
ခန့်ဇော်(ကျေးလက်)
သမဝါယမကို အဓိပ္ပာယ်ဖွင့်ကြည့်ရင် “သမ” ဆိုတာ မျှတတာ၊ “ဝါယမ”ဆိုတာက အားစိုက်ဆောင်ရွက်တာ၊ ပြည့်စုံတဲ့အဓိပ္ပာယ်ဆိုရင်တော့ စိတ်တူ ကိုယ်တူရှိတဲ့သူတွေကို မျှမျှတတပူးပေါင်းထားပြီး အားစိုက်ဆောင်ရွက်ခြင်းလို့ နားလည်ပါတယ်။ သမဝါယမဆိုတာ စုပေါင်းဆောင်ရွက်ခြင်းလို့လည်း ပြောလို့ ရပါတယ်။
ဘယ်လိုလူတွေ စိတ်တူကိုယ်တူဖြစ်ဖို့လိုတာ လဲ။ ဘာကြောင့် စိတ်တူကိုယ်တူဖြစ်ရန် လိုတာလဲ မေးစရာရှိပါတယ်။ စုပေါင်းပြီး စီးပွားရေးလုပ် တာဆိုတော့ စိတ်တူကိုယ်တူဖြစ်မှ တိုင်ပင် ဆွေးနွေးညှိနှိုင်းလို့ရမှာဖြစ်တယ်။ သို့မဟုတ်ပါက တစ်ယောက်တစ်ပေါက်နဲ့ အလုပ်မဖြစ်နိုင်ပါ။ ထို့ကြောင့် တကယ်လုပ်မယ့် စိတ်တူကိုယ်တူ အဖွဲ့တွေ စုဖွဲ့ဆောင်ရွက်ဖို့ လိုပါတယ်။ ဖွဲ့တာတွေ ဟုတ်ပါပြီ “ဝါယမ” အားစိုက်ဆောင်ရွက်မှုမရှိ၊ ကြိုးစားအားထုတ်မှုမရှိ၊ ချေးငွေရရုံသက်သက် အနှစ်သာရကို နားမလည်ရင် ဖွဲ့တာပဲရှိမယ်၊ ဘာမှ ဖြစ်လာမှာမဟုတ်၊ လုပ်ချင်တဲ့ စီးပွားရေးလုပ်ငန်း ကို အသင်းသားတွေရော အမှုဆောင်တွေရော အားတက်သရောနဲ့ စီးပွားရေးဆန်ဆန် ကိုယ့် စီးပွားရေးလို၊ ကိုယ့်အလုပ်လို အားစိုက်ဆောင်ရွက် မှသာ အောင်မြင်မှာဖြစ်ပါတယ်။ သမဝါယမဖွဲ့စည်း ဆောင်ရွက်ခြင်းက ဘာအကျိုးကျေးဇူးတွေ ရမှာလဲ ဆိုရင် စုပေါင်းလိုက်တဲ့အတွက် (၁) အင်အားဖြစ်စေ ပါတယ်၊(၂) ကုန်ကြမ်းစုစည်းနိုင်မယ်၊ (၃) ဈေးကွက် စုစည်းနိုင်မယ်၊ (၄) သွင်းအားစုအတွက် ဈေးနှုန်းနှင့် အရည်အသွေး အာမခံနိုင်မယ်၊ (၅) ငွေကြေးအရင်း အနှီးရနိုင်မယ်၊ ဒါတွေကတော့ တစ်ဦးချင်းထက် အသင်းအနေဖြင့်ရနိုင်မယ့် အကျိုးကျေးဇူးတွေ ဖြစ်ပြီး သမဝါယမဥပဒေ၊ ဘောင်အတွင်းမှ စည်းကမ်းတကျ ဆောင်ရွက်နိုင်သလို ဥပဒေအရ ရပိုင်ခွင့်နဲ့ အကာအကွယ်တွေကိုလည်း ရနိုင်မှာ ဖြစ်ပါတယ်။
ဈေးကွက်ကိစ္စပြောရရင် တောင်သူ/ထုတ်လုပ် သူ တစ်ယောက်တစ်မျိုးစီ စိုက်ပျိုးထုတ်လုပ်မယ် ဆိုရင် အရင်းအနှီးမလုံလောက်မှု၊ ကုန်ကြမ်းမလုံ လောက်မှု၊ သွင်းအားစု မရရှိမှု/ မလုံလောက်မှု ဈေးကွက်ချိတ်နိုင်မှုမရှိခြင်း၊ ယှဉ်ပြိုင်မှုတွေဟာ တစ်ဦးတစ်ယောက်ချင်းစီမှာ တွေ့ရတဲ့ အခက်အခဲ တွေဖြစ်ပါတယ်။ ထုတ်လုပ်ရောင်းချမှု Supply Chain တစ်ခုလုံးကို ခြုံငုံစဉ်းစားရင် သမဝါယမ အသင်းများ ဖွဲ့စည်းဆောင်ရွက်ခြင်းဟာ ပိုကောင်း၊ ပိုအကျိုးများတာ ဖြစ်ပါတယ်။ တကယ်လုပ်မယ့် သူတွေဖွဲ့ပြီး တကယ်လုပ်ကြဖို့တော့ လိုပါတယ်။
