အာဖရိကဒေသရှိ နိုင်ငံ ရှစ်နိုင်ငံမှ ခရီးသည်များအား မလေးရှားနိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းမှပိတ်ပင်

ကွာလာလမ်ပူ  ဒီဇင်ဘာ  ၂


မလေးရှားနိုင်ငံသည်    နိုင်ငံအတွင်း    အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်လာမည့်အရေးကို  တားဆီးကာကွယ်သည့်  ဆောင်ရွက်ချက် တစ်ရပ်အဖြစ် အာဖရိကဒေသရှိ နိုင်ငံ ရှစ်နိုင်ငံမှ ခရီးသည်များအား နိုင်ငံအတွင်းသို့ဝင်ရောက်ခြင်းမှ   တားမြစ်ကြောင်း   မလေးရှား 
ကျန်းမာရေးဝန်ကြီးခိုင်ရီဂျမာလူဒင်က ယနေ့ပြောကြားသည်။ 


အဆိုပါကန့်သတ်ချက်တွင်     အကျုံးဝင်သောနိုင်ငံများမှာတောင်အာဖရိက၊ ဘောက်ဝမ်နာ၊  အက်စ်ဝါတီနီ၊ လီဆိုသို၊ မိုဇမ်ဘစ်၊ နမီးဘီးယား၊ ဇင်ဘာဘွေနှင့် မာလာဝီနိုင်ငံများဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါအိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုများတွေ့ရှိခဲ့သည့် နိုင်ငံများမှ   ရွှေ့ပြောင်းလုပ်သားများနှင့်  ကျောင်းသားများကိုလည်း မလေးရှားနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်    ပိတ်ပင်လိုက်ကြောင်း သိရသည်။


  ပြည်ပမှ နိုင်ငံအတွင်းသို့ပြန်လာမည့်  မလေးရှားနိုင်ငံသားများနှင့် မလေးရှားနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရရှိသူများသည်  နိုင်ငံအတွင်း ပြန်လည်ရောက်ရှိသည့်အချိန်တွင်  ၁၄ ရက်ကြာ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ သီးခြားစောင့်ကြည့်မှု ခံယူရမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မလေးရှားနိုင်ငံနှင့်   အဆိုပါအိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်  ကူးစက်မှုများ တွေ့ရှိခဲ့သည့်နိုင်ငံများအကြား   ခရီးသွားလာရေး စင်္ကြံဖော်ဆောင်ရေး ကိစ္စအား    လက်ရှိအချိန်တွင်     ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း  ခိုင်ရီဂျမာလူဒင်က ပြောကြားသည်။ 


ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-စိုးသူရ