ဗျာ……

၁။ ဥပဌာနံ= စိတ်ရောကိုယ်ပါ ပြုစုကုသပါမည်။ 

၂။ အနုကမ္မာ= လူလူချင်း ကိုယ်ချင်းစာတရားထားပါမည်။

၃။ ဒယာ= လူလူချင်း ညှာတာထောက်ထားလျက် ကုသပါမည် စသည်ဖြင့် သစ္စာဆိုထားတဲ့ ဆရာဝန်၊ သူနာပြု၊ ဆရာ ဆရာမတွေဟာ သူတို့ဆွဲဆောင်ရာနောက် အဟုတ်မှတ်ပြီး ရောရောင်လိုက်ကြတာ မြေမလျှိုး   မိုးမပျံဘဲ   ဇော်ကန့်လန့်တွေ   ဖြစ်ကုန်ကြပါလေရော။ နှမြောစရာ ကောင်းလိုက်လေ။
“ဘယ်တော့မှ   နောင်တမရဘူး”   ဆိုတဲ့  လူစားတွေကတော့ ကိုယ့်ကျင်းကိုယ်တူးရင်း ဂိတ်ဆုံး အဝီစိအထိ ဆင်းသွားကြလေရဲ့။ ငရဲကြီးရှစ်ထပ်က စာကပ်ထားသတဲ့။ သူတို့အတွက်။ ကြိုဆိုပါ၏တဲ့။

 

(၃)
သဘာဝတရားကတော့ ငဲ့ညှာခြင်း လုံးဝမရှိဘူး။ ပြတ်သားတယ်။
ကျောင်းတွေမီးရှို့ချင်သလား၊ ရှို့။
ကာကွယ်ဆေးထိုးသူတွေ ဗုံးခွဲမလား၊ ခွဲ။ 
တံတားတွေဖျက်မလား။ ဖျက်ကြ။
လူတွေသတ်၊ ရွာတွေမြို့တွေ မီးရှို့။ ရှို့လေ။ 
ဘုန်းကြီးလည်း သတ်။ သတ်ပေါ့။ 


မီးကို မဆော့နဲ့နော်၊ မီးနဲ့ မကစားနဲ့။ မီးဆိုတာလောင်ရင် ငြှိမ်းရ ခက်တယ်။ အကြိမ်ကြိမ် တားခဲ့ကြတယ်။  စစ်ဆိုတာ ရောဂါဘေး၊ ငတ်မွတ်ဘေး၊  အနာတရဘေးအပြင်   သေဘေးကြီးပါ   ဖောဖောသီသီ ဆိုက်ရင် အတွဲလိုက်  အခိုင်လိုက်ပါတာနော်။    စစ်ကိုမခေါ်ပါနဲ့လို့ အတန်တန်အခါခါ တားနေပါလျက်နဲ့ ဖျက်ဟ ဆီးဟ သူပုန်ထတော့ သေပြီပေါ့။
ပူပြီပေါ့၊ လောင်ပြီပေါ့။ မီးကိုမဆော့ပါနဲ့လို့ ပြောခဲ့တာ မရဘဲ ကိုးကွဲ့။ ဓမ္မက အကြောင်းကြောင့် အကျိုးဖြစ်ပေါ်တဲ့  သဘောပဲ။ အနဝဇ္ဇ - အပြစ်ကင်းတာပဲ ကြံစည်စဉ်းစားပါ၊ ပြောဆိုပါ။ လုပ်ကိုင်ပါ။
မောင်တို့ဟာ    အပြစ်မကင်းတဲ့     အကုသိုလ်    ဒုစရိုက်တွေ များလွန်းလှတာကိုး။   သဘာဝဓမ္မတရားကတော့   တူညီသော အကျိုးဆက်တွေ ထွက်ပေါ်လာမှာပဲ။ သဒိသံပါကံ ဇနေတိ။
မိုက်မဲယုတ်မာ ဆိုးသွမ်းရက်စက် ကောက်ကျစ်ညစ်ပတ်မှုတွေ အတွက် လောကနိယာမ ဥပဒေသဘောက တရားခုံရုံးမတင်ဘဲ ဝှီးခနဲ၊ ဘုံးခနဲ လာပါ့ဗျာ။  မောင်တို့  ခေါင်းပေါ်တည့်တည့်ကွဲပါလိမ့်မယ်။ ကမ္မနိယာမ သဘောက တူသောအကျိုးကို ရစမြဲ။
ဘာဆိုဘာမှ မသိတော့လည်း လူ့တိရစ္ဆာန်တွေပဲလေ။ အသေဆိုး နဲ့ သေရတတ်တာ မဆန်းပါ။ သွေးသံရဲရဲ တစ်စစီ လွင့်ထွက်ပြန့်ကြဲသွား မှာပဲ။