၂၀၁၆ ခုနှစ်မှာ သမဝါယမဝန်ကြီးဌာနရယ်၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးဝန်ကြီးဌာနရယ်၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့ပေါင်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဖွဲ့ပါတယ်။ ဝန်ကြီးဌာန တစ်ခုတည်း ဖြစ်လာချိန်မှာ သမဝါယမအကြောင်း ပိုသိခွင့်ရလာခဲ့ပါတယ်။ ငါးနှစ်တာကာလအတွင်း အတူတကွ ဆောင်ရွက်ကြရင်း သိလာရတာက ယခင်ကြားထားတဲ့ သတင်းအချက်အလက်တွေ၊ အပြင်မှာ ပြောနေကြတာတွေက အားလုံးမမှန်ပါ ဘူး။ လုပ်နည်းကိုင်နည်းတွေနဲ့ စနစ်ပုံစံတွေ ပြောင်းလာပါတယ်။ စနစ်ရယ်၊ လုပ်ထုံးလုပ်နည်း တွေရယ်၊ လမ်းညွှန်ချက်တွေ အားလုံးကောင်းပါ တယ်။ လိုက်လုပ်တဲ့အသင်းတွေ၊ အသင်းစုချုပ်တွေ နဲ့ စီမံခန့်ခွဲသူတွေအပေါ် မူတည်ပြီး အားနည်းချက်၊ အားသာချက်ရှိပါတယ်။ ဝန်ကြီးရဲ့လမ်းညွှန်ချက်နဲ့ ပိုမိုအားကောင်းပြီး အလားအလာရှိတဲ့ သမဝါယမ အသင်း၊ ကုန်ထုတ်လုပ်မှုအသင်း စံပြ Model တွေ အကောင်အထည်ပေါ်လာတာ တွေ့ရပါတယ်။ စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်မှုတွေမှာ သမဝါယမ အသင်းတွေ တကယ်လုပ်တာကို တွေ့ခဲ့ရပါတယ်။ ဥပမာ - စပါးဈေးကျချိန်မှာ သမဝါယမအသင်းတွေ၊ အသင်းစုချုပ်တွေ၊ ဗဟိုသမဝါယမအသင်းတို့က ဝန်ကြီးဌာန၊ ဦးစီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ No Profit, No Loss အစီအစဉ်နဲ့ သင့်တင့်တဲ့ဈေးနဲ့ ဝင်ရောက်ဝယ်ယူ ထိန်းသိမ်းပေးလို့ ဈေးကို ထိန်းညှိ ပေးနိုင်ခဲ့တာ တွေ့ရပါတယ်။
ကိုဗစ်ကာလမှာ ဒေသအလိုက်ထွက်ကုန်တွေ Logistic အခက်အခဲအရ ဈေးကွက်မရ ဖြစ်နေချိန် မှာ ဒေသအလိုက် သမဝါယမအသင်း၊ အသင်းစုများ မှ အပြန်အလှန် စိုက်ပျိုးရေးထွက်ကုန်များကို ပေးပို့ ဖြန့်ဖြူးနိုင်တဲ့အတွက် ဈေးကွက်ရသလို အမြတ်များ မယူဘဲ ကုန်ကျစရိတ်ကာမိရုံသာ ဆောင်ရွက်ခဲ့တဲ့ အတွက် ပြည်သူတွေ အဆင်ပြေခဲ့ပါတယ်။ ယခု Third Wave အတွင်း တနင်္သာရီတိုင်းဒေသကြီးရဲ့ ဆန်မဖူလုံမှုနဲ့ ဆန်ဈေးကြီးမှုကို အဆင်ပြေစေဖို့ ဧရာဝတီတိုင်းအသင်းစုချုပ်နဲ့ တနင်္သာရီတိုင်း အသင်းစုချုပ်တို့ ပူးပေါင်းပြီး ဧရာဝတီမှ ဆန်ကို တနင်္သာရီပို့တယ်။ ၎င်းတို့ရဲ့ ရန်ပုံငွေနဲ့ အသုံးပြုခဲ့ကြ တာဖြစ်တယ်။ အမှန်ကုန်ကျငွေ ကာမိရုံသာ၊ ရေတပ်ကလည်း သင်္ဘောကူညီခဲ့တဲ့အတွက် ဆန်ဈေးသက်သာစေခဲ့ပါတယ်။
