နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

နေပြည်တော်   နိုဝင်ဘာ   ၃၀


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးနှင့် တာဝန်ရှိသူများအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ လိုအပ်သလို         စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ ကော်မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။ 


စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးပေါ်ပေါက် ချက်အရ  သဘာဝဘေးအန္တရာယ်   ကာကွယ်ရေး လုပ်ငန်းများ  ဆောင်ရွက်ရန်    အကြောင်းပြ၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှု ရန်ပုံငွေမှ ၂၀၁၉  ခုနှစ်မှ  ၂၀၂၁ ခုနှစ်အတွင်း ရဟတ်ယာဉ်တစ်စင်းငှားရမ်းခြင်း၊     သက်တမ်း တိုးခြင်းတို့ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်သမ္မတ ရုံး၏ ညွှန်ကြားချက် အမှတ် ၁/၂၀၁၇ ကို လိုက်နာ မှုမရှိခြင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မှတ်ချက်၊ လေကြောင်းပို့ဆောင်ရေး  ညွှန်ကြားမှုဦးစီးဌာန တို့၏  အကြံပြုချက်များကို   ထည့်သွင်းစဉ်းစား ဆောင်ရွက်မှုမရှိဘဲ    ရဟတ်ယာဉ်ငှားရမ်းခြင်း သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ခြင်း၊  ဘဏ္ဍာရေး စည်းမျဉ်းများကို လိုက်နာရန်   ပျက်ကွက်ခဲ့ခြင်း၊ ငှားရမ်းသည့်ကာလ ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ် အထိ စာချုပ်ပါ ပျံသန်းအသုံးပြုနိုင်သည့် နာရီ ၇၂၀ တွင် ၈၄ ဒသမ ၉၅ နာရီသာ ပျံသန်းအသုံးပြုခဲ့၍ လျော့နည်းပျံသန်းချိန် ၆၃၅ ဒသမ ၀၅ နာရီအတွက် ယခင်ပျံသန်းအသုံးပြုမှု     အခြေအနေများအရ လေလွင့်မှု ရှိ/မရှိ မစိစစ်ဘဲ ငှားရမ်းခြင်း သက်တမ်း တိုး စာချုပ်များအား ခွင့်ပြု၍ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ သန်းကျော် ပိုမို ပေးချေခဲ့ရခြင်းကြောင့် နိုင်ငံတော်၏  ဘဏ္ဍာငွေကြေးကို  ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့ကြောင်း။


နိုင်ငံတော်ပိုင် ရဟတ်ယာဉ်တစ်စင်း  ဝယ်ယူ အသုံးပြုရာ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာ ဝန်ကြီးဌာနက ဘတ်ဂျက်တောင်းခံတင်ပြဝယ်ယူ ခြင်းမရှိဘဲ သုံးစွဲခွင့်မရှိသည့် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ သုံးစွဲ ထားခြင်းကြောင့်   ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန်ပျက်ကွက်ခဲ့ခြင်း၊ ရဟတ်ယာဉ် ဝယ်ယူ မှုအတွက် စီးပွားရေးရာကော်မတီနှင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြမှုမရှိဘဲ ဆောင်ရွက်ခဲ့ခြင်း၊ ရဟတ်ယာဉ်ဝယ်ယူသည့်စာချုပ်၏ General term တွင် Warranty နှင့် Excusable Delays ဖော်ပြပါရှိ သော်လည်း ပြင်ဆင်ရန်လိုအပ်မှုများနှင့် နောက်ကျ ရောက်ရှိမှုများအတွက် ဒဏ်ကြေးများ ထည့်သွင်း ချုပ်ဆိုထားမှုမရှိခြင်း၊   ပြည်သူ့ဘဏ္ဍာဖြစ်သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှု ရန်ပုံငွေများအား ရည်ရွယ်ချက်အတိုင်း ထိရောက် အကျိုးရှိစွာ သုံးစွဲခဲ့ခြင်းမရှိဘဲ ရဟတ်ယာဉ်ဝယ်ယူ ရေးအတွက် မြန်မာငွေကျပ် သိန်းပေါင်း နှစ်သိန်း သုံးသောင်းကျော်      ပေးချေခဲ့ရခြင်းတို့ကြောင့် နိုင်ငံတော်၏ဘဏ္ဍာငွေကြေးကို   ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့ကြောင်း။


