လာရောက်စေချင် ချောင်းသာ၊ ငွေဆောင်ကမ်းခြေအပန်းဖြေခရီးစဉ်

Type
99

 

 

ဇော်လင်းထွန်း (ဟိုတယ်/ခရီး) 

 

ဧရာဝတီတိုင်းဒေသကြီးကို  မြန်မာနိုင်ငံ၏ စပါးကျီအဖြစ် တင်စားခေါ်ဝေါ်ပြီး  ဆန်စပါးကိုသာမက မြစ်၊ ချောင်း၊ အင်း၊ အိုင်များပေါများခြင်း၊ ကမ်းရိုးတန်းဒေသတစ်ခုဖြစ်ခြင်းတို့ကြောင့်      ရေချို၊ ရေငန် ထွက် စားသောက်ကုန်များကို ထုတ်လုပ်ပေးနေသော တိုင်းဒေသကြီးတစ်ခု ဖြစ်ပါသည်။ အခြားတစ်ဖက်တွင်လည်း မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးကဏ္ဍတစ်ခုဖြစ်သည့်  ခရီးသွားလုပ်ငန်းတွင်  ကမ္ဘာသိ ချောင်းသာ၊ ငွေဆောင်စသောကမ်းခြေဒေသခရီးစဉ်များတည်ရှိရာ သယံဇာတပေါများသော ဒေသတစ်ခု ဖြစ်ပါသည်။

မော်တော်ကားလေးစီးကာရယ်
လည်လည်သွားကြမယ်
ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေ တို့သို့ သွားရောက်လည်ပတ်  အပန်းဖြေမည်ဆိုပါက  ပုသိမ်မြို့မှတစ်ဆင့် သွားရောက်နိုင်သည်။ ရန်ကုန် မြို့နှင့်  ပုသိမ်မြို့သည်  ၁၀၉  မိုင်ခန့်  ကွာဝေးပြီး  ပုသိမ်မြို့နှင့်   ချောင်းသာကမ်းခြေသည်  ၃၅ မိုင်၊   ပုသိမ်မြို့နှင့် ငွေဆောင်ကမ်းခြေသည် ၂၄ မိုင် ၄ ဖာလုံခန့်  ကွာဝေးသဖြင့်  မည်သည့်ကမ်းခြေသို့ လာရောက်လည်ပတ်ချင်သည်ဖြစ်စေ ရန်ကုန်မြို့မှ အချိန် ငါးနာရီခန့်ပေးလျှင် ရောက်ရှိနိုင်သည်။
လမ်းခရီးဝယ် စားကြမယ်
ရန်ကုန်-ပုသိမ်-ချောင်းသာ/ရန်ကုန်-ပုသိမ်-ငွေဆောင် ခရီးစဉ်များအတွင်း ထန်းတပင်၊ ညောင် တုန်း၊  ပန်းတနော်၊ ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ ပုသိမ်၊  ရှောပြာနှင့် ကားလမ်းဘေးတစ်လျှောက် ရှိအဆင့်မြင့်ထမင်းဆိုင်၊ စားသောက်ဆိုင်များတွင် မိမိတို့ကြိုက်နှစ်သက်ရာ     အစားအစာအမျိုးမျိုး နှင့်   ဒေသထွက်အစားအစာများကို  ဝင်ရောက် စားသောက် အပန်းဖြေနားနေနိုင်ပြီး  ကျန်းမာရေး ကိစ္စများအတွက်   အဆင့်မီသန့်စင်ခန်းများကို လည်းအသုံးပြုနိုင်သည်။
ချောင်းသာကမ်းခြေ
ပုသိမ်မြို့၏အနောက်ဘက် ၂၅ မိုင်ခန့်အကွာ တွင်တည်ရှိပြီး ၁၉၉၂ ခုနှစ်မှစတင်ကာ အပန်းဖြေ ကမ်းခြေဒေသတစ်ခုအဖြစ်  ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်သည်။ ကမ်းခြေအရှည် ၁ ဒသမ ၅ မိုင်ခန့်ရှည် လျားသော     လှပသည့်ဒေသတစ်ခုဖြစ်သည်။  ချောင်းသာမှ ဆက်စပ်လည်ပတ်နိုင်သော ခရီးစဉ် ဒေသများအဖြစ် အရှေ့ဘက်တွင်   ဥတိုချောင်း ဆင်စခန်း၊ အနောက်ဘက်တွင် သဲဖြူကျွန်း၊ တောင် ဘက်တွင်  အောင်မင်္ဂလာကျွန်း၊   မြောက်ဘက်တွင်  ကျောက်မောင်နှမကမ်းခြေ၊ ရွှေသောင်ယံကမ်းခြေ နှင့် ဝက်သေ၊ ပင်လယ်ချိုင်တို့  ဝန်းရံတည်ရှိနေသည်။
