ဂုဏ်ယူဖွယ် မြန်မာ့ရုပ်ရှင်အနုပညာ

1

 

 

အယ်ဒီတာ့အာဘော်

================

မြန်မာ့ရုပ်ရှင်သည် ရုပ်ရှင်ခေတ်ဦးကာလကတည်းက အနုပညာရသ မြောက်အောင် စွမ်းဆောင်ဖန်တီးနိုင်သောကြောင့် ပြည်တွင်းနယ်ပယ်တွင် သာမက ပြည်ပနယ်ပယ်များသို့ပါ ထိုးဖောက်နိုင်စွမ်းရှိခဲ့သည်။ ရုပ်ရှင် ဇာတ်လမ်းဇာတ်ကွက်များသည် ခေတ်ကို ထင်ဟပ်ပေါ်လွင်စေသည်။ အနုပညာရှင်များ၏ ဖန်တီးမှုများသည် ဘဝနှင့်ခေတ်ကို တစ်ထပ်တည်း ကျစေသည်။ ထို့ကြောင့် အနုပညာဂုဏ်မြောက်၍ ထိုးဖောက်အောင်မြင် ခဲ့သည်တို့ကို တွေ့ရမည် ဖြစ်သည်။

 

ရှေးကမြန်မာ့ရုပ်ရှင်ဇာတ်ကားကောင်းများသည် ကမ္ဘာတွင် မှတ်တမ်း တင်ကျန်ခဲ့ပြီး မြန်မာရုပ်ရှင်ဇာတ်ကားအများစုမှာ ပရိသတ်များကြားတွင် ယနေ့ထက်တိုင် မမေ့ရက်နိုင်အောင် စွဲထင်နေဆဲဖြစ်သည်။ ပြည်သူတို့၏ ဘဝနှင့် ခေတ်ကာလကို ထင်ဟပ်သော၊ တစ်သားတည်းကျသော ဇာတ်လမ်း ဇာတ်ကွက်နှင့် သူမတူအောင် သရုပ်ဆောင်နိုင်မှုများမှာ မြန်မာ့ရုပ်ရှင်၏ ပြောင်မြောက်သည့် ဂုဏ်တင်လက္ခဏာများ ဖြစ်သည်။ မြန်မာ့ရုပ်ရှင် ငွေရတု၊ ရွှေရတု၊ စိန်ရတုကာလများမှ ရုပ်ရှင်ဇာတ်ကားအားလုံးလိုလိုမှာ ကျော်ကြား ခဲ့သည်။

 

သာဓကအားဖြင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း ရိုက်ကူးပြသခဲ့သော သူချစ်၊ ငဘ၊ ချစ်ပန်းသဇင်ဇာတ်ကားများကို အရင်းရှင်မဟုတ်သည့် နိုင်ငံ များက တလေးတစား ဝယ်ယူအားပေးခဲ့ကြသည်။ ၁၉၅၁ ခုနှစ်က “သူချစ်” ရုပ်ရှင်ကို တရုတ်နိုင်ငံက စတာလင်ပေါင် ၂၅၀၀ ဖြင့်ဝယ်ယူခဲ့ပြီး တရုတ် ဘာသာစကားစာတမ်းထိုး၍ တရုတ်နိုင်ငံအတွင်းပြသခဲ့ရာ လူကြိုက်များခဲ့ သည်။ သူချစ်ရုပ်ရှင်ဇာတ်ကားသည် အာရှနိုင်ငံများတွင် အဆင့်ဝင်မှု၊ ပြည်ပ နိုင်ငံတစ်နိုင်ငံမှ ပထမဆုံးဝယ်ယူသည့် ရုပ်ရှင်ဇာတ်ကားဖြစ်မှုနှင့် နိုင်ငံ တကာရုပ်ရှင်ပွဲတော်သို့ ပထမဆုံးတင်သွင်းခွင့်ရမှုစသည်ဖြင့် မြန်မာတို့၏ ရုပ်ရှင်အနုပညာအဆင့်အတန်းကို ဂုဏ်ယူဖွယ်ရာ ထုတ်ဖော်ပြနိုင်ခဲ့သည်။ အလားတူ အင်္ဂလိပ်ဘာသာ၊ အခြားဘာသာစာတမ်းထိုး မြန်မာရုပ်ရှင် ဇာတ်ကားများ ပြည်ပနိုင်ငံများတွင် ဂုဏ်ယူဖွယ်ရာ ပြသခဲ့ဖူးသည်။

 

