
မြင့်စိုး(နတလ)
နယ်စပ်ဒေသနေ တိုင်းရင်းသူလေးများ တစ်ဖက်နိုင်ငံများသို့သွားရောက်၍ အလုပ်ရှာဖွေလုပ်ကိုင်နေရခြင်းများကို ကာကွယ်တားဆီးပြီး ကိုယ်ပိုင်ဘဝရပ်တည်နိုင် ရေး ရည်ရွယ်လျက် အခြေခံစက်ချုပ်၊ မုန့်လုပ်နည်းပညာများဖြင့် စတင်ဖွင့်လှစ်ခဲ့သော အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများ၊ ထိုမှ ကမ္ဘာ့နိုင်ငံအသီးသီးက အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာရပ်များကို ပထမတန်းစားပညာရပ်အဖြစ် ဂုဏ်ယူဝမ်းမြောက်စွာ သင်ကြားပို့ချပေးလာ သည်နှင့်အညီ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနသည် မိမိတို့ဖွင့်လှစ်ထားသော အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းများမှ သင်တန်းသူလေးများအား အဆင့်မြင့်နည်းပညာများ သင်ကြားပို့ချပေးလာသည်ကို ဝမ်းမြောက်ဖွယ်တွေ့ရ၏။
ခေတ်မီမော်တာအထည်ချုပ်စက်သင်တန်း
ခေတ်မီမော်တာအထည်ချုပ်စက်သင်တန်းကို ၂၀၁၄ ခုနှစ် ဩဂုတ်လမှ စတင်ဖွင့်လှစ်သင်ကြား ပေးခြင်းဖြစ်သည်။ မိမိတို့ဝန်ကြီးဌာန၏ ဗဟို လေ့ကျင့်ရေးကျောင်းကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း ) အမှတ် (၅၁) ရပ်ကွက် တွင် ဖွင့်လှစ်ထားရာ အဆိုပါသင်တန်းကို ယင်း သင်တန်းကျောင်း၌ သင်ကြားပို့ချပေးခြင်းဖြစ်သည်။ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းများတွင် အခြေခံစက်ချုပ် သင်တန်း၊ အဆင့်မြင့်စက်ချုပ်သင်တန်း အောင်မြင် ပြီးသူ နယ်စပ်ဒေသမှ တိုင်းရင်းသူလေးများအား ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်စက်ရုံ များ၌ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်၏။ သင်တန်းအမှတ်စဉ် (၂၅) အထိ ဖွင့်လှစ်ခဲ့ပြီး ဖြစ်ရာ သင်တန်းဆင်းပြီး တိုင်းရင်းသူ အရေအတွက် မှာ ၂၉၄၀ ဖြစ်သည်။
ခေတ်မီမော်တာ အထည်ချုပ်စက်သင်တန်း ဆင်းပြီးသူများအား အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနမှ အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင် ရေး၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းနှင့် ညှိနှိုင်းပြီး အထည်ချုပ်စက်ရုံများတွင် ကျွမ်းကျင်ဝန်ထမ်းများအဖြစ် အလုပ်အကိုင်အခွင့် အလမ်းများ ရရှိစေရေးတို့ကို ဖန်တီးဖော်ဆောင်ပေး ခဲ့သည်။ သင်တန်းဆင်းပြီးသူများထဲမှ တိုင်းရင်းသူ ၂၈၄၈ ဦးသည် ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ ၂၉ ခု၌ ကျွမ်းကျင်ဝန်ထမ်းများအဖြစ် ဝင်ရောက်လုပ်ကိုင် နေကြပြီဖြစ်သည်။
ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ
