ဘုန်းတော်အလွန်တရာ ကြီးမြတ်တော်မူလှသော ဧကရီဘုရင်မ မင်းမြတ်ဘုရား၏ အမိန့်အာဏာတော်အရ ကြော်ငြာလိုက်သည်မှာ အထက်သီပေါမင်း အုပ်စိုးတော်မူသော မြန်မာနိုင်ငံတော်ကို ၎င်းဘုရင်က ထပ်မံဆက်လက်၍ စိုးစံအုပ်ချုပ်ရဦးမည်မဟုတ်။ ၎င်းနိုင်ငံနယ်မြေများသည် အသျှင်ဘုရင်မ မင်းမြတ်ဘုရား၏ နိုင်ငံ နယ်မြေဖြစ်လေပြီး အသျှင်ဘုရင်မ မင်းမြတ်ဘုရား အလိုတော်မြတ် ရှိစဉ်ကာလအတွင်း ထိုနိုင်ငံကို ဣန္ဒြိယဘုရင်ခံ မင်းမြတ်က အခွင့် သင့်လျော်သည့်အခါ မှူးမတ်အရာရှိ ခန့်ထား၍ ၎င်းမှူးမတ်အရာရှိ တို့ကသာ အုပ်ချုပ်စီရင်လိမ့်မည်ဟူသော အိန္ဒိယဘုရင်ခံ ဒတ်ဖရင်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည့် ကြော်ငြာစာသည် ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ရန်ကုန်မြို့၌လည်းကောင်း၊ ဇန်န ဝါရီလ ၄ ရက်နေ့တွင် မန္တလေးမြို့၌ လည်းကောင်း ထုတ်ပြန်လိုက် ပြီးသည့်နောက် နှစ်ပေါင်းထောင်ချီ၍ လွတ်လပ်သည့် ပဒေသရာဇ် နိုင်ငံတစ်နိုင်ငံအဖြစ် တည်ရှိလာခဲ့သည့် မြန်မာနိုင်ငံမှာ နယ်ချဲ့တို့၏ အင်ပါယာအတွင်းသို့ ကျရောက်သွားခဲ့သည်။
ထိုနေ့မှစ၍ မြန်မာနိုင်ငံသည် ကမ္ဘာ့မြေပုံပေါ်မှ ပျောက်ကွယ် သွားခဲ့ပြီး အိန္ဒိယ၏ ပြည်နယ်တစ်ခုအဖြစ်သို့ ရောက်ရှိသွားခဲ့ရာ မြန်မာနိုင်ငံသည် ကျွန်ထက်ပင် အဆင့်နိမ့်သည့် သပေါက်ဘဝသို့ ကျရောက်သွားခဲ့ရခြင်းဖြစ်သည်ဟူ၍လည်း မချိတင်ကဲ မှတ်တမ်း တင်ခဲ့ကြသည်။ (ကမ္ဘာ့နိုင်ငံများစာရင်းတွင် မြန်မာဟူ၍ မရှိတော့ သည့်အတွက် ၁၉၃၆ ခုနှစ် ဘာလင်ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်သည့် လူသန်ကြီး ဦးဇော်ဝိတ်မှာ အိန္ဒိယနိုင်ငံ သားအဖြစ် ယှဉ်ပြိုင်ခဲ့ရသည်။) နယ်ချဲ့လက်အောက်ကျရောက်ခဲ့ချိန် မှစ၍ ကျွန်နိုင်ငံသားအဖြစ်နှင့် လူမျိုးသည် လည်းကောင်း၊ ဘာသာ စကားသည်လည်းကောင်း၊ ကိုးကွယ်ယုံကြည်ရာ သာသနာသည် လည်းကောင်း ချိုးနှိမ်ခံခဲ့ရသည်။ အုပ်စိုးသူတို့အပေါ်တွင် သစ္စာခံရေး နှင့် အင်ပါယာကို အလုပ်အကျွေးပြုနိုင်ရေးအတွက် အင်္ဂလိပ်လို တွေးခေါ်ကာ အင်္ဂလိပ်လို ပြောဆိုရေးသားနိုင်မည့် ဌာနေလူမျိုးများ မွေးထုတ်ပေးနိုင်မည့် ကျွန်ပညာရေးစနစ်ကိုသာ နယ်ချဲ့တို့က ချပေးခဲ့သည်။ ကျွန်ပညာရေးစနစ်အရ လူတိုင်းလက်လှမ်းမမီနိုင်သည့် ပညာရေး ဖြစ်ခဲ့သည့်အတွက် စာတတ်မြောက်သူဦးရေမှာလည်း မြန်မာဘုရင် များ လက်ထက်ကထက်များစွာ နိမ့်ကျခဲ့သည်။
၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၅ ရက် (မြန်မာသက္ကရာဇ် ၁၂၈၂ ခု၊ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်) ရန်ကုန်တက္ကသိုလ် အက်ဥပဒေ ကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲသည် ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်တွန်းလှန်ခြင်း၊ နယ်ချဲ့အစိုးရကို ပေါ်ပေါ်ထင်ထင် စတင် အာခံခြင်းဖြစ်သကဲ့သို့ အမျိုးသားရေးစိတ်ဓာတ်နှင့် ဇာတိသွေး ဇာတိမာန်တို့ ပြန်လည်ရှင်သန်လာခြင်းလည်း ဖြစ်သည်။ နယ်ချဲ့ အစိုးရနှင့် ဆန့်ကျင်ဘက်တွင် မြန်မာတစ်မျိုးသားလုံး စုစည်း ညီညွတ်မှုကို ထင်ထင်ရှားရှားတွေ့မြင်ကြရပြီး အမျိုးသားပညာရေး စနစ်နှင့် အမျိုးသားကျောင်းများကိုပါ တည်ထောင်နိုင်ခဲ့သည့် အတွက်ဂုဏ်ပြုကာ နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ ကို အမျိုးသားနေ့/အမျိုးသားအောင်ပွဲနေ့အဖြစ် ကျင်းပခဲ့ရာ ၁၀၁ နှစ်ပင်တိုင်ခဲ့ပြီဖြစ်သည်။
အမျိုးသားရေးစိတ်ဓာတ်နှင့် ဇာတိသွေး၊ ဇာတိမာန်ဟူသည် ဟောင်းနွမ်းကုန်ခန်းသွားနိုင်သည့် စိတ်ဓာတ်အားမာန်မျိုးမဟုတ်ဘဲ မျိုးဆက်တိုင်းက လက်ဆင့်ကမ်းအမွေခံကာ ထာဝစဉ်ရှင်သန်နေရမှာ ဖြစ်သည်။ တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံ တစ်နိုင်ငံအဖို့ တစ်သွေးတည်း တစ်သားတည်းဟူ သော စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်ကြရေးက အသက်တမျှ အရေး ပါသည်။ ဘိုးဘွားတို့က အသက်သွေးချွေးစတေး၍ တည်ထောင်ခဲ့ကြ သော ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အေးချမ်းတည်ငြိမ်ရေး၊ သာယာဝပြောရေးတို့အတွက် တစည်း တလုံး၊ တညီတညွတ်တည်းသော အမျိုးသားရေးအားမာန်ဖြင့် ကြိုးပမ်းထမ်းရွက်နိုင်ကြပါစေကြောင်း။ ။