ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းနှင့် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာစိုးဦး တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ

နေပြည်တော်   နိုဝင်ဘာ   ၃၀    


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူး    ဒေါက်တာထားထားလင်းနှင့် တာဝန်ရှိသူများအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ   လိုအပ် သလို စုံစမ်းစစ်ဆေး အရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍    အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ သည်။


စုံစမ်းစစ်ဆေးရေးအဖွဲ့၏   စစ်ဆေး တွေ့ရှိချက်အရ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာ ရုံး စိုက်ထားသည့် အဖွဲ့အစည်းမှ မြန်မာ နိုင်ငံသို့ WHO နှင့် UNICEF တို့မှတစ်ဆင့် ထောက်ပံ့ငွေများ ပေးအပ်ကြောင်း၊ ယင်း အဖွဲ့အစည်းမှ      GAVI   HSS  2    Grant (Global Alliance   for  Vaccines   and Immunization-Health  System Strengthening 2) ကူညီငွေများကို တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းမှ တင်ပြသည့် စီမံချက်များအလိုက် ကျန်းမာရေးဝန်ကြီး ဌာန၊     ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ငွေစာရင်းသို့ ထောက်ပံ့ပေးအပ်ကြောင်း။


တိုးချဲ့   ကာကွယ်ဆေးထိုးလုပ်ငန်း များအတွက်  စီမံချက်မန်နေဂျာအဖြစ် ဒေါက်တာထားထားလင်းကို ခန့်ထားပြီး စီမံချက်မန်နေဂျာက Quarter အလိုက် သုံးစွဲရန် Work Plan လုပ်ငန်းစီမံချက်ကို ဝန်ကြီးဌာနမှ ဖွဲ့စည်းပေးသော ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာစိုးဦး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော   အလုပ်အမှုဆောင် ကော်မတီ (Executive Working Group) သို့ တင်ပြပြီး အတည်ပြုချက်ရရှိပါက ရန်ပုံငွေထုတ်ရန်အတွက် ညွှန်ကြားရေး မှူးချုပ် ဒေါက်တာစိုးဦး   ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော ပြင်ပထောက်ပံ့ကော်မတီ (External Aid Committee-EAC)မှ ထပ်မံစိစစ်အတည်ပြုပြီး     ခွင့်ပြုချက် ထုတ်ပေးကြောင်း၊ တိုးချဲ့ကာကွယ်ဆေး ထိုး  လုပ်ငန်းများအတွက်    စီမံချက် မန်နေဂျာ    ဒေါက်တာထားထားလင်း သည် ဗဟိုအဆင့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရရှိသည့် ပံ့ပိုးရန်ပုံငွေ  ငွေကျပ်သန်း   ၁၆၉၀၀  ကျော်အနက် ငွေကျပ်သန်း ၆၉၉၀ ကျော်နှင့် ၂၀၁၈-၂၀၁၉  Non Budget လက်ကျန်မှ ငွေကျပ် သန်း ၁၁၃၀ ကျော်၊ စုစုပေါင်း ငွေကျပ် သန်း ၈၁၂၀ ကျော် ထုတ်ယူခဲ့ပြီး၊   တိုင်း ဒေသကြီး/ပြည်နယ်များအတွက် ငွေကျပ် သန်း ၁၀၅၀၀ ကျော်ကို ခွဲဝေချထားပေး ခဲ့ကြောင်း။


၂၀၂၀ ပြည့်နှစ်၊    ဩဂုတ်လမှစ၍ COVID-19 ရောဂါပျံ့နှံ့မှုကြောင့်  စီမံချက် အတိုင်း ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်နိုင်မှု  မရှိသဖြင့်   ဗဟိုအဆင့် တွင် ငွေသားလက်ကျန် ငွေကျပ် ၁၆၁ ဒသမ ၁၉၈ သန်းနှင့်  တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် ငွေသား လက်ကျန် ငွေကျပ်သန်း ၈၄၀ ကျော်  ကျန်ရှိသဖြင့်     ငွေစာရင်းခေါင်းစဉ် ပြောင်းလဲအသုံးပြုရန် တင်ပြခြင်းအပေါ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၆ ရက်စွဲပါစာဖြင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန သို့ သဘောထားမှတ်ချက်တောင်းခံခဲ့စဉ် ကာလအတွင်း  ငွေသားလက်ကျန်များကို သုံးစွဲခြင်းမပြုရန်နှင့် ဌစ-၆ ဖြင့် ထိန်းသိမ်း ထားရန်  ညွှန်ကြားချက်ကို    လိုက်နာ ဆောင်ရွက်ခြင်းမရှိဘဲ     ဒေါက်တာ ထားထားလင်းသည် ဗဟိုအဆင့် ငွေသား လက်ကျန် ငွေကျပ် ၁၆၈ ဒသမ ၁၉၈ သန်း အား UNICEF Account သို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ငွေပေးသွင်းခဲ့ ခြင်းဖြင့်   နိုင်ငံတော်၏  ဘဏ္ဍာငွေကြေး ပိုင်ဆိုင်မှုကို  နစ်နာဆုံးရှုံးစေခဲ့ကြောင်း။


Global Alliance for Vaccines and Immunization-Health System Strengthening 2 ဖြင့်  ဆောင်ရွက်သည့် စီမံချက်ပါလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ငွေထုတ်ယူခွင့်ပြုသူ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊   ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊  ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာစိုးဦးသည် GAVI HSS2 Grant ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ တွင် တာဝန်ယူကြီးကြပ်ပြီး စီမံခန့်ခွဲရသူ ဖြစ်သည့်အလျောက်     နိုင်ငံတော်၏ ငွေကြေးပိုင်ဆိုင်မှု နစ်နာဆုံးရှုံးစေသည့် ဒေါက်တာထားထားလင်း၏ ဆောင်ရွက်မှု တွင် ကြီးကြပ်စစ်ဆေးရန် ပျက်ကွက်ခြင်း၊ စီမံခန့်ခွဲရန်   ပျက်ကွက်ခြင်းတို့သည် နိုင်ငံတော်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးရန် အတွက်  အားပေးကူညီခြင်းဖြစ်ကြောင်း။ 


စစ်ဆေးပေါ်ပေါက်ချက်အရဒေါက်တာ ထားထားလင်း အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ  ပုဒ်မ   ၅၆   အရ လည်းကောင်း၊  ဒေါက်တာစိုးဦးအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ   ၅၆/၆၃  အရ   လည်းကောင်း နေပြည်တော်  ဘုရားကုန်းမြို့မရဲစခန်း တွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍    တရားစွဲဆို အရေးယူနိုင်ရေး    ဆောင်ရွက်လျက်ရှိ ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ သိရသည်။  

       သတင်းစဉ်