NUG အကြမ်းဖက်အဖွဲ့အစည်း၏ ရန်ကုန်တိုင်းတာဝန်ခံ မောင်ကျော် (ခ) ဖြိုးဇေယျာသော်ကို ဖော်ထုတ်ဖမ်းဆီးမိလိုက်ခြင်းက ရန်ကုန် တိုင်းဒေသကြီးအတွင်း ထပ်မံဖြစ်ပေါ်လာဖွယ်ရှိသော အကြမ်းဖက်မှု ဖြစ်စဉ်များကို ရပ်တန့်သွားစေသည်။ NUG မှ ရည်မွန်၊ ဇော်ဝေစိုး၊ လွင်ကိုလတ်တို့က စေခိုင်းသည့် အကြမ်းဖက်လုပ်ငန်း (Mission) များကို ဖြိုးဇေယျာသော် ဦးစီးသည့် Special Tesk Force (STF) နှင့် People Defence Force (PDF) အကြမ်းဖက်အဖွဲ့အစည်း တို့က မြေပြင်တွင် အကောင်အထည်ဖော်ကြခြင်းဖြစ်သည်။ မောင်ကျော် (ခ) ဖြိုးဇေယျာသော်နှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင် ခဲ့သည့် တရားခံ ကျား/မ စုစုပေါင်း ၅၀ နှင့် လက်နက်ငယ်အတို အရှည် ရာနှင့်ချီ၍၊ ဗုံးသီးများ၊ ဗုံးများ၊ မိုင်းများ၊ ယမ်းများ၊ သောင်း နှင့်ချီသည့် ကျည်ဆန်များ၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ၊ အကြမ်းဖက်ဖောက်ခွဲ/သတ်ဖြတ်ရေး စာရင်းများအပါအဝင် လူနှင့် လက်နက်ခဲယမ်းပမာဏမှာ ကြီးမားသည့် ပမာဏဖြစ်သည်။
မောင်ကျော် (ခ) ဖြိုးဇေယျာသော်၏ ထွက်ဆိုချက်အရ အစိုးရ ၏ အုပ်ချုပ်ရေးယန္တရားပျက်ပြားစေရေး၊ ပြည်သူလူထုထိတ်လန့် ကြောက်ရွံ့စေရေးအတွက် ၎င်းတို့ပြုလုပ်ခဲ့သည့် လုပ်ကြံသတ်ဖြတ် မှုများ ပေါ်ထွက်လာသည်။ လက်နက်ကိုင်ဆောင်ထားခြင်း မရှိသည့် အပြစ်မဲ့ပြည်သူများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့မှူး/အဖွဲ့ဝင်များကို သေနတ်များ၊ ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက် လုပ်ကြံခဲ့ကြသလို လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသည့် တပ်ဖွဲ့ဝင်များကိုလည်း ပစ်ခတ်ခဲ့ကြသည့်အတွက် သေဆုံး၊ ဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့သည်။ ယင်းအကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများ၊ ပစ်ခတ်မှုများမှာ ဓာတ်ပုံ များ၊ ဗီဒီယိုဖိုင်များဖြင့် လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့်အတွက် လူမှုကွန်ရက်သုံးစွဲသူများ စိတ်နှလုံးညစ်နွမ်းခဲ့ရသလို ကြောက်ရွံ့ ထိတ်လန့်ခဲ့ကြရသည်။ သို့ရာတွင် အကြမ်းဖက်အားပေးသူများ၊ အစွန်းရောက်စိတ်ဓာတ်ရှိသူများကမူ ပျော်ရွှင်သည့် ဝမ်းသာသည့် မှတ်ချက်များ ဝင်ရောက်ရေးသားကြသည်ကိုလည်း တွေ့ရသည်။