ငွေဆောင်ကမ်းခြေ
ပုသိမ်မြို့မှ ၂၄ မိုင်  ၄ ဖာလုံခန့်အကွာတွင် တည်ရှိပြီး ၂၀၀၀ ပြည့်နှစ်မှစတင်ကာ   အပန်းဖြေ ကမ်းခြေဒေသတစ်ခုအဖြစ်  အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။ ကမ်းခြေအရှည် ၉ မိုင်ခန့်  ရှည်လျားသည့်   လှပသောကမ်းခြေတစ်ခုဖြစ်    သည်။ ပြည်ပဧည့်သည်များ  အထူးနှစ်ခြိုက်စွာ လာရောက်လည်ပတ်ကြသည်။ ငွေဆောင်ကမ်းခြေ ၏  အရှေ့ဘက်တွင်  ဆင်စခန်း၊ အနောက်ဘက်တွင် ငှက်တောင်မြောက်ကျွန်း၊     တောင်ဘက်တွင်   ဆင်မတံငါကျေးရွာနှင့်  ဂေါ်ရန်ဂျီကျွန်း၊  မြောက် ဘက်တွင် သဇင်ကျေးရွာ၊ မြွေကျွန်းနှင့် ချောင်းသာ ကမ်းခြေတို့သို့လည်း ဆက်စပ်လည်ပတ်နိုင်သေး သည်။
စိတ်ချမ်းမြေ့စွာ တည်းခိုစရာ
ကမ်းခြေများသည် သာယာလှပ စိတ်ချမ်းမြေ့ ဖွယ်ကောင်းလှသည်။ ထို့ကြောင့်လည်း     ပြည်တွင်း၊ ပြည်ပဧည့်သည်များ နှစ်စဉ် တိုးတက်ဝင်ရောက်လာကြသည်။အကျိုးဆက်အနေဖြင့်      ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းများတွင် ရင်းနှီးလုပ်ကိုင်လိုသူများကလည်းတိုးတက် ဆောင်ရွက်လာခဲ့ကြ ရာ ယခုအခါချောင်းသာကမ်းခြေတွင်  အဆင့်မီ ဟိုတယ်/တည်းခိုရိပ်သာ စုစုပေါင်း    ၃၃ လုံး၊ အခန်းပေါင်း ၁၇၁၆ ခန်း၊ ငွေဆောင်ကမ်းခြေတွင် ဟိုတယ်/တည်းခိုရိပ်သာစုစုပေါင်း     ၃၅  လုံး၊ အခန်းပေါင်း     ၁၆၂၁  ခန်းဖြင့်   သင်တန်းဆင်း ဝန်ထမ်းများကို   ခန့်အပ်ထားရှိကာ     ဝန်ဆောင်မှု ပေးနေကြသည်။ ဧည့်သည်များအနေဖြင့် တည်းခို နေထိုင်စဉ်အတွင်း ဟိုတယ်၊ တည်းခိုရိပ်သာများမှ အစားအစာများကို  မှာယူသုံးဆောင်နိုင်သကဲ့သို့ ပြင်ပစားသောက်ဆိုင်များတွင်လည်း သွားရောက် သုံးဆောင်နိုင်ကြသည်။  ထို့အပြင်  ကမ်းခြေတွင် လာရောက်ရောင်းချကြသော  ဈေးသည်များထံမှ     လတ်ဆတ်သော  ပင်လယ်စာအမျိုးမျိုးကို ရွေးချယ် ဝယ်ယူကာ ချက်ပြုတ်စေပြီး မှာယူစားသောက် နိုင်သေးသည်။  သတိပြုရန်မှာ အများပြည်သူ ကာလရက်ရှည်ရုံးပိတ်ရက်များ၊  ပွဲတော်ရက်များ တွင် ဧည့်သည်များပြားသဖြင့်    လာရောက်လည်ပတ်  လိုကြသော  ဧည့်သည်များအနေဖြင့်     ကြိုတင် အခန်းမှာကြားထားခြင်းဖြင့်  တည်းခိုနေထိုင်ရေးစိတ်အေးရမည်ဖြစ်သည်။
