

ဆောင်းပါး
==========
ဒေါက်တာမျိုးကြွယ် (ဆင်ပေါင်ဝဲ)
နိုင်ငံတကာဆက်ဆံရေးပညာဘာသာရပ် (International Relations Subject) နှင့် နိုင်ငံတကာဆက်ဆံရေးပညာဌာန (Department of International Relations) အသစ်ကို ၁၉၈၄ ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့၌ ဖွင့်လှစ်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ၃၆ နှစ်ပြည့်တော့မည်ဖြစ်ပါသည်။
နိုင်ငံတော်၏လိုအပ်ချက်အရ နိုင်ငံတကာဆက်ဆံရေးပညာဘာသာရပ်ကို ချဲ့ထွင်လာခဲ့ရာ အထူးပြုဘာသာရပ် အဖြစ် သင်ကြားနေသော တက္ကသိုလ်စုစုပေါင်း ခြောက်ခုရှိပြီဖြစ်သည်။ အောက်မြန်မာပြည်တွင် ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နှင့် ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်တို့ဖြစ်၍ ဒဂုံတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပညာဌာနကို ၁၉၉၄ ခုနှစ်တွင်လည်းကောင်း၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာနကို ၂၀၀၀ ပြည့်နှစ်တွင်လည်းကောင်း ဖွင့်လှစ် နိုင်ခဲ့သည်။
အထက်မြန်မာပြည်တွင် နိုင်ငံတကာဆက်ဆံရေးပညာဌာန ဖွင့်လှစ် သော တက္ကသိုလ်များမှာ မန္တလေးတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်နှင့် မုံရွာတက္ကသိုလ်တို့ဖြစ်ပါသည်။ ရတနာပုံတက္ကသိုလ် နိုင်ငံတကာဆက်ဆံ ရေးပညာဌာနကို ၂၀၀၀ ပြည့်နှစ်တွင် လည်းကောင်း၊ မုံရွာတက္ကသိုလ် နိုင်ငံ တကာဆက်ဆံရေးပညာဌာနကို ၁၉၉၈ ခုနှစ်တွင်လည်းကောင်း ဖွင့်လှစ်နိုင်ခဲ့ ပါသည်။ ထို့အပြင် နိုင်ငံတကာဆက်ဆံရေးပညာဘာသာရပ်ကို သာမန် ဘာသာရပ် (Minor Subject)အဖြစ် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် ၌ ၁၉၉၇ ခုနှစ်တွင်လည်းကောင်း၊ မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်၌ ၂၀၀၁ ခုနှစ်တွင်လည်းကောင်း ဖွင့်လှစ်ခဲ့ပါသည်။
နိုင်ငံတကာဆက်ဆံရေးပညာဘာသာရပ်ကို ဝိဇ္ဇာဘွဲ့၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ မဟာသုတေသနဘွဲ့အဆင့်အထိ တစ်ဆင့်ပြီးတစ်ဆင့် တိုးချဲ့လာ ခဲ့ရာ ၁၉၉၉ ခုနှစ်မှစ၍ အခြားဘာသာရပ်များနည်းတူ ပါရဂူ (Ph.D.) ဘွဲ့ သင်တန်းများကို ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့၌ ဖွင့်လှစ် နိုင်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်အထိ စာရင်းအရ ရန်ကုန်တက္ကသိုလ်တွင် ပါရဂူ (Ph.D.) ဘွဲ့ရသူ စုစုပေါင်း ၆၈ ဦးရှိပြီး သင်တန်းတက်ရောက်နေသူ ၁၁ ဦးရှိပါသည်။
အလုပ်အကိုင်များရရှိနိုင်
အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် အစိုးရအဖွဲ့အစည်းများဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန(MOFA)၊ နိုင်ငံခြားစီးပွားဆက်ဆံရေးဌာန (FERD)၊ နိုင်ငံတော်သမ္မတရုံး (President Office)၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် (Parliament) အစရှိသည့်နေရာများ၌ ရရှိကြကြောင်း၊ ထို့အပြင် ကုလသမဂ္ဂ (UN) အဖွဲ့အစည်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) နှင့် လူမှုရေးအဖွဲ့အစည်းများ၌လည်း ဝင်ရောက်လုပ်ကိုင်လျက်ရှိကြောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ (Union Civil Service Board - UCSB)၊ သင်ကြား ရေးဌာနများတွင်လည်းကောင်း၊ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (People’s Alliance for Credible Election-PACE)၊ သတင်းစာဆရာ (Reporter/Journalist) စသည့် အလုပ်အကိုင်များရရှိနိုင်ကြောင်း သိရှိရပါ သည်။
ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့လွန်ဒီပလိုမာတန်းများအဖြစ် (၁) Diploma in International Relations (DIR) ကို ၂၀၀၃ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ ယခု ၂၀၁၉ ခုနှစ်တွင် ၁၆ သုတ် ရှိပြီဖြစ်ပြီး ဘွဲ့ရသူစုစုပေါင်း ၂၀၀၀နီးပါးရှိပြီဖြစ်ပါ သည်။ (၂) Diploma in Political Science (DPS) နိုင်ငံရေးသိပ္ပံဘွဲ့လွန် ဒီပလိုမာတန်းကို ၂၀၁၃ ခုနှစ်တွင် နိုင်ငံရေးလေ့လာလိုသူများအတွက် ရည်ရွယ် ၍ဖွင့်လှစ်ခဲ့ရာ ၂၀၁၉ ခုနှစ်တွင် ခုနစ်သုတ်ရှိပြီဖြစ်ပြီး ဘွဲ့ရသူစုစုပေါင်း ၅၀၀ နီးပါးရှိပြီ ဖြစ်ပါသည်။
၂၀၁၀ ပြည့်နှစ် မြန်မာနိုင်ငံ၏ နိုင်ငံရေးအသွင်ကူးပြောင်းမှုနှင့်အတူ နှစ်ပေါင်း ၂၀ ကျော်တိုင်အောင် ဘွဲ့ကြိုတန်းများပိတ်ခဲ့သော ရန်ကုန်တက္ကသိုလ် သည် ၂၀၁၃ ခုနှစ်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ ထူးခြားချက်မှာ မြန်မာတစ်နိုင်ငံလုံးရှိ ထူးချွန်ကျောင်းသားများကို မွေးထုတ်နိုင်ရန် ရည်ရွယ် ချက်ဖြင့် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် နိုင်ငံတကာ ဆက်ဆံရေးဘာသာကို ထူးချွန်ကျောင်းသား ၅၀ စီဖြင့် ပြန်လည်ဖွင့်လှစ်ခဲ့ပါ သည်။ ထို့အပြင် ၁၉၈၈ခုနှစ် ကာလကပင် တိမ်မြုပ်ပျောက်ကွယ်ခဲ့သော နိုင်ငံရေးသိပ္ပံဘာသာရပ် (Political Science) ကိုလည်း ပြန်လည်မိတ်ဆက် လာခဲ့ရာ နိုင်ငံတကာဆက်ဆံရေးပညာဌာနက တာဝန်ယူခဲ့ရပါသည်။ သို့ဖြစ်၍ နိုင်ငံတကာဆက်ဆံရေးပညာဌာန၏ ရည်မှန်းချက်မှာ နိုင်ငံတကာရေးရာနှင့် မြန်မာ့ရေးရာများကို စနစ်တကျတွေးခေါ်သုံးသပ်တတ်သော ကျွမ်းကျင်သည့် ပညာရှင်များ မွေးထုတ်ပေးရန် မျှော်မှန်းပါသည်။
၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ထူးချွန်ကျောင်းသားများမွေးထုတ်ရန် ရည်ရွယ်သည့်အတွက် နိုင်ငံတကာဆက်ဆံရေးဘာသာရပ်၏ ဝင်ခွင့်သတ်မှတ် ချက်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲရမှတ် စုစုပေါင်း အမှတ်(၄၇၀) နှင့် အင်္ဂလိပ်စာ အမှတ် ၇၀ ဟု သတ်မှတ်ထားပါသည်။ ဝိဇ္ဇာဘာသာရပ်တွင် နိုင်ငံ တကာဆက်ဆံရေးဘာသာရပ်မှာ အမှတ်အမြင့်ဆုံးဖြစ်၍ လူကြိုက်များသော ဘာသာရပ် ဖြစ်ပါသည်။ နိုင်ငံရေးသိပ္ပံ ဘာသာရပ်သည် တက္ကသိုလ်ဝင်တန်း စာမေးပွဲရမှတ် စုစုပေါင်း အမှတ် ၄၂၀ နှင့် အင်္ဂလိပ်စာ ၆၅ မှတ်ဟု သတ်မှတ် ထားပါသည်။ ဘာသာရပ်နှစ်ခုလုံး၏ အလုပ်အကိုင်အခွင့်အလမ်းမှာ အစိုးရ ဌာနဖြစ်သော နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်ဆံရေးဌာန၊ ကုလသမဂ္ဂအေဂျင်စီများ၊ အာဆီယံအဖွဲ့အစည်းများတွင်လည်းကောင်း၊ အစိုးရအဖွဲ့အစည်းမဟုတ် သောအဖွဲ့များဖြစ်သည့် ဥပမာ Think Tank အဖွဲ့များ၊ NGOs များတွင်လည်းကောင်း ဝင်ရောက်လုပ်ကိုင်နိုင်သည့် အခွင့်အလမ်း များရှိပါသည်။