ရည်မှန်းချက် (Mission)
သမဝါယမဦးစီးဌာန၏ ရည်မှန်းချက် (Miss-ion) မှာ စိတ်ဆန္ဒတူသူများဖြင့် ဖွဲ့စည်းထားသော ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှု သမဝါယမအသင်းများက မိမိတို့အသင်း၏ စီးပွား ရေးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုဆောင်ရွက်ရန်ဖြစ်လို့ တကယ့်စိတ်တူ ကိုယ်တူတွေနဲ့ ဖွဲ့စည်းဆောင်ရွက်ဖို့ လိုပါတယ်။
Action Plan (၈) ရပ်
သမဝါယမလုပ်ငန်းများနှင့် သမဝါယမစနစ် ဖွံ့ဖြိုးရေးအတွက် သမဝါယမဦးစီးဌာနအနေနဲ့ Plan (၈) ရပ် ဖြစ်တဲ့ သမဝါယမအသင်းများ ဖွဲ့စည်းခြင်း လုပ်ငန်း၊ အသေးစားအရင်းအနှီးချေးငွေ ထုတ်ချေး ခြင်းလုပ်ငန်း၊ စက်ကိရိယာများ အရစ်ကျငွေချေစနစ် (Hire Purchase System) ဖြင့် ရောင်းချပေးခြင်း လုပ်ငန်း၊ စက်မှုလယ်ယာစနစ် ကူးပြောင်းနိုင် ရေးအတွက် မြေယာပြုပြင်ခြင်းလုပ်ငန်း၊ လယ်ယာ အထောက်အကူပြုဝန်ဆောင်မှု သမဝါယမအသင်း များ ပေါ်ပေါက်လာရေးနှင့် လယ်ယာသွင်းအားစုများ ဖြန့်ဖြူးပေးနိုင်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှု သမဝါယမအသင်းများ အား အဆင့်မြှင့်တင်ပေးခြင်းလုပ်ငန်း၊ အကူအညီ အထောက်အပံ့နှင့် ငွေကြေးအရင်းအနှီး ရယူ ဆောင်ရွက်ခြင်းလုပ်ငန်း၊ သမဝါယမပညာပေးရေး ဆောင်ရွက်ခြင်းလုပ်ငန်း (Capacity Building) တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။
သမဝါယမဦးစီးဌာနအနေဖြင့် ယနေ့အထိ သမဝါယမအသင်းပေါင်း ၃၉၃၉၉ သင်း ဖွဲ့စည်းထား ရှိပြီး အဆိုပါအသင်းများမှာ ကုန်ထုတ်လုပ်မှုအသင်း ၈၁ ရာခိုင်နှုန်း၊ ကုန်သွယ်မှုအသင်း ၈ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုအသင်း ၁၁ ရာခိုင်နှုန်း ပါဝင်ဖွဲ့စည်း လျက်ရှိကြောင်း တွေ့ရှိရပါတယ်။
ကုန်ထုတ်လုပ်မှုအသင်းများတွင် စိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်း ၂၃၀၈၉ သင်း၊ မွေးမြူရေးကုန်ထုတ်သမဝါယမအသင်း ၃၅၉၉ သင်း၊ လယ်ယာအထောက်အကူပြု သမဝါယမ အသင်း ၄၉ သင်းနှင့် မြို့နယ်စုလုပ်ငန်းခွဲ ၁၁၃ သင်း၊ ပေါင်း ၁၆၂ သင်း၊ မျိုးစေ့ထုတ်သမဝါယမ အသင်း ၁၈၇ သင်း ပါဝင်ဖွဲ့စည်းထားမှု တွေ့ရှိရပါ တယ်။ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း များအနေဖြင့် အသင်းပိုင်/အသင်းသားပိုင်လယ်ယာ မြေ ၁၇၄၈၂ ဒသမ ၀၆၁ ဧကမှ သီးနှံများ စိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့လိုအပ်သော စိုက်ပျိုးစရိတ်ချေးငွေကျပ် ၃၃၁ ဒသမ ၉၇၂ ဘီလီယံကို ထုတ်ချေးထားတာ တွေ့ရှိရ ပါတယ်။