 

(၄)
လောကကြီးကတော့ အ,ရင် ခံပဲ ကိုယ့်လူရေ။
တော်တော်ရိုးလွန်းပြန်ရင်လည်း အ,တယ်ဖြစ်မယ်။ မထင်မှတ်ဘဲ ဇာတ်ကားတစ်ကား ကြည့်လိုက်မိဖူးတယ်။ နာမည်က ၂၄ နာရီ ဆိုလားပါပဲ။ သိလား။
စာဖတ်သူအချို့လည်း ကြည့်ပြီးသားဖြစ်ချင်ဖြစ်ကြပေလိမ့်မယ်။ ဖြစ်တန်ရာသော   အကြောင်းခြင်းရာတွေနဲ့   အသင့်ယုတ္တိရှိအောင် သဘာဝကျကျ ရိုက်ကူးတင်ဆက်ထားတာဗျ။ စိတ်ကူးယဉ် အပျော် အပါးသက်သက်မဟုတ်ဘူး။
အရှေ့တိုင်းသူ အမျိုးသမီးတစ်ဦး။ လေဆိပ်မှာ သူလိုက်ပါမယ့် လေယာဉ်ခရီးစဉ်က  အကြောင်းတစ်ခုခုကြောင့်  အချိန်နောက်ကို ရွှေ့ပြောင်းလိုက်တော့ လေဆိပ်ထဲမှာ အချိန်တော်တော်ကြာ စောင့်နေ ရတယ်။ စောင့်နေရင်းပဲ လူတစ်ယောက်က မိတ်ဆက်လာလို့ စကား ပြောဖြစ်ကြတယ်။   သိကျွမ်းခင်မင်သွားတယ်။   အဲဒီအမျိုးသားက မျက်နှာဖြူ ဥရောပတိုက်သားပါ။ 
တကယ်တော့    အဲဒီလူဟာ    လူကောင်းတစ်ယောက်တော့ မဟုတ်ဘူး။ သူ့ကိုကြိုတင်လေ့လာဖို့၊ သေသေချာချာလေ့လာဖို့ သိစရာ အချက်အလက်တွေ တိတိကျကျပေးပြီး ချဉ်းကပ်လုပ်ကြံဖို့ စေခိုင်းခံ ထားရတဲ့  ကြေးစားလူသတ်သမား။   ရုပ်ရည်သနားကမားပေမယ့် ပိုက်ဆံရမယ်ဆိုရင် ဘာမဆိုလုပ်မှာပဲဆိုတဲ့ လူစား။ လူဆိုးဗျ။
ဟိုအမျိုးသမီးက ဘာမှမသိဘူး။  


ကိုယ်က  သူသတ်ဖြတ်မယ့် ပစ်မှတ်ဖြစ်နေတာကိုလည်း မသိဘူး။ ပြုံးပြုံးရယ်ရယ်နဲ့ ဆက်ဆံနေရှာတယ်။ 
ဆက်ပြီးကြည့်ရှုသူပရိသတ်ကို ဆွဲဆောင်ခင်းကျင်းပြသသွားတဲ့ ဇာတ်ကွက်ဇာတ်လမ်းတွေကိုတော့ မဖော်ပြတော့ပါ။
ဘဝတစ်ကွေ့ ခဏတွေ့ရတဲ့ ဒီအမျိုးသားကို ဒီလူဟာ ခင်မင်အောင်  မိတ်ဆွေယောင်ဆောင်ထားတဲ့ လူသတ်သမားပါလား၊ သေသေချာချာ တင်ကူးကြံရွယ်ချက်နဲ့၊ အုံနဲ့ကျင်းနဲ့ ပြင်ဆင်စီမံခဲ့ပြီး (လေဆိပ်ထဲမှာ ကြာကြာစောင့်နေရအောင်၊    လေကြောင်းလိုင်း   အချိန်ပြောင်းရွှေ့ နောက်ဆုတ်သွားအောင်၊ သူတို့ချင်း   လေဆိပ်နားနေဆောင်ထဲမှာ ခုံချင်းနီးနီးထိုင်ဖြစ်အောင်၊ စသည်စသည် အားလုံးစီမံချက်နဲ့ အကွက် ချပြီး) လုပ်ဆောင်ခဲ့တာတွေကို သူက ဘာမှမသိပါ၊ သူက ရိုးတာကိုး။ ပရိသတ်က ဒါတွေသိနေပြီးသားဆိုတော့ မော့တိမော့ကန်းနဲ့ ထူတူတူ၊ အ,တ,တ မိန်းမဟာ ဘယ်အချိန်များ ချောက်ကျမလဲဟ။ သနားရ မလိုလို၊ အားမလိုအားမရ၊ ရင်တမမနဲ့ ဆက်ကြည့်နေရတော့တာပဲ။ တော်တော်ဖျင်းတဲ့ မင်းသမီးဇာတ်လိုက်။ 