မွေးထုတ်ခဲ့ပြီးဖြစ်
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အထိ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံ ရေးဘာသာရပ်ဝိဇ္ဇာဘွဲ့ ကျောင်းသား ကျောင်းသူ ၇၃ ဦး၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ ၅၃ ဦး၊ နိုင်ငံရေးသိပ္ပံပညာဘာသာရပ် ဝိဇ္ဇာဘွဲ့ ကျောင်းသား ကျောင်းသူ ၂၄ ဦး၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ ၃၅ ဦးကို မွေးထုတ်ခဲ့ပြီးဖြစ်ပါသည်။ မဟာဘွဲ့အနေဖြင့် နှစ် နှစ်သတ်မှတ်ထားပြီး ပထမနှစ်သည် သင်ကြားရေးအစီအစဉ်ဖြစ်၍ ဒုတိယနှစ် သည် မဟာဘွဲ့ကျမ်းတင်သွင်းရန် သုတေသနပြုစုရခြင်းဖြစ်သည်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အရ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံ ပညာဘာသာရပ် မဟာတန်းတက်ရောက်နေသူ ၄၈ ဦးရှိပါသည်။ ပထမ အသုတ်ဖြင့် ဘွဲ့ရသူ ၁၀ ဦးကို နိုင်ငံတကာဆက်ဆံရေးပညာဌာနတွင် အချိန် ပိုင်းနည်းပြအဖြစ် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ခန့်ထားနိုင်ခဲ့ပြီ ဖြစ်ပါသည်။ အချို့သောဘွဲ့ရ ကျောင်းသား ကျောင်းသူများသည် ဤ ကိုဗစ်-၁၉ ကာလဖြစ်သည့်အတွက် အလုပ်အကိုင်စာမေးပွဲများ စောင့်နေရသောကာလ ဖြစ်ပါသည်။
သင်ကြားရေးသာမက ပြောင်းလဲလာသောခေတ်စနစ်နှင့်အညီ သင်ရိုးများ မြှင့်တင်ရာတွင် သင်ရိုးသစ်များရေးဆွဲရန်၊ သင်ရိုးလမ်းညွှန် (Course guide) များကိုယ်တိုင်ရေးဆွဲနိုင်ရန်ရည်ရွယ်သည့်အတွက် သြစတြေးလျစေတနာ့ ဝန်ထမ်းအဖွဲ့ (Australia Volunteer International) က စေလွှတ်သော သင်ရိုး ကျွမ်းကျင်သည့်ပညာရှင်ကို ဌာနတွင် ၂၀၁၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တွဲဖက် ထားရှိခဲ့ပါသည်။ အကျိုးဆက်အဖြစ် ဆရာ ဆရာမများအနေဖြင့် ပညာရပ်နှင့် သက်မွေးကျောင်းဆက်စပ်နိုင်သော သင်ရိုးလမ်းညွှန်များ၊ သင်ခန်းစာ ပြင်ဆင်ပုံ (Lesson Plan) များ ရေးဆွဲသင်ကြားနေပြီဖြစ်ပါသည်။ ပြောင်းလဲလာ သောခေတ်စနစ်နှင့်အညီ သင်ကြားလျက်ရှိသော အဓိကဘာသာရပ်များမှာ စစ်အေးကာလနှင့် စစ်အေးလွန်ကာလ နိုင်ငံတကာဆက်ဆံရေး၊ မျက်မှောက် ခေတ်ပြောင်းလဲလာသော နိုင်ငံတကာဆက်ဆံရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဖြေရှင်းရေး၊ နိုင်ငံရေးနှင့်ဆက်နွှယ်နေသောစီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေးသီအိုရီများ၊ အတွေးအခေါ်များ၊ အဖွဲ့အစည်းများဖြစ်သော ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံနှင့်မြန်မာနိုင်ငံဆက်ဆံရေး၊ သုတေသန နည်းနာ၊ သံတမန်ရေးရာ၊ အရှေ့တောင်အာရှနိုင်ငံများ၏ နိုင်ငံရေးစနစ်များ၊ အင်အားကြီးနိုင်ငံများ၏နိုင်ငံခြားရေးမူဝါဒ အစရှိသည်တို့ကို နိုင်ငံတကာသင်ရိုး များနည်းတူ သင်ကြားပေးလျက်ရှိပါသည်။
နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံပညာဘာသာရပ်အား ပြည်ပ ကျောင်းသားများ စိတ်ဝင်စားသည့်အတွက် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် ကာလအတွင်း ပညာသင်နှစ်တစ်ဝက်လာရောက်သင်ကြားသူ စုစုပေါင်း ၁၉ ဦးရှိပြီဖြစ်ပါသည်။ အများစုမှာ နားလည်မှုစာချွန်လွှာရေးထိုးထားသော နိုင်ငံတကာတက္ကသိုလ်များမှ ဖြစ်သည်။ ကိုလံဘိုပညာသင်ဆု (Colombo Scholarship) ရရှိကြသော သြစတြေးလျအမျိုးသားတက္ကသိုလ် (Australia National University) နှင့် မိုနာတက္ကသိုလ် (Monash University)၊ ဂျပန်နိုင်ငံအခြေစိုက် ချိုတက္ကသိုလ် (Chuo University)နှင့် နာဂိုယာ တက္ကသိုလ် (Nagoya University)၊ ဂျာမနီနိုင်ငံအခြေစိုက် ပါဆောင်း တက္ကသိုလ် (Passau University)၊ တရုတ်နိုင်ငံ ယူနန်တက္ကသိုလ် (Yunnan University) နှင့် ကိုရီးယား နိုင်ငံအခြေစိုက် ဟန်ဉာဏ်တက္ကသိုလ် (Hannyang University) မှ ကျောင်းသား ကျောင်းသူများ ဖြစ်ကြသည်။
နွေရာသီသင်တန်း
ဆရာ ဆရာမများ၏ သုတေသနအရည်အသွေးများ ပိုမိုမြင့်မားစေရန် ရည်ရွယ်ချက်ဖြင့် ပညာတော်သင်များ စေလွှတ်လျက်ရှိရာ မြန်မာနိုင်ငံ အသွင် ကူးပြောင်းပြီးကာလနောက်ပိုင်း ဗဟိုဥရောပတက္ကသိုလ် (Central European University) သို့သွားရောက်သော ဆရာ ဆရာမ (IR research fellows) ငါး ဦး၊ သြစတြေးလျအမျိုးသားတက္ကသိုလ်မှ မဟာဘွဲ့ရရှိသူ သုံးဦး၊ ဂျပန်နိုင်ငံမှ မဟာဘွဲ့ရရှိသူ ငါးဦးရှိခဲ့ပြီ ဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ်သည် နိုင်ငံတကာ အဆင့်မီတက္ကသိုလ်အဖြစ် ပြန်လည်အဆင့်မြှင့်တင်ရန် ဆရာ ဆရာမများ၏ သင်ကြားမှုစွမ်းရည်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၁၃ ခုနှစ်မှ စတင်ကာ အရည်အသွေးမြှင့်တင်မှုသင်တန်းအဖြစ် နွေရာသီသင်တန်း (Summer School Program) ကို နှစ်စဉ် မေလ၌ နှစ်ပတ်ကြာသင်တန်းပြုလုပ်ပါသည်။ ထိုသင်တန်းကို နိုင်ငံတကာပညာရှင်များ ဖိတ်ခေါ်သင်ကြားစေခဲ့ရာ စုစုပေါင်းပညာရှင် ၂၀ ကျော် လာရောက်သင်ကြားခဲ့ပါသည်။
အရည်အသွေးပြည့်ဝသော သုတေသနပြုလုပ်မှုအခွင့်အလမ်းများ ပိုမို ပေါ်ထွက်လာရေး၊ သုတေသန ထုတ်ဝေခွင့်ရရှိရေး၊ နိုင်ငံတကာနှင့်ချိတ်ဆက် နိုင်ရေး ရည်ရွယ်ချက်ဖြင့် အပြည်ပြည်ဆိုင်ရာ ဆွေးနွေးပွဲများ လက်ခံကျင်းပ ခြင်းများ၊ အပြည်ပြည်ဆိုင်ရာ ဆွေးနွေးပွဲများသို့ စေလွှတ်ခြင်းများ ပြုလုပ် လျက်ရှိရာ ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာ ဆွေးနွေးပွဲများကို အိမ်ရှင်အဖြစ် သုံးကြိမ်တိုင် လက်ခံကျင်းပခဲ့ပါသည်။
(က) “State of Peace in Asia” ညီလာခံကို သြစတြေးလျအမျိုးသားတက္ကသိုလ် နှင့်ပူးပေါင်း၍ ၂၀၁၇ ခုနှစ် မတ်လ ၁၅၊ ၁၆ ရက်တွင်လည်းကောင်း၊