ဖွဲ့စည်းပြီး လယ်ယာကုန်ထုတ်လုပ်မှု သမ ဝါယမအသင်းများအနေနဲ့ စနစ်တကျ ဖွဲ့စည်း ထူထောင်ထားတဲ့ ဖွဲ့စည်းမှုခိုင်မာသောအသင်းများ ဖြစ်လာစေရေးနဲ့ စုပေါင်းစွမ်းအားကို အခြေပြုတဲ့ ရောင်းလိုအားတစ်ရပ် ဖြစ်ပေါ်လာခဲ့ရင် ရောင်းသူ ဈေးကွက် (Bargaining Power) ရရှိမှာဖြစ်သလို မိမိတို့ ကုန်ထုတ်လုပ်ငန်းအတွက် လိုအပ်တဲ့ သွင်းအားစုများကိုလည်း စုပေါင်းဝယ်ယူခြင်းဖြင့် သမဝါယမအသင်းဘက်က ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိစေတဲ့ ဝယ်လိုအားတစ်ရပ် ဖြစ်ပေါ်လာ နိုင်တဲ့ အသင်းများအဖြစ် ဖွဲ့စည်းဆောင်ရွက်သွားကြ ရမှာပဲ ဖြစ်ပါတယ်။
သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နှင့်ပတ်သက်၍ မြေပြင်တွင် စိုက်ပျိုးသီးနှံအလိုက် အစုအဖွဲ့၊ အသင်းအဖွဲ့အဖြစ် တည်ရှိနေမှုများအား တောင်သူများရဲ့ လိုအပ်ချက်ကို အခြေခံပြီး သမ ဝါယမအသင်း ဖွဲ့စည်းခြင်း၏ အကျိုးကျေးဇူး၊ သမဝါယမသဘောတရား၊ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ သမဝါယမ လုပ်ငန်းစနစ်နှင့် စည်းမျဉ်းစည်းကမ်းများကို တောင်သူများ နားလည်သဘောပေါက်အောင် ရှင်းလင်းဆွေးနွေးပြီး သမဝါယမအသင်းများအဖြစ် ဖွဲ့စည်းဆောင်ရွက်သွားကြရန် အရေးကြီးပါတယ်။
ကိုဗစ် - ၁၉ နှင့် သမဝါယမဆောင်ရွက်ချက်များ
ကိုဗစ်ကာလအတွင်း အများပြည်သူများ ဈေးနှုန်းသက်သာစွာ စားသုံးနိုင်ရေးနှင့် ကုန် ဈေးနှုန်း တည်ငြိမ်ရေးတို့အတွက် သမဝါယမမှ ပြည်သူအကျိုးကို ဆောင်ရွက်ပေးတဲ့အနေနဲ့ တနင်္သာရီတိုင်းအသင်းစုချုပ်မှ မကွေး၊ မွန်၊ ရှမ်းနှင့် ဧရာဝတီအသင်းစုချုပ်တို့နဲ့ ချိတ်ဆက်ပြီး အခြေခံ စားကုန်များကို အောက်ပါအတိုင်း ရောင်းချပေး နိုင်ခဲ့ပါတယ် -
(က) မကွေးတိုင်း သမဝါယမအသင်းစုချုပ်နှင့် ချိတ်ဆက်ပြီး ကြက်သွန်နီပိဿာ ၇၅၀၀ ဖြန့်ဖြူးဆောင်ရွက်နိုင်ခဲ့ပါ တယ်။
(ခ) မွန်ပြည်နယ် အသင်းစုချုပ်နှင့် ချိတ်ဆက်ပြီး ပုဇွန် (၂) ကောင် ဆီ တစ်လီတာ တစ်ဘူးလျှင် ငွေကျပ် ၁၀၀ နှင့် ပုဇွန် (၂) ကောင်ဆီ နှစ် လီတာ တစ်ဘူးလျှင် ငွေကျပ် ၃၀၀ သက်သာ အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