ကမ်းခြေမှာ ပျော်ရွှင်စရာ
ပင်လယ်ကမ်းခြေသို့ လာရောက်အပန်းဖြေသူဧည့်သည်များအနေဖြင့်   ပင်လယ်လေကိုရှူရှိုက်ခြင်း၊ ရေကူးခြင်း၊  စက်ဘီးစီးခြင်းများအပြင်  Family Karaoke တွင် မိသားစုတေးသီချင်းများ  သီဆိုခြင်း၊ Spa များတွင်အနားယူခြင်း၊  စားသောက်ဆိုင်များရှိ စင်တင်ဂီတဖျော်ဖြေပွဲများတွင် သွားရောက်အပန်း ဖြေခြင်း၊ ရေလွှာလျှောစီးခြင်း၊ ကလေးကစားကွင်း တွင်  မိမိတို့ကလေးငယ်များအား ဆော့ကစားစေ ခြင်း၊ Mini  Golf ၊  Billiards ၊ Tennis ကစားခြင်း၊ အပျော်စီးသင်္ဘောစီးခြင်း၊ Jet  Ski  စီးခြင်း၊ Speed Boat စီးခြင်း၊ Scuba Diving၊ အပျော်တမ်းငါးမျှားခြင်းများကိုလည်း ပြုလုပ်နိုင်ပါသေးသည်။
အိမ်ပြန်လက်ဆောင် ဝယ်ရအောင်
အပန်းဖြေခရီးစဉ်ပြီး၍    မိမိတို့ဒေသများသို့ ပြန်ကြသော    တချို့သောဧည့်သည်များသည်   လတ်ဆတ်ပြီးဈေးချိုသော ပင်လယ်စာ  ငါး၊ ပုစွန်၊ ကဏန်းစသည်များကို  ရေခဲပုံးများနှင့် ဝယ်ယူသွား ကြသကဲ့သို့ ဓာတုဆေးဝါးများကို  လုံးဝအသုံးပြု ခြင်းမရှိဘဲ ထုတ်လုပ်ထားသည့် ငါးပိရည်ကျို၊ ငါးပိ  စိမ်းစား၊ ပုစွန်ခြောက်၊ ငါးခြောက်၊ ပုစွန်ချဉ်၊ ငါးချဉ်၊ ပုသိမ်ဟာလဝါ၊ သရက်တောထိုးမုန့်များကိုလည်းဝယ်ယူသွားကြသည်။   ထို့အပြင်  ပင်လယ်ထွက် ခရုနှင့်အုန်းသီးများကို   အခြေခံပြုလုပ်ထားသည့်    လက်မှုအလှဆင်ပစ္စည်းများကို    လည်းကောင်း၊ အိမ်သုံးပစ္စည်းများဖြစ်သည့် သင်ဖြူးဖျာ၊ ကြိမ်ခုံနှင့်  ကြိမ်ကုလားထိုင်အမျိုးမျိုးကိုလည်း     အိမ်ပြန် လက်ဆောင်အဖြစ် အမှတ်တရဝယ်ယူသွားနိုင်ပါ သည်။
ဘေးအန္တရာယ်ကင်းရေးအား စီမံဆောင်ရွက်ထား
ကမ်းခြေများသို့   လာရောက်   အပန်းဖြေ လည်ပတ်ကြသော  ပြည်တွင်း၊   ပြည်ပဧည့်သည်     များ  ဘေးအန္တရာယ်ကင်းစေရေးအတွက်  Safety Water Line  အမှတ်အသားများထားရှိပေးခြင်း၊   ရေပြင်အသက်ကယ်အဖွဲ့များဖြင့်   အဆင်သင့် စောင့်ရှောက်ပေးခြင်း၊ Bay  Watch ပင်လယ်ပြင်     စောင့်ကြည့်သူများ     ထားရှိပေးခြင်းများနှင့်အတူ  ပင်လယ်ရေဆွဲရှိသောနေရာများ၊ အန္တရာယ်ရှိသော နေရာများတွင် ရေကူးခြင်းမပြုရန် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် သတိပေးဆိုင်းဘုတ်များ၊ အပြည် ပြည်ဆိုင်ရာ    သတိပေးအမှတ်အသားများဖြင့်  လိုအပ်သလိုအသိပေးထားပါသည်။    လုံခြုံရေး အတွက် ခရီးသွားများလာရောက်မှု များပြားချိန် တွင်  ဟိုတယ်နှင့်        ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊  ကမ္ဘာလှည့်ရဲတပ်ဖွဲ့   စသည့်ဌာနများမှ   စုပေါင်းအဖွဲ့ဖြင့်      ကင်းလှည့်စောင့်ရှောက်ပေး လျက်လည်းရှိသည်။  