ထို့ပြင်   ဝယ်ယူပြီးသော   ရဟတ်ယာဉ်၏ Operation and Maintenance ကိစ္စ ဆောင်ရွက် ရာတွင် ကုမ္ပဏီတစ်ခုနှင့် လုပ်ငန်းအပ်နှံရေးစာချုပ် ပါ အချက်များအား စိစစ်ညွှန်ကြားရန် ပျက်ကွက်ခဲ့ ခြင်း၊   သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု များနှင့် ဘေးသင့်သူများအတွက်သာ  သုံးစွဲရမည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုရန်ပုံငွေမှ သုံးစွဲခဲ့သဖြင့် ဘဏ္ဍာရေး စည်းမျဉ်းများ ကို  လိုက်နာရန်ပျက်ကွက်ခဲ့ခြင်း၊   ရဟတ်ယာဉ် နောက်ကျရောက်ရှိမည့်အခြေအနေကို ကြိုတင်သိရှိ ခဲ့ပြီးဖြစ်သော်လည်း   ထိန်းသိမ်းမည့်ကုမ္ပဏီနှင့် လိုအပ်သလိုညှိနှိုင်း၍  စာချုပ်ပြင်ဆင် ချုပ်ဆိုခဲ့မှု မရှိခြင်း၊   စာချုပ်အရ  ကြိုတင်ပြင်ဆင်မှုကာလ ဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ၂၇၀,၀၀၀ ကိုသာ ပေးချေသင့်သော်လည်း ငါးလအတွက် ဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ၄၉၂,၆၆၇ ကို ရဟတ်ယာဉ် မရောက်သေးဘဲ    ကြိုတင်ပေးချေထားခြင်းတို့ ကြောင့် နိုင်ငံတော်၏ဘဏ္ဍာငွေကြေးကို ထိခိုက် နစ်နာဆုံးရှုံးစေခဲ့ကြောင်း။


ထိုသို့ နိုင်ငံတော်၏ဘဏ္ဍာငွေကြေးကို ထိခိုက် နစ်နာ ဆုံးရှုံးစေခဲ့ခြင်းအတွက် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူ ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာ ဝင်းမြတ်အေးအပေါ်  အဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်း မြို့မရဲစခန်းတွင် ၂၀၂၁ ခုနှစ်  ဩဂုတ် ၂၇ ရက်၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ခဲ့ခြင်းဖြစ် ကြောင်း၊  ထပ်မံစစ်ဆေးပေါ်ပေါက်ချက်များအရ နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်နှင့် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် တို့သည်လည်း နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ထိန်းသိမ်း စောင့်ရှောက်ရေးကိစ္စရပ်များတွင် ၎င်းတို့၏ လုပ်ပိုင် ခွင့် အခွင့်အာဏာကိုအသုံးပြု၍ ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ ရုံးတွင်းစာ အဆင့်ဆင့်ဖြင့် ဆက်လက်ဆောင်ရွက် ရန် ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတော်၏ဘဏ္ဍာငွေကြေး၊ ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာဆုံးရှုံးစေခဲ့ခြင်းအတွက် နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်နှင့် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ  နေပြည်တော်၊   ဘုရားကုန်း မြို့မ ရဲစခန်းတွင်  ယနေ့ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင် ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စား မှု      တိုက်ဖျက်ရေးကော်မရှင်မှ     သတင်းရရှိ သည်။


သတင်းစဉ်