(ဂ) ရှမ်းပြည်နယ် အသင်းစုချုပ်နှင့် ချိတ်ဆက်ပြီး အာလူးပိဿာ ၇၅၀၀ နှင့် ကြက်သွန်နီပိဿာ ၂၂၅၀ ဖြန့်ဖြူးဆောင်ရွက်နိုင်ခဲ့ပါတယ်။
(ဃ) ဧရာဝတီတိုင်း အသင်းစုချုပ်နှင့် ချိတ်ဆက်ပြီး ပေါ်ဆန်းဆန် ၂၄ ပြည် အိတ် ၂၀၀ အား ဖြန့်ဖြူးပေးနိုင်ခဲ့ခြင်း၊ ဇီယာဆန် ၂၄ ပြည် တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀ သက်သာစေ ပြီး ဇီယာ ဆန် ၂၄ ပြည် အိတ် ၅၄၀ အတွက် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း၊ ပဲဆီ တစ် လီတာဘူး တစ်ဘူးလျှင် ငွေကျပ် ၇၀၀ သက်သာစေခြင်း နှင့် ပဲဆီ နှစ်လီတာ ဘူး တစ်ဘူးလျှင် ငွေကျပ် ၁၅၀၀ သက်သာအောင် ဆောင်ရွက်နိုင်ခဲ့ ပါတယ်။
(င) တနင်္သာရီတိုင်းဒေသကြီး အတွင်း ကြက်ဥ အလုံးပေါင်း ၁၀၀၀၀၀ ဆောင်ရွက်နိုင်ခဲ့ပါတယ်။
သီးနှံများ ရောင်းချခြင်း
ကိုဗစ်ကာလအတွင်း ဂေါ်ဖီ၊ အာလူး၊ကြက်သွန် များ လေလွင့်ဆုံးရှုံးပျက်စီးမှုများ မဖြစ်စေရန် ပြည်နယ်/ တိုင်းဒေသကြီး သမဝါယမအသင်းစု ချုပ်များမှ ကွန်ရက်ချိတ်ဆက်ပြီး စီစဉ်ဆောင်ရွက်၍ အောက်ပါအတိုင်း ပြည်သူအကျိုးပြု ဆောင်ရွက်နိုင် ခဲ့ပါတယ် -
(က) ရှမ်းပြည်နယ်မှ ထွက်သည့် ဂေါ်ဖီထုပ် ၁၀၀၅၀၀ ထုပ်ကို တိုင်းဒေသကြီး/ ပြည်နယ် ၁၁ ခု၊ မြို့နယ် ၅၆ မြို့နယ် သို့ ဒေသပေါက်ဈေး ထက်ဝက်ခန့် လျှော့၍ ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။
(ခ) မကွေးတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးမှ ထွက်သည့် ကြက် သွန်နီပိဿာ ၁၂၆၇၉၀ ကို တိုင်းဒေသ ကြီး/ ပြည်နယ် ၁၀ ခု၊ မြို့နယ် ၁၃၆ မြို့နယ်သို့ ဒေသပေါက်ဈေး ထက်ဝက် ခန့်လျှော့၍ ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။
(ဂ) ရှမ်းပြည်နယ်မှ ထွက်သည့် ကြက်သွန် ဖြူဥ တစ်လုံး ပိဿာ ၂၅၂၀ နှင့် ကြက် သွန်ဖြူအမြွှာ ၁၉၆၈၄ ပိဿာကို တိုင်း ဒေသကြီး/ ပြည်နယ် ရှစ်ခု၊ မြို့နယ် ၈၂ မြို့နယ်သို့ ဒေသပေါက်ဈေးထက် သက်သာသောနှုန်းဖြင့် ဖြန့်ဖြူးပေး နိုင်ခဲ့ပါတယ်။
(ဃ) ရှမ်းပြည်နယ်မှ ထွက်သည့် အာလူး ၄၅၅၃၉ ပိဿာကို တိုင်းဒေသကြီး/ ပြည်နယ် ကိုးခုရှိ၊ မြို့နယ် ၁၁၁ မြို့နယ် သို့ ဒေသပေါက်ဈေးထက် သက်သာ သော နှုန်းဖြင့် ဖြန့်ဖြူးပေးနိုင်ခဲ့ပါ တယ်။
စပါးရောင်းချခြင်း