ဖန်သားပြင်ပိတ်ကားပေါ်က ဒီအမျိုးသမီးကို ကြည့်ရင်းကြည့်ရင်းနဲ့ ရန်သူကို ရန်သူလို့ မသိဘဲ ပြုံးစိပြုံးစိ အရောတဝင် ဆက်ဆံတတ်တဲ့ သူ့လိုလူစားကို သနားရမယ့်အစား အမြင်ကပ်မိလာပါတော့တယ်။ ဒေါက်တာဇော်ဝေ..၊ အကြမ်းဖက်ဖြိုးဇေ.. စတဲ့မုတ်ဆိတ်နဲ့ လူတွေ မြင်လိုက်ရတော့ ဆုံချက်တစ်ခု သတိပြုမိလိုက်တယ်။

 

(၅)
လောကမှာ ရန်သူကို မိတ်ဆွေလုပ်။
ဆွေမျိုး မိဘ၊ ကိုယ့်ကျေးဇူးရှင် အသိုက်အအုံကိုတော့ ဘေးက သွေးထိုးကုန်းချောတာတွေ နားဝင်ပြီး အသည်းအသန် အမုန်းအငြိုး ကြီးကြီးနဲ့ ရန်သူလို့ပဲ သဘောထားကာ ဖျက်ဆီးမီးရှို့ချင်။ အဲသလို လူစားတွေက ရှိတတ်သေးတာကိုး၊ ကံဆိုးချင်ရင်။
ဪ - လူဆိုးဓားပြ လူသတ်မှုတွေကျူးလွန်လို့ သေစေသတ်စေ၊ သေဒဏ်အရကွပ်မျက်ဖို့ သင်္ချိုင်းကုန်းကို ခေါ်သွားတဲ့ လမ်းပေါ်ကလူ ရာဇဝတ်သားကို သူဌေးကြီးသမီးက အိမ်ပေါ်ဝရန်တာက မြင်လိုက်မိ တာနဲ့ တရားသူကြီးတွေ၊ မင်းမှုထမ်းတွေ မသိအောင် ငွေအပုံလိုက်ပေး လူစားလဲ။ အိမ်ပေါ်တင် လင်အဖြစ်နဲ့ပေါင်းတဲ့ မိန်းမမျိုးလည်း တရား တော် နိပါတ်တော်တွေထဲ တွေ့ရဖူးတာပဲ။ 
ဓားပြကတော့   ရွှေပုံပေါ်မှာစံနေရတာလည်း   မကျေနပ်နိုင်ဘဲ မယားဆီက ရွှေငွေရတနာ လက်ဝတ်လက်စားတွေကို (မယားရယ် မမှတ်ဘူး။ သူဌေးသမီး သူစိမ်းလို့သာ ယူဆတာကိုး) လုယူသတ်ဖြတ်ဖို့ ပရိယာယ်နဲ့ နှစ်ယောက်တည်း တောထဲသွားရအောင်၊ တောင်ထိပ် တက်ရအောင်။ နတ်ပြရမှာမို့  လက်ဝတ်လက်စားတွေလည်း အစုံ အလင် အကုန်ဝတ်ခဲ့ဆိုပြီး ခေါ်သွားလည်း ယုံတာပဲ။
လူသတ်ချင်၊   ဓားပြတိုက်ချင်တဲ့  လူမိုက်ကို   ချစ်ခင်စုံမက်ပြီး လင်လုပ်ချင်ခဲ့တဲ့ မိန်းမစားဆိုတာ ဟိုးအတိတ် နှစ်ပေါင်းနှစ်ထောင့် ခြောက်ရာကျော်   အတိတ်ကာလမှာသာ     ရှိတာမဟုတ်ပါလား။ စိတ်လှုပ်ရှားစရာပဲ။

