အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခြင်း

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

ကလေးသူငယ်များကို ပြုစုပျိုးထောင်ခြင်းသည် အနာဂတ်နိုင်ငံတော် အတွက် အဖိုးတန်လူ့စွမ်းအား အရင်းအမြစ်များကို ပြုစုပျိုးထောင် ခြင်းပင်ဖြစ်သည်။ ကလေးသူငယ်ဟု ဆိုရာတွင် ၁၉၉၃ ခုနှစ် ကလေး သူငယ်ဥပဒေအရ အသက် ၁၆ နှစ်မပြည့်သူကို ကလေးသူငယ်ဟု သတ်မှတ်ထားပြီး အသက် ၁၆ နှစ်ပြည့်ပြီး အသက် ၁၈ နှစ် မပြည့် သေးသူကို လူငယ်ဟူ၍ သတ်မှတ်ခဲ့သည်။ သို့ရာတွင် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေအရ အသက် ၁၈ နှစ်မပြည့်သေးသူဟူသမျှ ကလေး သူငယ်သာဖြစ်သည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံ တစ်ပုံခန့်မှာ ကလေးသူငယ်များဖြစ်ကြပြီး အများစုမှာ ကျေးလက် ဒေသများတွင် နေထိုင်ကြသည်။ ယင်းကလေးသူငယ်များအနက် မိဘအုပ်ထိန်းသူများနှင့်အတူ နေထိုင်ပြီး လူမှုပတ်ဝန်းကျင်၌ ပုံမှန် ဖွံ့ဖြိုးခွင့်ရသည့် ကလေးသူငယ်များရှိသလို လူမှုဘဝအကြောင်း အမျိုးမျိုးကြောင့် ကာကွယ်စောင့်ရှောက်မှုပေးရန် လိုအပ်သည့် ကလေးသူငယ်များလည်း ရှိနေသည်။ အဆိုးဆုံးပုံစံဖြင့် အလုပ် ခိုင်းစေခံရသည့် ကလေး၊ လမ်းပေါ်နေကလေး၊ အကျဉ်းကျကလေး၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရသည့်ကလေး၊ လူကုန်ကူးခံရသည့် ကလေး၊ မိဘများ ကွဲကွာနေသည့်ကလေး၊ ခုခံအားကျရောဂါ ခံစား နေရသည့်ကလေး၊ မိဘများခုခံအားကျရောဂါဖြစ်နေသည့်ကလေး၊ တောင်းရမ်းစားနေသည့်ကလေး၊ မူးယစ်ဆေးဝါးလုပ်ငန်းများတွင် အသုံးချခံနေရသည့်ကလေး၊ မိဘ/အုပ်ထိန်းသူမရှိသောကလေး၊ စိတ်ပေါ့သွပ်နေသည့်ကလေး၊ ကူးစက်ရောဂါစွဲနေသည့်ကလေး၊ သဘာဝဘေး၊ စစ်မက်ဘေးတို့ ခံစားနေရသည့်ကလေး၊ ချို့တဲ့ နွမ်းပါး မသန်စွမ်းသည့်ကလေးတို့မှာ ကာကွယ်စောင့်ရှောက်မှုပေးရန် လိုအပ် သည့်ကလေးများပင်ဖြစ်သည်။

ကလေးသူငယ်တိုင်း ရပိုင်ခွင့်ရှိသည့် အခြေခံအခွင့်အရေး ၄ ရပ် အရ (၁) ကလေးသူငယ်တိုင်း အသက်ရှင်သန်ခွင့်ရှိသည်။ (၂) ကလေး သူငယ်တိုင်း ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ခွင့် ရှိသည်။ (၃) ကလေးသူငယ်တိုင်း ကာကွယ်စောင့်ရှောက်မှု ရပိုင်ခွင့် ရှိသည်။ (၄) ပါဝင်ဆောင်ရွက်ခွင့်အရ ကလေးများနှင့် သက်ဆိုင်သည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု စသည့် လှုပ်ရှားမှုများတွင် အသက်အရွယ်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုအလိုက် ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။

မြန်မာနိုင်ငံတွင် မိသားစုဘဝအခြေအနေအရ ကလေးသူငယ် များမှာ မိသားစု၏ စားဝတ်နေရေးအတွက် ပါဝင်ဆောင်ရွက်နေကြ ရသလို ပညာသင်ကြားခွင့် ဆုံးရှုံးနေရသည့်ကလေးများလည်း ရှိသည်။ထို့အပြင် မိသားစု၏ ကောင်းစွာထိန်းသိမ်းစောင့်ရှောက်မှု ကို မရရှိဘဲ လမ်းပေါ်လေလွင့်နေသည့် ကလေးများ၊ မူယစ်ဆေးဝါး၊ ဒုစရိုက်တို့နှင့် ဆက်နွှယ်နေသည့် ကလေးများလည်း ရှိနေရာ ၎င်းတို့ အား စာရိတ္တပြုပြင်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးတို့အတွက် လူငယ်သင်တန်းကျောင်းများ ဖွင့်လှစ်ပြီး အသက် ၈ နှစ်မှ ၁၈ နှစ် အတွင်းရှိ ကာကွယ်စောင့်ရှောက်မှုပေးရန်လိုသော ကလေးသူငယ် များကို ကာကွယ်စောင့်ရှောက်မှုပေးလျက်ရှိသည်။ ကလေးသူငယ် များ၏ ကျန်းမာရေး၊ ပညာရေး၊ အားကစား၊ သက်မွေးဝမ်းကျောင်းပညာ အပါအဝင် စိတ်ပိုင်း၊ ရုပ်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး စာရိတ္တကောင်းမွန်ရေး တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ တွံတေး၊ သန်လျင်၊ ကျိုက်ဝိုင်း၊ မော်လမြိုင်၊ မန္တလေး၊ လားရှိုး၊ လပွတ္တာမြို့များတွင် လူငယ်သင်တန်း ကျောင်းများ ဖွင့်လှစ်ထားရာ အချို့သင်တန်းကျောင်းများတွင် ဝန်နှင့်အား မမျှအောင် ကာကွယ်စောင့်ရှောက်မှု ပေးနေရကြောင်း လည်း သိရသည်။ စင်စစ်အားဖြင့် ကလေးသူငယ်များ ကာကွယ် စောင့်ရှောက်မှုတွင် လူမှုအသိုင်းအဝိုင်း၊ အဖွဲ့အစည်းများကလည်း ပါဝင်ကြရန် လိုအပ်မည်ဖြစ်သည်။

ကလေးတိုင်း ကလေးသူငယ်အခွင့်အရေးကို အပြည့်အဝရရှိရေး ဆောင်ရွက်ပေးခြင်းက နိုင်ငံတော်၏အနာဂတ်ကို တည်ဆောက် နေခြင်း၊ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်သည်။ အရင်း အနှီး များများပြုသည်နှင့်အမျှ လူ့စွမ်းအားအရင်းအမြစ်တန်ဖိုး မြင့်မားလာမည်ဖြစ်ပြီး နိုင်ငံတည်ဆောက်ရေးအတွက် အင်အား ကြီးမားစွာ ရရှိနိုင်မည်ဖြစ်ပါကြောင်း။ ။