သမဝါယမကဏ္ဍမှ အသင်းသားတောင်သူများ ၏ စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အကျိုးဖြစ် ထွန်းစေရန်၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရန်၊ စပါးဈေးသင့်တင့်မျှတသည့် ဈေးနှုန်းဖြစ်ပေါ် စေရန်တို့အတွက် ဆန်းစပါးဝယ်ယူရောင်းချရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိ၍ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ စံချိန်စံညွှန်းများ နှင့် ကိုက်ညီသည့် တစ်တင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ၏ အခြေခံရည်ညွှန်းစပါး ဈေးနှုန်း သတ်မှတ်ချက်၊ ဒေသနှင့်သင့်လျော်သည့် ဈေးနှုန်း အတိုင်း စပါးဝယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲ ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို လုပ်ငန်းကော်မတီ များ၊ မြို့နယ်နဲ့ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းပြီး စပါးမပေါ်မီ ကြိုတင်ငွေပေးသည့်နည်းလမ်းနှင့် စပါးကို ကာလ ပေါက်ဈေး ဝယ်ယူသည့် နည်းလမ်းများဖြင့် အရှုံးမရှိ အောင် တိုင်းဒေသကြီး/ ပြည်နယ်အသင်းစုချုပ် အချင်းချင်း ကွန်ရက်ချိတ်ဆက်၍ စပါးဈေးမကျ အောင်၊ အနှိမ်မခံရအောင် နှစ်အလိုက် စဉ်ဆက် မပြတ် ဆောင်ရွက်ခဲ့သဖြင့် စပါးဈေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။
၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော် မှ အခြေခံရည်ညွှန်းစပါးဈေးနှုန်းတင်း ၁၀၀ လျှင် ငွေကျပ် ၅၀၀၀၀၀ သတ်မှတ်ထားသော်လည်း ပုဂ္ဂလိကများမှ လိုက်လံဝယ်ယူသည့်အခါ စပါး ဈေးနှုန်းများ အဆမတန် မြင့်တက်နေချိန်တွင် သမဝါယမကဏ္ဍမှ ပဲခူးတိုင်းဒေသကြီး မြို့နယ် လေးမြို့နယ်တွင် စပါးဈေးနှုန်းတည်ငြိမ်မှု ရရှိစေ ရန် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်မှ အခြေခံရည်ညွှန်းစပါးဈေးနှုန်းတင်း ၁၀၀ လျှင် ငွေကျပ် ၅၂၀၀၀၀ သတ်မှတ်ထားသော်လည်း ပုဂ္ဂလိကများမှ လိုက်လံဝယ်ယူသည့်အခါ စပါး ဈေးနှုန်းများ အဆမတန် မြင့်တက်နေချိန်တွင် သမဝါယမကဏ္ဍမှ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ရှမ်း၊ ဧရာဝတီနှင့် နေပြည်တော် စသည့် တိုင်းဒေသကြီး/ ပြည်နယ် ရှစ်ခု၊ မြို့နယ် ၆၁ မြို့နယ်တွင် စပါးဈေးနှုန်း တည်ငြိမ်မှုရရှိစေရန် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၉၂ နိုင်ငံမှာ နိုင်ငံ အားလုံးနီးပါး သမဝါယမစနစ် သမဝါယမလုပ်ငန်း