မီးလောင်ရာလေပင့်သည့် စွက်ဖက်မှုရှောင်ရှား

 

 အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံအချို့က နိုဝင်ဘာ ၂၆ ရက် တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ပူးတွဲကြေညာချက်တစ်စောင် ကို ထုတ်ပြန်လိုက်သည့်အပေါ် မြန်မာနိုင်ငံက ပြင်းထန်စွာကန့်ကွက် ခဲ့သည်။ ပူးတွဲကြေညာချက်တွင် အစိုးရဆန့်ကျင်သူများကို တပ်မတော် က အင်အားအလွန်အကျွံသုံးစွဲချေမှုန်းနေကြောင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်နေကြောင်းစသည့် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များနှင့် အစိုးရဆန့်ကျင်နေသူများ၊ အကြမ်းဖက်အဖွဲ့များ ထံမှ ရရှိသည့်အချက်များကို   အခြေခံထားခြင်းဖြစ်ရာ  မှန်ကန်မှု မရှိသော အချက်များပင်ဖြစ်သည်။

 


မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့်အခြေအနေများမှာ အကြမ်း ဖက်အဖွဲ့များအဖြစ် ကြေညာထားပြီးဖြစ်သော NUG၊ CRPH နှင့် ၎င်းတို့၏လက်အောက်ခံ PDF က စေခိုင်းနေသည့် အကြမ်းဖက် အုပ်စုများက မြို့များ၊ ရွာများအတွင်း ခိုအောင်းနေထိုင်ကာ အကြမ်း ဖက် အဖျက်လုပ်ငန်းများ ပြုလုပ်နေခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် လိုအပ်သည့် အရေးယူမှုများကို ဆောင်ရွက်နေခြင်းတို့ပင် ဖြစ်သည်။ အကြမ်းဖက်အဖွဲ့များက     ရဟန်းသံဃာတော်များကို သတ်ဖြတ်မှုများ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်း များကို သတ်ဖြတ်မှုများ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးပိုင်း ဆိုင်ရာတာဝန်ရှိသူများကို သတ်ဖြတ်မှုများ၊ ဌာနဆိုင်ရာဝန်ထမ်းများ ကို သတ်ဖြတ်မှုများ၊ စာသင်ကျောင်း အမြောက်အမြားကို မိုင်းထောင် ဖောက်ခွဲမီးရှို့ဖျက်ဆီးမှုများ၊ ဆေးရုံဆေးခန်းများ၊   ဈေးများ၊ လမ်း တံတားများ၊ နိုင်ငံပိုင် ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာ အဆောက် အဦများစသည်တို့ကို ဖောက်ခွဲဖျက်ဆီးမှု မီးရှို့မှုများစသည်တို့ကို စာရင်းအင်းအတိအကျ  ခိုင်မာသော   အထောက်အထားများဖြင့် တရားဝင်ထုတ်ပြန်ထားသော သတင်းများကိုမူ   အမေရိကန်နှင့် အပေါင်းအပါနိုင်ငံအချို့တို့က မသိယောင်ဆောင်၍ မျက်နှာလွှဲထား ခြင်းဖြစ်ရာ အပြစ်မဲ့သူများအပေါ် အကြမ်းဖက်သမားတို့၏ သတ်ဖြတ် မှုများကို ထောက်ခံအားပေးသည့်သဘော သက်ရောက်လျက်ရှိသည်။

 


NUG၊ CRPH အကြမ်းဖက်အဖွဲ့၏ လမ်းညွှန်ခိုင်းစေမှု၊ ငွေကြေး လက်နက်ထောက်ပံ့ပေးမှု၊ EAO အချို့၏  အကြမ်းဖက်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးမှုတို့ကို   အကြောင်းပြု၍  ဖြစ်ပေါ်နေသည့် အကြမ်းဖက်တိုက်ခိုက်မှုများမှာ လူနေရပ်ရွာများကို    အခြေခံ၍ ပြုလုပ်နေကြသည့်အတွက်  လုံခြုံရေးဆောင်ရွက်ရသည့်  နေရာ များတွင် ရပ်ရွာများလည်း ပါဝင်လာသည်။ အကြမ်းဖက်သမားများက ၎င်းတို့ဘက်သို့ မပါဝင်သူများကို ကြားနေအဖြစ် မသတ်မှတ်ဘဲ ရန်/ငါ ပြတ်သားရမည်ဟူသော ကွန်မြူနစ်အတွေးအခေါ်နှင့်   ပုံစံတို့ကို ပုံတူကူး ကျင့်သုံးကြသည့်အတွက် ရပ်ရွာစွန့်ခွာ  ထွက်ပြေးကြရသူ များကို ၎င်းတို့တိမ်းရှောင်ရာ ဘုန်တော်ကြီးကျောင်းသို့ပင် လိုက်လံ သတ်ဖြတ်ခဲ့ကြသည်ကိုလည်း တွေ့ရသည်။ ဒေသအလိုက် နာမည် အမျိုးမျိုး၊ အမှတ်တံဆိပ်အမျိုးမျိုးဖြင့် ပြည်သူ့ကာကွယ်ရေးအမည်ခံ ထားသည့် အကြမ်းဖက်အုပ်စုများတွင် ပညာတတ်ဂျီဇက်များသာ ပါဝင်နေသည်မဟုတ်ဘဲ နှလုံးလှလူမိုက်ကြီးများအမည်ခံ ဒုစရိုက် သမား ထောင်ထွက်များ၊ လူသတ်လက်မရွံ့များ၊ အစွန်းရောက်အကြမ်း ဖက်စိတ်ဓာတ်ရှိသူများလည်း ပါဝင်နေကြပြီး ငွေကြေးအရှုပ်အထွေး များ၊  လူမှုရေးအရှုပ်အထွေးများ၊  တရားလက်လွတ်သတ်ဖြတ်မှု၊ မုဒိမ်းမှု၊ လုယက်မှုအပါအဝင် တော်လှန်ရေးဟု မဆိုနိုင်သည့်အမှု များ ဖြစ်ပေါ်ခဲ့သည်များကိုမူ   အကြမ်းဖက်အားပေးမီဒီယာများက ဖုံးဖိဖာထေးပေးခဲ့သလို အနောက်အုပ်စုကလည်း   အပုပ်နံ့အပေါ် နှာစေးထားခဲ့သည်။

 


မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသည် မြန်မာပြည်သူတို့၏ အရေးဖြစ် သည်။ ပြည်သူလူထု၏ ဆန္ဒအစစ်အမှန်သည် နိုင်ငံတည်ငြိမ်အေးချမ်း ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မိမိတို့၏ ပရိယေသနဝမ်းစာကို လုံခြုံ အေးချမ်းစွာ ရှာမှီးနိုင်ရေးဖြစ်ပြီး ရေရှည်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး နှင့် နိုင်ငံသူ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများ မြင့်မားရေးဖြစ်သည်။ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူ ပြည်သားတို့၏   အကျိုးစီးပွားကို လိုလားသူများအနေဖြင့် အဆိုပါ ဆန္ဒအစစ်အမှန်ကို ဖြည့်ဆည်းကူညီ ပေးရန်သာဖြစ်ပြီး မီးလောင်ရာလေပင့်စေမည့်   စွက်ဖက်ပြုမူခြင်း များကို ရှောင်ရှားကြရန်ဖြစ်ပါကြောင်း။            ။