နယ်စပ်ရေးရာဝန်ကြီးဌာနက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအသင်း(MHPA)၊ ဟိုတယ်လုပ်ငန်းရှင်များအသင်းတို့နှင့် ညှိနှိုင်းကာ ယင်းသင်တန်းများကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း၌ နှစ်နေရာခွဲ၍ သင်ကြား ပို့ချပေးခဲ့သည်။ ပခုက္ကူနှင့်ပုသိမ် အမျိုးသမီး အိမ်တွင်းမှုသင်တန်းကျောင်းများတွင် ဖြစ်၏။ ဧည့်ကြိုဝန်ဆောင်မှု၊ ဟိုတယ်အိပ်ဆောင်များ ခင်းကျင်းပြင်ဆင်မှု၊ အစားအသောက်နှင့် အဖျော် ယမကာ ဝန်ဆောင်မှုသင်တန်းများကို စာတွေ့ သုံးလ၊ လက်တွေ့ သုံးလ စုစုပေါင်း ခြောက်လ တက်ရောက်ရပါသည်။ ဖော်ပြပါ အိမ်တွင်းမှု သင်တန်းကျောင်းများတွင် စာတွေ့သင်တန်းများ ပို့ချပေးပြီးနောက် လက်တွေ့သင်တန်းများကို ပခုက္ကူသင်တန်းကျောင်းအတွက် ပုဂံဟိုတယ်ဇုန်မှ ဟိုတယ်များတွင်လည်းကောင်း၊ ပုသိမ်သင်တန်း ကျောင်းအတွက် ငွေဆောင်ဟိုတယ်ဇုန်မှ ဟိုတယ်များတွင်လည်းကောင်း လျာထားသတ်မှတ် ၍ သင်ကြားလေ့ကျင့်ပေးခဲ့သည်။
နည်းပြ၊ နေရာထိုင်ခင်းနှင့် အခြားကန့်သတ် ချက် အချို့ကြောင့် သင်တန်းတစ်ကြိမ်လျှင် ၇၅ ဦးသာ လက်ခံသင်ကြားပေးခဲ့ရာ ပခုက္ကူသင်တန်း ကျောင်းတွင် ကျား၊ မ တက်ခွင့်ရခဲ့ပြီး ပုသိမ်တွင် မိန်းကလေးများကိုသာ လက်ခံသင်ကြားပေးခဲ့ သည်။ စုစုပေါင်းသင်တန်း ငါးကြိမ်စီဖွင့်လှစ်ခဲ့ပြီး သင်တန်းသားအနေဖြင့် ကျား ၁၈၀၊ မ ၅၇၀ စုစုပေါင်း ၇၅၀ တက်ရောက်အောင်မြင်ကာဟိုတယ် အသီးသီးတွင် ကျား ၁၀၉ ဦး၊ မ ၃၃၇ ဦး စုစုပေါင်း ၄၄၆ ဦး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိသွား ကြပြီဖြစ်သည်။ သင်တန်းအမှတ်စဉ် (၅) အထိ ဖွင့်လှစ်ပြီးနောက် လက်ရှိကြုံတွေ့နေရသော ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများကို ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ ခေတ္တရပ်နားထားကြောင်း သိရှိရပါ သည်။ အဆိုပါ သင်တန်းများတွင် ခေတ်မီမော်တာ အထည်ချုပ်သင်တန်းများကဲ့သို့ပင် တက်ရောက်သူ သင်တန်းသား သင်တန်းသူများအတွက် အကျိုး ကျေးဇူးများပြားကြောင်း တွေ့ရမည်ဖြစ်သည်။
အိမ်တွင်းမှုသင်တန်းကျောင်းများ ဘယ်ကစ
နယ်စပ်ရေးရာဝန်ကြီးဌာနဟူ၍ မဖြစ်သေး သော နယ်စပ်/စည်ပင်ဝန်ကြီးဌာနဟု အတိုကောက် ခေါ်နေသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာ ရေးဝန်ကြီးဌာနပင် မဖွဲ့ရသေးသော ၁၉၉၂ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် တာချီလိတ် အိမ်တွင်းမှု သင်တန်းကျောင်းကိုလည်းကောင်း၊ ၁၉၉၂ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကော့သောင်းအိမ်တွင်းမှု သင်တန်းကျောင်းကိုလည်းကောင်း နတလလုပ်ငန်း ကော်မတီ၏ အစီအစဉ်ဖြင့် စတင်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ သမဝါယမဝန်ကြီးဌာနတို့၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် အခြေခံစက်ချုပ်သင်တန်း၊သိုးမွေး ထိုးသင်တန်း၊ ဇာထိုးပန်းထိုးသင်တန်း၊ ရွှေချည် ထိုး ငွေချည်ထိုးသင်တန်း၊ အချက်အပြုတ်နှင့် မုန့် လုပ်နည်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့ သည်။ ပညာရေးဝန်ကြီးဌာနအောက်ရှိ စက်မှု စိုက်ပျိုးနှင့် အိမ်တွင်းသက်မွေးပညာဦးစီးဌာနမှ ဆရာမကြီးများက အလှည့်ကျ သွားရောက်တာဝန် ထမ်းဆောင်ကြရသည်။ “စက်၊ စိုက်၊ သက်” ဟု အတိုကောက်ခေါ်ကြသည်။
ထို့နောက်တွင်မှ ကော့သောင်းအမျိုးသမီး အိမ်တွင်းမှုသင်တန်းကျောင်း၌ ကျောင်းအုပ်အဖြစ် ဒေါ်ခင်လှရီ(ကွယ်လွန်)၊ ဒေါ်ရင်သောင်း(ရန်ကုန် ဒီဂရီကောလိပ်၊ ကွယ်လွန်)တို့က လည်းကောင်း၊ တာချီလိတ် ကျောင်းအုပ်အဖြစ် ဒေါ်နုနုကြည် (ညွှန်မှူး(ငြိမ်း) နေပြည်တော်စည်ပင်)၊ ဒေါ်ခင်မာချို (ယခု လ/ထညွှန်မှူး၊ ဗဟိုလေ့ကျင့်ရေးကျောင်း)တို့ကလည်းကောင်း ထမ်းဆောင်ခဲ့ကြသည်။ ၁၉၉၂ ခုနှစ်အတွင်းမှာပင် ကျိုင်းတုံ၊ လားရှိုးနှင့် မြိတ်မြို့ များ၌ အိမ်တွင်းမှုကျောင်းများ ဆက်လက်ဖွင့်လှစ် ပေးခဲ့သည်။ ကျိုင်းတုံသင်တန်းကျောင်း၏ ပထမ ဆုံးကျောင်းအုပ်မှာ ဒေါ်သန်းသန်းလွင်(ဒုညွှန်မှူး (ငြိမ်း) ပညာ/ လေ့ကျင့်) ဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် ပေါ်ပေါက်လာသော နယ်စပ်/စည်ပင်ဝန်ကြီးဌာနနှင့် လက်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာနတို့က သင်တန်း ကျောင်းများ ဆက်တိုက်ဖွင့်လှစ်ပေးခဲ့ရာ ယနေ့ အချိန်တွင် နိုင်ငံတစ်ဝန်း ၄၆ ကျောင်း ဖွင့်လှစ်ပြီး ဖြစ်သည်။
ရည်ရွယ်ချက်များ
အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများကို အောက်ဖော်ပြပါ ရည်ရွယ် ချက်များ ထားရှိဖွင့်လှစ်ခဲ့သည်-
(က) ပြည်ထောင်စုတိုင်းရင်းသူလေးများသည် ပညာရှာမှီးရင်း တိုင်းရင်းသူအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စု စိတ်ဓာတ်ခိုင်မြဲသည့် တိုင်းရင်းသူလေး များ ဖြစ်လာစေရန်၊၊
( ခ ) နယ်စပ်ဒေသနှင့် ဆင်းရဲနွမ်းပါးသော ဒေသများရှိ အမျိုးသမီးငယ်များကို အိမ်တွင်းမှု သက်မွေးပညာရပ်များ သင်ကြားပေးရန်နှင့် သင်ကြားတတ် မြောက်သည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များဖြင့် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း ထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးရန်၊၊
(ဂ) တိုင်းချစ်ပြည်ချစ်မျိုးချစ်စိတ် အစဉ် ရှင်သန်ထက်မြက်နေသည့် အမျိုးသမီး လေးများ ဖြစ်လာစေရန်၊၊
(ဃ) အိမ်တွင်းမှုပညာရပ်များ သင်ကြားပေး ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်း များ ရရှိပြီး စားဝတ်နေရေးဘက်စုံ တိုးတက်၍ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်၊၊
(င ) အမျိုးဂုဏ်၊ ဇာတိဂုဏ် စောင့်ထိန်းပြီး အကျင့်စာရိတ္တကောင်းမွန်သည့် အမျိုး သမီးလေးများ ဖြစ်လာစေရန်။