စာပေ၊ ဂီတ၊ အနုသုခုမရုပ်ရှင်တို့သည် ပြည်သူများ၏ နှလုံးသားကို ညှို့ယူဖမ်းစားနိုင်သော ပညာဖြစ်သည်။ တစ်နည်းဆိုလျှင် ပြည်သူများအား ဆွဲဆောင်စည်းရုံးနိုင်သော အတတ်ပညာ ဖြစ်သည်။ ထိုပညာရပ်များဖြင့် တိုင်းကျိုးပြည်ဆောင် လုပ်ဆောင်နိုင်ခဲ့သော သာဓကများလည်း များစွာရှိခဲ့ ပါသည်။ ယင်းတို့တွင် ရုပ်ရှင်သည် အထိရောက်ဆုံးအနုပညာလက်နက်ဟု ဆိုရမည်ဖြစ်သည်။ ရုပ်ရှင်သည် ပြည်သူအတွက်၊ ရုပ်ရှင်သည် တိုင်းပြည် အတွက် ကြွေးကြော်ခဲ့ကြပါသေးသည်။ မြန်မာ့ရုပ်ရှင်၏ သမိုင်းကြောင်းနှင့် စွမ်းဆောင်နိုင်ခဲ့မှုများမှာ ကြီးမားကျယ်ပြန့်နက်ရှိုင်းပေသည်။ ဂုဏ်ယူဖွယ် ကောင်းပေသည်။

မြန်မာ့ရုပ်ရှင်သည် စကတည်းကယဉ်သလို ရုပ်ရှင်ခေတ်ဦးအစပြု ကတည်းက အောင်မြင်မှုဖြင့် စနိုင်ခဲ့သည်။ ၁၉၂၀ ပြည့်နှစ်တွင် လန်ဒန်အတ် ဦးအုန်းမောင်နှင့် ဝါသနာရှင်တစ်စုတို့၏ ကြံဆကြိုးပမ်းမှုဖြင့် အမျိုးသားရေး ခေါင်းဆောင် ဦးထွန်းရှိန်၏ ဈာပနသတင်းကားနှင့် ဘားမားဖလင်မှ မေတ္တာနှင့်သူရာ ရုပ်ရှင်ဇာတ်ကားကို ရုံတင်နိုင်ခဲ့ပြီးနောက် မြန်မာ့ရုပ်ရှင် စတင်ထွန်းကားလာခဲ့သည်။ ထိုမှမြန်မာ့ရုပ်ရှင် ငွေရတုကာလ၊ ရွှေရတုကာလ၊ စိန်ရတုကာလမှသည် ယခု နှစ် ၁၀၀ ကာလထိတိုင် မြန်မာ့ရုပ်ရှင်သည် တိုင်းပြည်နှင့် လူမျိုးကို အကျိုးပြုနေဆဲဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

 

ဆိုခဲ့သည့်အတိုင်း ပြည်သူ၏စိတ်နှလုံးကို လွှမ်းမိုးနိုင်သော၊ စည်းရုံး နိုင်သောရုပ်ရှင်သည် ပြည်သူနှင့်အတူ အမြဲထာဝရရှိနေမှ၊ ရပ်တည်နေနိုင်မှ ပြည်သူနှင့်ရုပ်ရှင် တစ်သားတည်းရှိကာ တိုင်းပြည်အကျိုး၊ ပြည်သူအကျိုး ပြုနိုင်ပေမည်။ ရုပ်ရှင်သည် ခေတ်ကာလပြောင်းလဲသွားသော်လည်း ခေတ်ကာလနှင့် လိုက်လျောညီထွေစွာ ဆန်းသစ်တီထွင်ဖော်ဆောင်ပေးနိုင် စွမ်းရှိသည်။ ပြည်သူများ၏မွန်းကျပ်မှုများကို ဖောက်ထွက်၍ လန်းဆန်း တက်ကြွမှုများကို ပေးစွမ်းနိုင်မှသာ စဉ်ဆက်မပြတ် အကျိုးပြုရုပ်ရှင် ဖြစ်ပေလိမ့်မည်။ ယခုအခါ ကိုဗစ်- ၁၉ ရောဂါကြောင့် ရုပ်ရှင်လုပ်ငန်းများ တုံ့ဆိုင်းနှေးကွေးရပ်တန့်သွားခဲ့သည်။

အထူးသဖြင့် ကိုဗစ်-၁၉ ကြောင့် ရပ်တန့်နေသော ဂုဏ်ယူမြတ်နိုးဖွယ်ရာ မြန်မာ့ရုပ်ရှင်ကို နှစ် ၁၀၀ ပြည့် ထူးခြားသည့်နှစ်ကာလတွင် တစ်နည်းတစ်ဖုံ ရှင်သန်လာအောင် ကြံဆောင်ကြရမည်ဖြစ်သည်။

 

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကျန်းမာရေးလမ်းညွှန်မှုနှင့်အညီ မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့် သဘင်ကို ဖော်ထုတ်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ဂုဏ်ယူဖွယ်ရာ မြန်မာ့ ရုပ်ရှင်မပျောက်မပျက်ရေး၊ အများပြည်သူတို့ ကြည့်ရှုလေ့လာခံစားခွင့်ရရေး တို့ကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။