 

(၆)
မျက်စိရှေ့မှောက်မှာတင် ထင်ထင်ရှားရှား လှည့်စားခံနေရတဲ့ မိန်းမမျိုးတွေလည်း ရှိနေတာ ကြည့်မြင်နေရပါ့လားလို့ ဇာတ်လမ်းကို ကြည့်နေရင်း အတွေးမျှင်တန်းမိပါရဲ့။ နဖူးမှာ စာရေးထားတာမှမပါဘဲ။ တစ်သံသရာလုံး မှောက်အောင်မှားတာတော့ ဆယ်ဖို့ရာ လွယ်ပါဦး မလား။
လူကောင်းရယ်၊ လူဆိုးရယ်လား ခွဲခြားရတာတော့ ခက်ပါတယ်။ လူကဲခတ်ညံ့တဲ့လူများဟာ သူ့အကြိုက်ကို အောက်ကျို့ပြီး ချော့ပေါင်း ရင် အကောင်းချည်း ထင်တတ်တော့တာပါပဲ။ အချို့ဆို ဘိုတွေမှ  အထင်ကြီး။ ဘိုလိုမှုတ်မှ အဟုတ်ထင်။ ဘိုစာပဲ သဘောကျ။ ဒိဋ္ဌိ၊ မာန၊ အာဃာတတွေနဲ့ လုံးချာလည်လိုက်ပြီး လောင်မြိုက်ပူလောင် နေရတဲ့ ဘဝဇာတ်လမ်းတွေ ငြိမ်းပါစေ။  ကောက်ကျစ်ယုတ်မာတဲ့ လူတွေနဲ့ ကြာကြာပေါင်းခဲ့တော့ ကောင်းလာဖို့ ခက်တာပေါ့။

 

(၇)
လူတွေက အရုပ်အမျိုးမျိုး လုပ်တတ်ပါတယ်။
မြန်မာတွေလည်း စက္ကူရုပ်၊ မြေရုပ်၊ ရွှံ့ရုပ်၊ သစ်သားရုပ်။ အမျိုးမျိုး အထွေထွေ  လုပ်တတ်ပါတယ်။   ပစ်တိုင်းထောင်ရုပ်၊  ဇီးကွက်ရုပ်၊ ဖိုးဝရုပ်။ ဟုတ်ပါ့ လွယ်လွယ်နဲ့ရှင်းရှင်းပဲ။ ဗမာတွေလုပ်ရင် ရိုးရိုး ရှင်းရှင်းအရုပ်သာ များကြပါတယ်။ ရုပ်သေးသစ်သားရုပ်ကို ကြိုးဆွဲ အက လှုပ်ရှားရအောင် ဖန်တီးတတ်တဲ့ အနုပညာကတော့ နိုင်ငံတကာ ရုပ်သေးလောကပညာထဲမှာ ထူးခြားထင်ပေါ်ကျော်ကြားတယ်။
ရုပ်မြင်သံကြားဖန်သားပြင်မှာ လူရဲ့လုပ်အားထက်ပိုပြီး အဆ များစွာ ထိရောက်တွင်ကျယ်တဲ့ စက်ရုပ်တွေ အလုပ်လုပ်နေကြပုံကို တအံ့တဩမြင်ရဖူးတယ်။ အံ့ရောဗျာ၊ ရိုဘော့ဆိုတဲ့ စက်ရုပ်တွေ အမျိုးမျိုး တီထွင်အသုံးပြုနေကြတာလေ။ အားကျအတုယူစရာပဲ။
စက်ရုံ၊ အလုပ်ရုံ၊ ကားအစိတ်အပိုင်း၊ လေယာဉ် အစိတ်အပိုင်းတွေ အရေအတွက် သိန်းသန်း ဝက်အူ အရွယ်အစားအမျိုးမျိုးကို တစ်ပေါက် မှ မကျန်စေရ၊   မလွဲစေရ၊  တပ်ဆင်တာမျိုးတွေကအစ၊  အိမ်ဖော်၊ ထမင်းချက်၊ အိမ်စောင့် အလုပ်မျိုးတွေအထိ၊ တိတိကျကျ တာဝန်ပေး စေခိုင်းလို့ရကြတယ်။   ကမ္ဘာပေါ်မှာ   ဂျာမနီနိုင်ငံနဲ့   ဂျပန်နိုင်ငံက စက်ရုံတွေမှာ ရိုဘော့စက်ရုပ်အရေအတွက် အခြားနိုင်ငံတွေထက်ပိုပြီး အများဆုံး အသုံးပြုနေကြရတယ်လို့ သုံးသပ်ခန့်မှန်းနေကြရတယ်။ တိတိကျကျတော့ ဘယ်သူမှ မသိနိုင်ဘူး။ နေ့စဉ်နဲ့အမျှ ကိန်းဂဏန်း အရေအတွက်က တစ်ဟုန်ထိုး တိုးတက်နေဆဲမို့ပါ။