ကမ်းခြေသန့်ရှင်းသာယာမှု
အထူးအလေးထားဂရုပြု
စစ်တမ်းတစ်ခုအရ   ကမ်းခြေဒေသများသို့ လာရောက်လည်ပတ်ကြသော  ဧည့်သည်များသည် သန့်ရှင်းသောလေကို ရှူရှိုက်ရန်အတွက် ၂၆ ဒသမ ၅၃  ရာခိုင်နှုန်း၊ ရေကူးရန်အတွက် ၁၈ ဒသမ ၃၇  ရာခိုင်နှုန်း၊   သဘာဝတရားနှင့်   တောဓလေ့ကို လေ့လာလိုသူ  ၁၅ ဒသမ ၆၅ ရာခိုင်နှုန်း၊ သဲသောင် ပြင်တွင် အေးဆေးစွာလမ်းလျှောက်လိုသူ ၁၅  ဒသမ ၆၅ ရာခိုင်နှုန်း၊ မိမိတို့ကလေးများကိုလွတ်လပ်စွာဆော့ကစားစေလိုသူ ၉ ဒသမ  ၅၂  ရာခိုင်နှုန်း၊ လှပသောရှုခင်းရှုကွက်များကို ကြည့်ရှုခံစားလိုသူ ၆ ဒသမ ၁၂ ရာခိုင်နှုန်း၊ ပင်လယ်အခြေပြု ရေပေါ် အားကစားများပြုလုပ်လိုသူ  ၆ ဒသမ ၁၂  ရာခိုင် နှုန်း၊  နေပူစာလှုံချင်သူ ၂ ဒသမ ၀၄  ရာခိုင်နှုန်း တို့ဖြစ်ကြောင်း တွေ့ရှိရသည်။
အဆိုပါ ရည်ရွယ်ချက်များသည် အမျိုးမျိုးကွဲပြား ကြသော်လည်း       တူညီသောအချက်တစ်ခုမှာ ပင်လယ်ပြင်နှင့်       ကမ်းခြေသန့်ရှင်းမှုရှိရေးပင် ဖြစ်သည်။   သန့်ရှင်းမှုမရှိပါက    ဧည့်သည်များ၏     ရည်ရွယ်ချက်များ  အားလုံးပျက်စီးရမည်သာဖြစ် ပါသည်။
ထို့ကြောင့်  ဟိုတယ်နှင့်  ခရီးသွားလာရေး ဝန်ကြီးဌာနသည် “ကမ်းခြေဒေသရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုက်နာဆောင်ရွက်ရန် အမိန့်    (၂/၂၀၁၅)”ကို  ထုတ်ပြန်ထားရှိခဲ့ပြီး ခေတ်ကာလ နှင့်လျော်ညီမှုရှိစေရေးအတွက် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် “အမိန့်ကြော်ငြာစာအမှတ်    (၁၆/ ၂၀၁၈)”ဖြင့်      ပြင်ဆင်ထုတ်ပြန်     ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။  ဧရာဝတီတိုင်းဒေသ ကြီးအစိုးရအဖွဲ့၏  လမ်းညွှန်မှုဖြင့် ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများကလည်း    နှစ်စဉ် ဒေသန္တရအမိန့်ကို ထုတ်ပြန်ကာ  ကမ်းခြေသာယာ ရေးကို  ထိန်းသိမ်းဆောင်ရွက်ပေးနေသည်။                            