သင်တန်းကာလနှင့် အမျိုးအစားများ
အသက် ၁၆ နှစ်နှင့် ၃၀ အကြား ကျန်းမာရေး ကောင်းသူ၊ အရေးအဖတ်တတ်မြောက်၍ အိမ်တွင်း မှုပညာရပ်များကို စိတ်ပါဝင်စားသူ ဖြစ်ရပါမည်။ တစ်နှစ်လျှင် သင်တန်းနှစ်ကြိမ်လျာထား၍တစ်ကြိမ် လျှင် ရက်သတ္တ ၁၈ ပတ်ကြာမြင့်ပါမည်။ သင်တန်း အမျိုးအစားများမှာ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် သင်တန်း၊ သိုးမွေးစက်ဆွဲသင်တန်း၊ ကနုကမာ ကျောက်စီပန်းချီသင်တန်း၊ အခြေခံလက်ရက်ကန်း သင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊ အိမ်တွင်းလက်မှု သင်တန်း (ကြိမ်/ဝါး)စသည်တို့နှင့် အထက်တွင် တင်ပြခဲ့သော ခေတ်မီမော်တာ အထည်ချုပ်စက် သင်တန်း၊ ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာသင်တန်းများ ဖြစ်ပါသည်။ အဆင့်မြင့်အိမ်တွင်းမှုသက်မွေးပညာရပ်များကို သင်တန်းကျောင်းများတွင် ကျွမ်းကျင် စွာ ပြန်လည်ပို့ချနိုင်ရန်အတွက် သင်တန်းကျောင်း အုပ်များ၊ ဒုကျောင်းအုပ်များ၊ နည်းပြများကိုယ်တိုင် ဗဟိုလေ့ကျင့်ရေးကျောင်းတွင် မွမ်းမံသင်တန်းများ တက်ရောက်စေခဲ့ပါသည်။
ဘဝကိုအလှဆင် ဒေသကိုအကျိုးပြု
အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများ စတင်ဖွင့်လှစ်သည့် ၁၉၉၂ ခုနှစ်မှ ယနေ့အထိ သင်တန်းသူဦးရေ စုစုပေါင်း ၉၁၉၅၆ ဦး လေ့ကျင့်သင်ကြားပေးပြီး ဖြစ်ပါသည်။ ယင်းသို့ လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြင့် အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်သော တိုင်းချစ်ပြည်ချစ်စိတ် မျိုးချစ်စိတ်တို့ဖြင့် မိမိတို့ အမျိုးသားယဉ်ကျေးမှုကို တန်ဖိုးထားလေးစား မြတ်နိုးတတ်သော အမျိုးကောင်းသားသမီးများ စွာ ပေါ်ထွက်စေခဲ့သည်။ နယ်စပ်ဒေသအသီးသီးမှ အမျိုးသမီးငယ်များ၏ လူမှုဘဝကို မြင့်မား တိုးတက်စေခဲ့သည်။ လက်မှုအတတ်ပညာများကို မိမိတို့ဒေသအလိုက် လက်ဆင့်ကမ်းပြန့်ပွား စေခဲ့သည်။ တစ်နည်းဆိုရသော် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်းများသည် တိုင်းရင်းသူလေးများ၏ဘဝကို အလှဆင်ပေးသော၊ နယ်စပ်ဒေသ အသီးသီးကို လည်း အကျိုးပြုနေသော သင်တန်းကျောင်းများ ဖြစ်သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနသည် နယ်စပ်ဒေသများတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာ စေရေး၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ (Vocational Training) ကို အလေးထားသင်ယူ ကြစေရေး၊ နယ်စပ်ဒေသများအပါအဝင် ပြည်နယ်/တိုင်းဒေသကြီးများအတွင်းက ဆင်းရဲ နွမ်းပါးသူများအတွက် အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးဖော်ဆောင် ပေးနိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
- Log in to post comments