(ခ) “Opportunities and Challenges of Democratization in Myanmar” ညီလာခံကို Passau University, Germany နှင့် Yunnan University, Institute of Myanmar Studies တို့ ပူးပေါင်း၍ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၃၊ ၁၄ ရက်တွင်လည်းကောင်း၊
(ဂ) “Managing Challenges during Myanmar’s Transition” ညီလာခံကို Australia National University၊ Yunnan University တို့နှင့်ပူးပေါင်း၍ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၅၊ ၆ ရက်တို့တွင်လည်းကောင်း အသီးသီးကျင်းပ နိုင်ခဲ့ပါသည်။
နိုင်ငံတကာဆက်ဆံရေးပညာဌာနအနေဖြင့် သုတေသနနယ်ပယ်အဖြစ် ဘာသာခွဲအလိုက် အထူးပြုသော သုတေသန၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာသုတေသန၊ ကျား/မ တန်းတူမှုဆိုင်ရာသုတေသန၊ အာဆီယံနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ သုတေသန၊ နိုင်ငံခြားရေးမူဝါဒကို ချဉ်းကပ်သော သုတေသနများစွာကို ရေးသားပြီး၊ ရေးသားဆဲ ဖြစ်ပါသည်။ အချို့ သောသုတေသနများကို နိုင်ငံတကာ ထုတ်ဝေမှုတွင်လည်းကောင်း၊ ပြည်တွင်း ထုတ်ဝေမှုတွင်လည်းကောင်း ရန်ကုန်တက္ကသိုလ်၏ အင်တာနက်ကွန်ရက် စာမျက်နှာ (Internet Web page) တွင် Link ချိတ်ဆက်၍ဖတ်ရှုနိုင်ပါသည်။
သုတေသနပြုလုပ်ခြင်းမှာ တက္ကသိုလ်များ၏ အသက်ဖြစ်ပါသည်။ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေး (Research and Development) အသုံး စရိတ်အများဆုံးနိုင်ငံများကို အောက်ပါဇယားများတွင် တွေ့ရှိနိုင်ပါသည်။ ဇယားများအရ မြန်မာနိုင်ငံ၏သုတေသနအသုံးစရိတ်မှာ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အလွန်နည်းနေပါသေးသည်။
စာမျက်နှာ ၇ သို့vSource – UNESCO/World Bank, 2020
တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်အောင်စာရင်းများ ထုတ်ပြန်ကြေညာပြီးဖြစ်ရာ ထုံးစံအတိုင်း ထူးချွန်သော ကျောင်းသား ကျောင်းသူအများစုသည် ဆေးတက္ကသိုလ်များသို့ စုပြုံလျှောက်ထားသည်ထက် နိုင်ငံတော်အတွက် အရေး ကြီးသော ဘာသာရပ်များ တက်ရောက်သင်ယူလာစေရန် ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးလျှောက်ထားသူများကို အလုပ်အကိုင်အခွင့်အလမ်းနှင့် စကောလားရှစ်များပေး၍ စည်းရုံးခြင်းဖြင့် လူတော်များ တက္ကသိုလ်များရှိ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးတကြီးလိုအပ်လျက်ရှိသော ဘာသာရပ်ပေါင်းစုံတွင် သင်ကြားသင်ယူလေ့လာနိုင်ပြီး ဘွဲ့ရပြီးပါက နိုင်ငံတော်အတွက် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍများတွင် တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ပါကြောင်း အကြံပြုအပ်ပါသည်။ ယခု ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်များရှိဘာသာများတွင် ထူးချွန်ကျောင်းသား ပညာသင်ဆုပေးနေသည်ဟု သိရှိရပါသည်။ ကျွန်တော်ဆိုလိုသည်မှာ ဤဘာသာများတွင်သာမဟုတ်ပါ ကျန်းမာရေးသိပ္ပံ (Health Science)၊ စီးပွားရေး (Economics