NUG ၏ ရန်ကုန်တိုင်း အကြမ်းဖက်တာဝန်ခံဖြစ်သည့် မောင်ကျော် (ခ) ဖြိုးဇေယျာသော်မှာ ဥပဒေပြုအဖွဲ့အစည်းဖြစ် သည့် ပြည်သူ့လွှတ်တော်တွင် ၂၀၁၂ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်စိတ်ချရသူအနေဖြင့် ပြည်တွင်း ပြည်ပ ခရီးစဉ်များ၊ စည်းရုံးရေးလှုပ်ရှားမှုများတွင် အနီးကပ် လိုက်ပါခဲ့သူဖြစ်သည်။ ယင်းသို့သောသူအပါအဝင် လူများက မိမိတို့အာဏာ လက်မဲ့ဖြစ်ချိန် တွင် နိုင်ငံကို အလုံးစုံပျက်သုဉ်းရေးလမ်းကြောင်းသို့ ရောက်ရှိသွား စေမည့် အကြမ်းဖက်ဝါဒနှင့် အဖျက်လုပ်ရပ်များ လုပ်ဆောင်ခြင်းက တိုင်းပြည်နှင့် ပြည်သူလူထုကို ချနင်းကာ ၎င်းတို့၏ ပါတီအကျိုး၊ ပုဂ္ဂလိကအကျိုးတို့ကို ဆောင်ရွက်ခြင်းဖြစ်သည်။ တစ်နည်းအား ဖြင့် အာဏာရမ္မက်အတွက် ပြည်ဖျက်ကြခြင်းလည်းဖြစ်သည်။ NUG ၊ CRPH ၊ PDF တို့၏ အကြမ်းဖက်သတ်ဖြတ်မှုများမှာ ဝန်ထမ်း များ၊ ဆရာ ဆရာမများမှသည် ရဟန်း သံဃာများကိုပါ အလွတ်မပေး သတ်ဖြတ်လာကြပြီဖြစ်သည်။ ဓမ္မ၊ ဓမ္မဟု ဟစ်အော်နေသူများ၏ သံဃာသတ်ဖြတ်မှုများကို ကျင့်ဝတ်မဲ့သည့် အကြမ်းဖက်အားပေး မီဒီယာတို့ကလည်း မှန်ကန်တရားမျှတသယောင် ရေးသားဖုံးဖိပေး နေကြသည်။
အကြမ်းဖက်မှုဖြင့် နိုင်ငံရေး ရည်မှန်းချက်ပေါက်မြောက် အောင်မြင်နိုင်မည်မဟုတ်သကဲ့သို့ နိုင်ငံခြား အကူအညီကိုလည်း ရရှိနိုင်မည်မဟုတ်။ ပြည်ပနိုင်ငံများအနေဖြင့် အကြမ်းဖက်အဖွဲ့ အစည်းကို အားပေးကူညီဖို့ဆိုသည်မှာ ၎င်းတို့၏ အကျိုးစီးပွားနှင့် ဆက်စပ်စဉ်းစားကြမည်သာဖြစ်ပြီး တိတ်တဆိတ် ခိုးကြောင်ခိုးဝှက် သာ ကူညီကြမှာဖြစ်သည်။ ပြည်တွင်းမှာလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပြဋ္ဌာန်းပြီးဖြစ်ရာ အားပေးမှု၊ ကူညီမှု၊ ထောက်ပံ့မှု၊ ဝန်းရံမှုတို့ပြုမိပါက ဥပဒေအရအရေးယူ အပြစ်ပေး ခံကြရမည်ဖြစ်သည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းမှာ ၃ ရာခိုင်နှုန်းအောက်သို့ပင် ကျဆင်းလာပြီဖြစ်ရာ နိုင်ငံတည်ငြိမ် အေးချမ်းသည်နှင့်အမျှ ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့ရသည့် နိုင်ငံ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေးတို့ကို အရှိန်အဟုန်မြှင့် လည်ပတ်ရန် ကြိုးပမ်းကြရတော့မည်ဖြစ်သည့်အလျောက် အကြမ်းဖက်သမားများ ခိုအောင်းနေသည့် နေရာများ၊ လက်နက်ခဲယမ်းသိုလှောင်မှုများ အပါအဝင် အကြမ်းဖက် ကြံစည်မှု သတင်းအချက်အလက်များကို ဆိုင်ရာသို့ ပေးပို့ခြင်းဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ထမ်းဆောင် နိုင်ကြပါစေကြောင်း။ ။