များ ရှိနေပြီး အမေရိကန်ပြည်ထောင်စုရဲ့ ၄၀ ရာခိုင် နှုန်းသော နိုင်ငံသားများက သမဝါယမအသင်းသား များဖြစ်ကာ ကမ္ဘာတွင် သမဝါယမအသင်းနှင့် အသင်းသား အများဆုံးရှိသော နိုင်ငံဖြစ်ပါတယ်။ ဒုတိယအသင်းသားအများဆုံးနိုင်ငံမှာ အိန္ဒိယနိုင်ငံ ဖြစ်ပြီး အသင်းသားပေါင်း ၉၃ ဒသမ ၇ သန်းရှိပါ တယ်။ ဂျပန်နိုင်ငံဟာ အသင်းသားပေါင်း ၇၇ သန်းရှိပြီး ကမ္ဘာတွင် တတိယမြောက် အသင်းသား အများဆုံး နိုင်ငံဖြစ်ပါတယ်။
ကင်ညာနိုင်ငံ GDP ၏ ၄၅ ရာခိုင်နှုန်း၊ နယူး ဇီလန်နိုင်ငံ GDP ၏ ၂၂ ရာခိုင်နှုန်းသည် သမဝါယမ အသင်းများက ထုတ်လုပ်သော ကုန်ပစ္စည်းတန်ဖိုး များဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံ၏ ၉၀ ရာခိုင်နှုန်း သော ကုန်သွယ်မှုကို သမဝါယမအသင်းများက ဆောင်ရွက်ကြပါတယ်။ ထို့အတူ ကိုလံဘီယာနိုင်ငံ ၏ ၂၄ ရာခိုင်နှုန်းသော ကျန်းမာရေးဝန်ဆောင်မှုကို သမဝါယမအသင်းများက တာဝန်ယူထားပါတယ်။ ကမ္ဘာတွင် သမဝါယမအသင်းသား ပြည်သူသန်း ၁၀၀၀ ကျော်ရှိပြီး ကမ္ဘာ့လူဦးရေရဲ့ ခုနစ်ပုံ တစ်ပုံ ရှိကာ အလုပ်အကိုင် သန်း ၁၀၀ ကို သမဝါယမများက ဖော်ဆောင်ပေးနိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်း (Job Opportunity) ဖော်ဆောင်ပေးနိုင်မှုမှာ ပုဂ္ဂလိကလုပ်ငန်းကြီးများက ဖော်ဆောင်ပေးမှုထက် ၂၀ ရာခိုင်နှုန်း ပိုမိုများပြားတာကို လေ့လာတွေ့ရှိ ရပါတယ်။
အထက်ပါအတိုင်း ကမ္ဘာပေါ်ရှိ နိုင်ငံတော်တော် များများမှာ သမဝါယမစနစ်က အောင်မြင်နေပြီး မြန်မာနိုင်ငံမှာ ဘာကြောင့်မအောင်မြင်ရသလဲ။ မြန်မာနိုင်ငံရှိ သမဝါယမစနစ် အောင်မြင်နိုင်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာန၊ ဗဟို သမအသင်း၊ အသင်းစုချုပ်၊ အသင်းစု၊ သမဝါယမ အသင်းများအားလုံး တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ရန် အလွန်အရေးကြီးပြီး အားလုံးပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါတယ်။
ပြုပြင်ပြောင်းလဲဆောင်ရွက်နေမှုများ
