မြန်မာ့အလင်းအယ်ဒီတာအာဘော်
စစ်ပွဲများ၏ စတင်ရာမှာ နိုင်ငံရေးဖြစ်သည်။ နိုင်ငံရေးအရ မပြေလည်သည့်အခါ ဘက်နှစ်ဖက် လက်နက်စွဲကိုင်တိုက်ခိုက် ကြသည်။ စစ်ပွဲဟူသည် အင်အားကို အသုံးပြုကာ တစ်ဖက် ရန်သူကို အနိုင်ရရေးနှင့် မိမိတို့အလိုရှိသည့်အတိုင်း နာခံ လာရေးအတွက် အစွမ်းကုန် တိုက်ခိုက်သတ်ဖြတ်ကြခြင်းပင် ဖြစ်သည်။ မိမိတို့နိုင်ငံတွင် ဖြစ်ပွားနေသည့်စစ်ပွဲများ သို့တည်း မဟုတ် လက်နက်ကိုင် ပဋိပက္ခများမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးသော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများဟူ၍ပင် ကမ္ပည်းတင်ခဲ့ပြီ ဖြစ်သည်။ လက်နက်စွဲကိုင် တိုက်ခိုက်ခြင်းအားဖြင့် မိမိတို့၏ ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်မှုမရနိုင်သည်ကို အချိန်ကာလများက သက်သေပြခဲ့ပြီဖြစ်ရာ နိုင်ငံရေးကို နိုင်ငံရေးနှင့်ပင် အဖြေရှာကြခြင်းက မှန်ကန်သောလမ်းကြောင်း၊ လက်တွေ့ကျသောလမ်းကြောင်းဖြစ်သလို စစ်ပွဲများကဲ့သို့ နိုင်သူ အကုန်ယူကြေးမဟုတ်ဘဲ ညှိနှိုင်းခြင်း၊ အလျှော့ပေးခြင်း၊ လိုက်လျောခြင်း၊ နားလည်မှုပေးခြင်း၊ စိတ်ရှည်သည်းခံခြင်းတို့ကို ဘက်နှစ်ဖက်စလုံးက ကျင့်သုံးပြီး သူ့ဘက်ကိုယ့်ဘက် ရလဒ် ကောင်းတို့ကို အတူရှာဖွေကြရမှာဖြစ်သည်။
“နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းကြသူတွေဟာ မိမိတို့ကိုယ်စား ပြုတဲ့ အစုအဖွဲ့တစ်ဖွဲ့တည်းရဲ့ အကျိုးစီးပွားထက် ပြည်ထောင်စု တစ်ခုလုံးရဲ့ အကျိုးစီးပွား၊ တိုင်းရင်းသားပြည်သူအားလုံးရဲ့ အကျိုးစီးပွား၊ အနာဂတ်မျိုးဆက်သစ်တွေရဲ့ အကျိုးစီးပွားကို ရှေးရှုနိုင်ကြဖို့လည်း အရေးကြီးပါတယ်၊ စေ့စပ်ညှိနှိုင်းကြရာမှာ အပေးအယူ၊ အလျှော့အတင်း ဆောင်ရွက်နိုင်တဲ့ ပျော့ပျောင်း သူတွေဖြစ်ဖို့ လိုအပ်သလို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပန်းတိုင်ကို လျှောက်လှမ်းရာမှာ မဆုတ်မနစ်၊ သတ္တိရှိရှိ ဆောင်ရွက်နိုင်တဲ့ သန္နိဋ္ဌာန်မာကျောသူတွေဖြစ်ဖို့ လည်း အင်မတန်လိုအပ်ပါတယ်” ဟူ၍ ပြည်ထောင်စု ငြိမ်းချမ်း ရေး ဆွေးနွေးမှု ပူးတွဲကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က (၁၉) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့ရာ နိုင်ငံရေး စေ့စပ်ညှိနှိုင်းမှုတွင် ပါဝင်သူအားလုံး နှလုံးသွင်းနိုင်ကြရန် လိုအပ်သည်ဟု ရှုမြင်မိသည်။
စစ်ပွဲများကို စွန့်ခွာ၍ နိုင်ငံရေးစားပွဲဝိုင်းများတွင် နိုင်ငံရေး ပြဿနာများကိုတင်၍ ဆွေးနွေးဖြေရှင်းကြရာတွင် မတူကွဲပြားမှု များ၊ ဆန့်ကျင်ခြားနားမှုများ ရှိနေမည်မှာ သဘာဝပင်ဖြစ်သည်။ သို့ရာတွင် နိုင်ငံရေး စားပွဲဝိုင်းများသည် စေ့စပ်ညှိနှိုင်းသည့် နိုင်ငံရေး ယဉ်ကျေးမှုကျင့်သုံးသည့်နေရာသာဖြစ်သင့်ပြီး တင်းမာ မှုများ၊ တရားသေဆုပ်ကိုင်ထားမှုများ၊ မာန်မာနနှင့် ရပ်ခံနေမှုများ မရှိသင့်သည့်နေရာဖြစ်သည်။ ယခုအခါ မိမိတို့အားလုံး သည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်းဟူသော ဘုံရည်မှန်းချက် ပန်းတိုင်ကို တညီတညွတ်တည်း လက်ခံ ထားခဲ့ပြီးဖြစ်သည့်အလျောက် ပြည်တွင်းငြိမ်းချမ်းရေးကို မြန်နိုင်သမျှမြန်အောင် တည်ဆောက်ပြီး ရည်မှန်းချက် ပန်းတိုင်သို့အရောက် ဆက်လက်လျှောက်လှမ်းကြရမှာ ဖြစ်သည်။
အထူးသဖြင့် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်အောင် ငြိမ်းချမ်းရေးကို မျှော်လင့်တောင့်တနေကြသော တိုင်းရင်းသား ပြည်သူများ၏ ပြင်းပြသောဆန္ဒများ ပြည့်ဝစေရေးအတွက် ဝိုင်းဝန်းဖော်ဆောင်ပေးကြဖို့ပင်ဖြစ်သည်။ အတိတ်ကာလ ဆယ်စုနှစ်များအတွင်း မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် မျှော်လင့်ချက်များ လွင့်ပြယ်ခဲ့ရသည့်အဖြစ်မျိုး အနာဂတ်သို့ ဆက်လက် သယ်ဆောင်မသွားတော့ဘဲ မျိုးဆက်သစ်တို့ အတွက် ငြိမ်းချမ်းရေးအမွေအနှစ်ကို ချန်ထားပေးရစ်နိုင်ပါ စေကြောင်း။ ။