ထို့အပြင် “ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးနှင့်လုံခြုံရေးအဖွဲ့”များကို ဌာနဆိုင်ရာများ၊ ဟိုတယ် ဇုန်တာဝန်ရှိသူများ၊ ဒေသခံများနှင့် ပူးပေါင်းဖွဲ့စည်း ကာ အဆိုင်းများခွဲ၍ ကွင်းဆင်းစောင့်ရှောက်ပေး နေပါသည်။
ခရီးလည်းသွား အပန်းလည်းဖြေ
ကိုဗစ်-၁၉ ကိုလည်း ကာကွယ်မယ်လေ
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရယူထား သော ဟိုတယ်၊ တည်းခိုရိပ်သာများမှ  တင်ပြလာ သောဝန်ထမ်းစုစုပေါင်း ၂၆၄၅  ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး   အပြည့်အဝထိုးနှံပြီးဖြစ်ပါ သည်။ ထို့အပြင် ဟိုတယ်၊ တည်းခိုရိပ်သာဝန်ထမ်း များအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးဆိုင်ရာအသိပညာပေးသင်တန်းများကို   ဝန်ကြီးဌာန၏   အစီအစဉ်ဖြင့်လည်းကောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင် များနှင့် ပေါင်းစပ်၍    (Outsourcing)စနစ်ဖြင့်   လည်းကောင်း  ပို့ချပေးလျက်ရှိပါသည်။
ဟိုတယ်၊  တည်းခိုခန်းများကိုလည်း ကျန်းမာ ရေးဝန်ကြီးဌာနက   ထုတ်ပြန်ထားသော “ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်လမ်းညွှန်ချက်  (Version 2.0)”နှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ မရှိ ပူးပေါင်း စစ်ဆေးရေးအဖွဲ့က  စစ်ဆေးကာ    သတ်မှတ်ချက် နှင့် ညီညွတ်မှုရှိသည့်  ဟိုတယ်၊    တည်းခိုရိပ်သာများ ကိုသာ  လုပ်ငန်းဆောင်ရွက်ခွင့်ပြုပေးနေခြင်းဖြစ် သည်။    ထပ်မံ၍လည်း   အသစ်ထုတ်ပြန်ထား သော “ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်၍  လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန် ချက်(Version 3.0)”နှင့် ညီညွတ်စေရေး စစ်ဆေး သွားရန် ဆောင်ရွက်နေပါသည်။
အိမ်ရှင်ဘက်မှ  အတတ်နိုင်ဆုံးဘေးအန္တရာယ် ကင်းရှင်းရေးကို       ဆောင်ရွက်ပေးနေသကဲ့သို့  ဧည့်သည်များဘက်ကလည်း  ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော  ကိုဗစ်-၁၉ ဆိုင်ရာ    လိုက်နာဖွယ်များကို   အပြည့်အဝလိုက်နာခြင်း၊  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို   အကြိမ် ပြည့်ထိုးနှံထားရှိခြင်းဖြင့် အပန်းဖြေအနားယူခြင်း ဖြင့် ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်း အပ်ပါသည်။
ခရီးသွားခြင်း၊ အပန်းဖြေခြင်း၊
ကိုဗစ်-၁၉နှင့် New Normal