and Business Studies)၊ ပညာရေး (Education)၊ အင်ဂျင်နီယာ (Engineering)၊ ကွန်ပျူတာသိပ္ပံ (Computer Science)၊ သတင်းအချက်အလက်နည်းပညာ (Information Technology)၊ စိုက်ပျိုးရေး (Agriculture)၊ မွေးမြူကုသရေး (Veterinary Medicine)၊ သစ်တောနှင့်ပတ်ဝန်းကျင်သိပ္ပံ (Forestry and Environmental Science)၊ ရေကြောင်းအင်ဂျင်နီယာ (Marine Engineering)၊ ဘာသာစကားနှင့်ယဉ်ကျေးမှု (Language and Culture)၊ တိုင်းရင်းဆေး (Traditional Medicine)၊ ကမ္ဘာလှည့်ခရီးသွားနှင့်ဟိုတယ်များ စီမံ ခန့်ခွဲရေးလုပ်ငန်း (Tourism and Hospitality Management)၊ ဘဏ်လုပ်ငန်း (Banking)၊ အစားအသောက်သိပ္ပံနှင့် နည်းပညာ (Food Science and Technology)၊ ငါးလုပ်ငန်းပညာ (Fishery and Aquatic Science)၊ ဥပဒေ (Law) စသည်ဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးတကြီးလိုအပ်လျက်ရှိသော ဘာသာရပ်ပေါင်းစုံကို ထူးချွန်ပညာ သင်ဆုများ (Best Scholarship Awards) ထိုက်ထိုက်တန်တန်ပေးမည်ဆိုပါက ထူးချွန်ကျောင်းသား ကျောင်းသူများ ဘာသာရပ်ပေါင်းစုံတွင် လေ့လာသင်ကြားနိုင်ပါမည်။
တက္ကသိုလ်ရှိ ဆရာ ဆရာမများ အရည်အသွေးမြင့်မားစေရန်အတွက်လည်း နိုင်ငံတကာရှိဘာသာရပ်အလိုက် နာမည်ကျော်ကြားနေသောတက္ကသိုလ်များသို့ စေလွှတ်နိုင်ပါသည်။
ဥပမာ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံပညာဘာသာရပ် (International Relations and Political Science Subjects) အတွက် ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်များမှာ -
(၁) အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ် (Harvard University, USA ) ဤ တက္ကသိုလ်ရှိ ဝိဇ္ဇာ၊ သိပ္ပံ မဟာဌာန (Faculty of Arts and Scienes) အောက်ရှိ အုပ်ချုပ်ပုံနည်းစနစ်ဌာန (Department of Government) နှင့် ဟားဗတ်ကနေဒီအုပ်ချုပ်မှုဆိုင်ရာ အဆင့်မြင့်ကျောင်း (Harvard Kennedy School of Government) တွင်လည်းကောင်း၊
(၂) အမေရိကန်နိုင်ငံ ပရင်စီတန်တက္ကသိုလ် (Princeton University, USA) နိုင်ငံရေးပညာဌာန (Department of Politics) အောက်ရှိ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဘာသာခွဲ (International Relations Option) တွင် လည်းကောင်း၊
(၃) ပြင်သစ်နိုင်ငံ ပိုသိပ္ပံတက္ကသိုလ် (Sciences Po University, France) ရှိ ပဲရစ်အပြည်ပြည်ဆိုင်ရာ အဆင့်မြင့် သင်တန်းကျောင်း (The Paris School of International Affairs) အောက်တွင်လည်းကောင်း၊
(၄) ယူကေနိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ် (University of Oxford, UK) ရှိ ဒဿနိကဗေဒ၊ နိုင်ငံရေးပညာနှင့် စီးပွားရေးပညာဘာသာတွဲ (Philosophy, Politics and Economics – PPE Option) အောက်တွင် လည်းကောင်း၊