 


လူလောက်နီးနီး၊ အချို့ဆို လူထက်တောင် တိကျမြန်ဆန်သေး။ စွမ်းဆောင်ရည် အလွန်ကောင်းတဲ့ ရိုဘော့စက်ရုပ်တွေ ရှိနေကြပြီ။ Al တဲ့ , Artificial Intelligence လူက ဖန်တီးထားတဲ့ ဉာဏ်ရည်ပါ ထည့်သွင်းထားတဲ့ စက်ရုပ်များဆိုရင်  လူလိုတော်တဲ့   ရိုဘော့တွေ ဖြစ်နေပြီလေ။

 

(၈)
လူတစ်ယောက်ကို ကိုယ်လိုရာ လိုက်နာလိုက်ပါ အကောင်အထည် ဖော်အောင် သူ့ဦးနှောက်ထဲကို ကွန်ပျူတာချစ်(ပ်)   သေးသေးလေး ထည့်ပေးထားသလိုမျိုး အချိန်ယူ မွေးမြူလေ့ကျင့်ပြီး ကြိုးရှည်ရှည် နဲ့ လှန်ထားမယ်။ သူများနိုင်ငံကို ခေတ်သစ်ကိုလိုနီနည်းနဲ့ ကြိုးကိုင် သိမ်းပိုက်နိုင်တယ်။    နှောင့်ယှက်ဖျက်ဆီးလို့ရတယ်။     နိုင်ငံရေး ခေါင်းဆောင်တွေကို အရွယ်အမျိုးမျိုး၊ အသွင်အမျိုးမျိုး လေ့ကျင့် ပုံသွင်းပြီး အသုံးချနေကြတယ်။ လူမျိုးတွေလည်း အစုံပဲ။ ပညာအရာ သာတဲ့လူတွေက လုပ်နေကြတာလေ။ ရှိနေတယ်။ မတော်ချင်နေ၊ ပိန်းပိတ်အောင်တော့ မထူလွန်းပါစေနဲ့။
ဒါတွေကို မယုံနိုင်လောက်အောင် အ, တဲ့ န, တဲ့ နိုင်ငံက လူအချို့ ခမျာမှာတော့ ကျွဲလိုခတ်၊ နွားလိုခွေ့၊  ကြက်လိုခွပ်၊  ခွေးလိုကိုက်။ မိုက်ပါ့ကွာ။   ခြင်းထဲကကြက်တွေလို   တစ်ကောင်နဲ့တစ်ကောင် ဆိတ်ကြရင်း ဒယ်အိုးထဲ သက်ဆင်းကြရမယ်။   သူများအောင်ပွဲခံဖို့ လမ်းခင်းကြပေတယ်။ သူခိုးကို ဓားရိုးကမ်းနေသကိုးကွယ်။

 

(၉)
သူတို့က အောင်သေအောင်သား စားကြမယ်။ အမြင်ကျယ်အောင် စာဖတ်ရင် နိုင်ငံတကာဇာတ်ခုံကို မြင်နိုင်ကြလိမ့်မယ်။ ဆရာမြို့မငြိမ်း သီကုံးရေးဖွဲ့ခဲ့တဲ့ “လူချွန်လူကောင်းဆိုတာ ခေတ်မီမီနဲ့ ကမ္ဘာကြည့် ကြည့်မြင်နိုင်တဲ့ လူတွေ”  မြန်မာတစ်မျိုးသားလုံး ဖြစ်စေချင်တာလေ။ ကမ္ဘာကြည့် ကြည့်မြင်နိုင်တဲ့ ခေတ်မီသူဖြစ်အောင် မောင်တို့မယ်တို့ သတင်းစာလေးတော့   နေ့စဉ်   ဖတ်မှဖြစ်မှာပေါ့။   ဖုန်းထဲကဟာနဲ့ ပြီးမလား။