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွား ခဲ့သည့်    ၂၀၂၀ ပြည့်နှစ်    မတ်လမှစတင်ကာ  ပြည်သူများအနေဖြင့်     အိမ်ထဲမှအိမ်ပြင်သို့ပင် မထွက်ရဲ၊     ဆွေမျိုးသားချင်းများထံသို့လည်း   အလည်အပတ်မသွားနိုင်၊      မိဘဆွေမျိုးများ၏  နာရေးကိစ္စကိုပင်    အဝေးမှကြိတ်မှိတ်မျိုသိပ် ခံစားခဲ့ကြရသည်။  ယခုအချိန်အခါကဲ့သို့ ရောဂါ  ဖြစ်ပွားမှုလျော့ကျလာချိန်၊   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး   ထိုးနှံခြင်းလွှမ်းခြုံမှု မြင့်မားလာချိန်၊ ပွင့်လင်းရာသီသို့ ရောက်ရှိလာချိန်တွင် အပန်းဖြေခရီးသွားလိုကြမည်သာဖြစ်သည်။ လွတ်လပ်မှုကို  မြတ်နိုးခြင်း၊ ခရီးသွားလာခြင်းကို နှစ်သက်ခြင်း နှင့်  စူးစမ်းလေ့လာလိုခြင်း  စသည့် လူသားတို့၏  ရှိရင်းစွဲ ဗီဇစိတ်များ နိုးကြားလာခဲ့ကြသည်။
ကိုဗစ်-၁၉ သည်   ဤကမ္ဘာပေါ်မှ  မည်သည့်  အချိန်တွင်      အရှင်းပျောက်ကွယ်သွားနိုင်မည်   ဆိုသည်ကို  မည်သည့်ပညာရှင်ကမှ  ဟောကိန်း မထုတ်နိုင်ကြသေးပေ။  သေချာသည့်အချက်မှာ  ၎င်းနှင့်အတူ    ယှဉ်တွဲနေထိုင်ရန်သာ  ဖြစ်ပါသည်။ ယခင်အခါများက    မလုပ်ခဲ့ကြသော    ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လူစုလူဝေးနေရာများ ကိုရှောင်ကြဉ်ခြင်း၊ ဆပ်ပြာနှင့် ရေကိုအသုံးပြု၍ လက်ကို   မကြာခဏဆေးကြောခြင်း၊  တစ်ဦးနှင့် တစ်ဦး  ခြောက်ပေအကွာ ခပ်ခွာခွာနေထိုင်ခြင်း တို့သည် လူသားများ၏ နေ့စဉ်ဘဝများတွင် New Normal အဖြစ် ရောက်ရှိလာပြီဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ခရီးသွားဧည့်သည်များ၊ ဟိုတယ်၊တည်းခိုရိပ်သာလုပ်ငန်းရှင်များ၊     ဝန်ထမ်းများ၊ ခရီးသွားလုပ်ငန်းနှင့်   ဆက်စပ်သူများ၊   သက်ဆိုင်ရာ  အဖွဲ့အစည်းများ၊      ဌာနဆိုင်ရာများ    ညီညာစွာ ပူးပေါင်းကာ(Public ၊ Private ၊People ၊ Partenar-  ship ) အစိုးရ၊ ပြည်သူ၊ ပုဂ္ဂလိကပူးပေါင်းခြင်းဖြင့်ဘေးအန္တရာယ်ကင်းသော    ခရီးသွားလုပ်ငန်းကို  မလွဲမသွေ  ဖော်ဆောင်နိုင်မည်ဟု ယုံကြည်မိပါ   သည်။  ကောင်းမွန်သောဝန်ဆောင်မှု၊ လတ်ဆတ် သော  ပင်လယ်စာများ၊ နွေးထွေးပျူငှာသော ဒေသ ခံများနှင့်အတူ  သန့်ရှင်းသာယာသော ချောင်းသာ၊ ငွေဆောင်ကမ်းခြေများက   ဧည့်သည်တော်များအား  အစဉ်အမြဲ  နွေးထွေးစွာကြိုဆိုနေမည်သာ  ဖြစ်ပါ ကြောင်း  တင်ပြလိုက်ရပါသည်။       ။