(၅) လန်ဒန်စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံအဆင့်မြင့်ကျောင်း (The London School of Economics and Political Sciences) အောက်ရှိ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးမှု ဘာသာရပ် (International Development) အောက်တွင် လည်းကောင်း၊
(၆) သြစတြေးလျနိုင်ငံ အမျိုးသားတက္ကသိုလ် (Australian National University) ဝိဇ္ဇာ၊ လူ့ဘောင်အဖွဲ့အစည်း၊ ယဉ်ကျေးမှုနယ်ပယ် (Arts, Society and Culture Areas) အောက်ရှိ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေး ပညာဘာသာရပ် (International Relations and Political Studies) အောက်တွင်လည်းကောင်း စသည်ဖြင့် စေလွှတ်သင်ကြားပေးပါက တက္ကသိုလ်အတွက်၊ နိုင်ငံတော်အတွက် အတွေ့အကြုံများစွာရှိသော ပညာရှင်များ မွေးမြူနိုင်ပါမည်။ (ရန်ကုန်တက္ကသိုလ်မှ သမ္မတပညာသင်ဆုဖြင့် နိုင်ငံရေးသိပ္ပံကျောင်းသူနှစ်ဦးအား သြစတြေးလျ အမျိုးသားတက္ကသိုလ် (Australia National University) နှင့် အိုရီဂွန်ပြည်နယ်တက္ကသိုလ် (Oregon State University) သို့ စေလွှတ်ပညာသင်စေခဲ့ရာ နိုင်ငံရေးသိပ္ပံပြည်ပဘွဲ့ရ နှစ်ဦးကို ပထမဆုံး မွေးထုတ်နိုင်ခဲ့ပါသည်)
အကျိုးဆက်အဖြစ် ဆရာ ဆရာမများအနေဖြင့် ပညာရပ်နှင့်သက်မွေးကျောင်း ဆက်စပ်နိုင်သော သင်ရိုးလမ်းညွှန်များ၊ သင်ခန်းစာအစီအစဉ်များ ရေးဆွဲသင်ကြားနေပြီဖြစ်ပါသည်။ ပြောင်းလဲလာသောခေတ်စနစ်နှင့်အညီ သင်ကြားလျက်ရှိသော အဓိကဘာသာရပ်များမှာ စစ်အေးကာလနှင့် စစ်အေးလွန်ကာလ နိုင်ငံတကာဆက်ဆံရေး၊မျက်မှောက်ခေတ်ပြောင်းလဲလာသော နိုင်ငံတကာဆက်ဆံရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဖြေရှင်းရေး၊ နိုင်ငံရေးနှင့် ဆက်နွှယ်နေသော စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေးသီအိုရီများ၊ အတွေးအခေါ်များ၊ အဖွဲ့အစည်းများ ဖြစ်သော ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံနှင့်မြန်မာနိုင်ငံဆက်ဆံရေး၊ သုတေသနနည်းနာ၊သံတမန်ရေးရာ၊ အရှေ့တောင်အာရှနိုင်ငံများ၏ နိုင်ငံရေးစနစ်များ၊ အင်အားကြီးနိုင်ငံများ၏ နိုင်ငံခြားရေးမူဝါဒ အစရှိသည်တို့ကို နိုင်ငံတကာသင်ရိုးများနည်းတူ သင်ကြားပေးလျက်ရှိပါသည်။
နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံပညာဘာသာရပ်အား စိတ်ဝင်စားမှုကြောင့် တစ်ကြောင်း၊ နိုင်ငံတော် အတွက်အကျိုးပြုနိုင်သည်ကတစ်ကြောင်း အခြားသော ဝန်ကြီးဌာနများ၏ ကမ်းလှမ်းမှုကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာနများရှိ အဆင့်မြင့် အရာရှိကြီးများကို သင်ခန်းစာပို့ချပေးခြင်း၊ ပြည်ထောင်စုရာထူးဝန်နှင့် ပြန်ကြားရေးဝန်ကြီးဌာနများကို အကြံပြု ဆွေးနွေးမှုများဖြင့် ကူညီလျက်ရှိပါသည်။
သို့ဖြစ်ပါ၍ ကိုဗစ်အလွန်ကာလများတွင် မြန်မာနိုင်ငံတက္ကသိုလ်များ၌ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် ဤကဲ့သို့ အသုံးချဘာသာရပ်များစွာ သင်ကြား၊ သုတေသနပြုကြရင်း အားကြိုးမာန်တက် ဆောင်ရွက်နိုင်ကြပါစေဟူ၍ ဆန္ဒပြုလိုက်ရပါသည်။ ။
- Log in to post comments