အားနည်းချက်တွေလည်းရှိတာ မငြင်းပါဘူး။ အဓိကအားနည်းချက်များက Monitoring and Evaluation စနစ် ထူထောင်ထားမှု မရှိခြင်း၊ ပုံမှန် နှစ်စဉ် စစ်ဆေးသုံးသပ်မှု အားနည်းခြင်း၊ မြေပြင် အခြေအနေထိ ကွင်းဆင်းကြီးကြပ်မှုအားနည်း ခြင်း၊ အုပ်ချုပ်ထောက်ပံ့မှု လိုအပ်ချက်ရှိခြင်းတို့ ဖြစ်ပြီး ဦးစီးဌာနကလည်း ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်နေပါတယ်။ ဘယ်ဌာန၊ ဘယ်အဖွဲ့ အစည်းမှတော့ စင်းလုံးချော မကောင်းနိုင်ပါဘူး။ အသင်းသား၊ အသင်း၊ အသင်းစု၊ အသင်းစုချုပ်၊ ဗဟိုသမအသင်းဆိုပြီး အဆင့်ဆင့် ရှိကြတယ်။ လူသားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် လိုအပ်ချက်ရှိတာ လက်ခံပါတယ်။ ဒါပေမယ့် ဝန်ကြီးဌာနနဲ့ ဦးစီးဌာနမှ ပိုကောင်းအောင်လုပ်မယ်၊ မကောင်းတဲ့ကိစ္စတွေကို ပြင်မယ်ဆိုတဲ့ စိတ်ဓာတ် ခံယူချက်နဲ့ လုပ်နေတာကို တွေ့ရပါတယ်။ ယခု ကာလမှာလည်း နိုင်ငံတော်အဆင့် အသိအမှတ်ပြု ပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကို ဖွဲ့စည်းပြီး သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် SMEs နဲ့ သမဝါယမလုပ်ငန်းများကို ဖော်ဆောင်ရန် မူဝါဒလမ်းညွှန်ပေးထားပါတယ်။ ပြည်ထောင်စုဝန်ကြီးက အားပေးပြီး အမှန်တကယ် လုပ်မယ့်သူတွေနဲ့ တကယ်ဖွဲ့စည်းရန်၊ မလုပ်တဲ့ အသင်းတွေ ပညာပေးဆောင်ရွက်ရန်၊ မလုပ်နိုင်ပါ က စာရင်းရှင်းလင်းဖျက်သိမ်းရန် ဥပဒေနှင့်အညီ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ အရေးကြီးတာ က စိတ်ဓာတ်ပဲဖြစ်ပါတယ်။ လုပ်မယ်ဆိုတဲ့စိတ်၊ လုပ်ရင်ဖြစ်တယ်ဆိုတဲ့စိတ်နဲ့ မှားတာရှိရင် လက်ခံ ပြီး ပြင်ချင်တဲ့စိတ်က အရေးကြီးပါတယ်။
အဓိကဆောင်ရွက်ရမည့် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရန် လိုအပ်မှုတွေက လက်ရှိ အခြေအနေ များကို ပြန်လည်သုံးသပ်ရန်၊ သုံးသပ်ချက်အရ ပြုပြင်ဆောင်ရွက်ရန်များကို ဖော်ထုတ်ဆောင်ရွက် ရန်၊ အခြေခံအသင်းသား ဖွဲ့စည်းမှုများကို တကယ် လုပ်မည့်သူများဖြင့် ပြန်လည်ဖွဲ့စည်းရန်၊ Moni-toring and Evaluation စနစ်ထူထောင် ပုံမှန် ကြီးကြပ်ဆောင်ရွက်ရန်၊ လိုအပ်တဲ့ အုပ်ချုပ် ထောက်ပံ့မှုပံ့ပိုးရန်၊ ဥပဒေအရအသင်းက ဆောင်ရွက်ရမည့်ကိစ္စနှင့် ဖွဲ့စည်းပုံတာဝန်အရ ဦးစီးဌာနက လုပ်ရမည့်ကိစ္စ ကွဲကွဲပြားပြား ဖြင့် ဥပဒေနှင့်အညီ ဖွဲ့စည်းပုံတာဝန်နှင့်အညီ ဆောင်ရွက်ကြရန်၊ အောင်မြင်နေတဲ့ အသင်းတွေကို မြို့နယ်အလိုက် စံပြနမူနာဖြင့် ဆောင်ရွက်ရန် ကျန်အသင်းများမှ အောင်မြင်အောင် လိုက်ပါ ဆောင်ရွက်ရေး ပညာပေးဆောင်ရွက်ရန် အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ ။
- Log in to post comments