
(၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၀ ရက်)
ဒီကနေ့ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ရဲ့ အကြိမ်(၂၀)မြောက် အစည်းအဝေးကို တက်ရောက် လာကြတဲ့ ကိုယ်စားလှယ်များအားလုံးကို ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။ ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာပို့ပါတယ်။
ယမန်နေ့က ညီလာခံကြီးမှာ တင်သွင်းခဲ့တဲ့ ပြည်ထောင်စုသဘောတူ စာချုပ်၊ အစိတ်အပိုင်း(၃)ရဲ့ အပိုင်း(၃)ပိုင်းကို ဒီကနေ့ UPDJC မှာ ဆွေးနွေး အတည်ပြုပြီး ညီလာခံမှာ လက်မှတ်ရေးထိုးချုပ်ဆိုနိုင်အောင် ဆက်လက် ဆောင်ရွက်သွားကြရဦးမှာ ဖြစ်ပါတယ်။
အကျေအလည်ဆွေးနွေးညှိနှိုင်း
ပထမဦးဆုံးပြောကြားလိုတဲ့ အချက်ကတော့ ကျွန်မတို့ရဲ့ UPDJC မှာ အကျေအလည် ဆွေးနွေးညှိနှိုင်းပြီး (၂၁)ရာစုပင်လုံညီလာခံ၊ ဒုတိယအစည်း အဝေးမှာ ချုပ်ဆိုခဲ့တဲ့ ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်အပိုင်း(၁)နဲ့ (၂၁)ရာစုပင်လုံ၊ တတိယအစည်းအဝေးမှာ ချုပ်ဆိုခဲ့တဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၂)တွေမှာ ပါရှိပြီးဖြစ်တဲ့ အခြေခံမူတွေကိစ္စ ဖြစ်ပါတယ်။
ဒီညီလာခံ(၂)ကြိမ်မှာ ချုပ်ဆိုခဲ့တဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းတွေထဲက အခြေခံမူ (၅၁)ချက် ကျွန်မတို့ရရှိထားခဲ့ပြီး ဖြစ်ပါ တယ်။ ဒီအခြေခံမူတွေကို ဘာလုပ်မှာလဲ၊ အသုံးမပြုတော့ဘူးလားဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။ ဒီအတွက်လည်း စိတ်မပူကြဖို့ ပြောကြား လိုပါတယ်။ ဒီညီလာခံမှာချုပ်ဆိုမယ့် ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အပိုင်း(၂) ဖြစ်တဲ့ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှုတွေမှာ ကျွန်မတို့အနေနဲ့ ခေါင်းစဉ်ကြီး (၈)ခုပဲ သဘောတူညီမှုရရှိထားတာ ဖြစ်ပါတယ်။ ဒီခေါင်းစဉ်ကြီး (၈)ခုလုံးဟာ ကျွန်မ တို့ UPDJC က ရေးဆွဲချမှတ်ခဲ့တဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်မှာ ပါရှိတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်စတဲ့ ကဏ္ဍကြီး(၅)ခုနဲ့ အကျုံးဝင်ပါတယ်။ အဆင့်လိုက် ဆွေးနွေးမှုတွေ ဆက်လက်ဆောင်ရွက်ကြတဲ့အခါ မူလရရှိပြီးသား အခြေခံမူ (၅၁)ချက် သဘောတူညီပြီး အခြေခံမူတွေအဖြစ် သက်ဆိုင်တဲ့ ခေါင်းစဉ်ကြီးတွေ အောက်ကို ရောက်ရှိလာကြမှာ ဖြစ်ပါတယ်။
ကျွန်မတို့အားလုံး အကျေအလည် ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီချက် ရရှိထားတဲ့ အခြေခံမူ(၅၁)ချက်ကို သက်ဆိုင်တဲ့ ခေါင်းစဉ်တွေအောက်မှာ ထည့်သွင်းပြီး အဆင့်လိုက် အကောင်အထည်ဖော်မှုတွေကို အကောင်အထည် ဖော်ဆောင်သွားဖို့ပါပဲ။ ပြောရရင် ခေါင်းစဉ်ခွဲတွေ ဆက်လက်ဆွေးနွေးပြီး အဆင့်လိုက်ဖော်ဆောင်မယ့် ဇယား(၂)ရရှိလာရင် မူလပြည်ထောင်စု သဘောတူစာချုပ်၊ အစိတ်အပိုင်း(၁)နဲ့ အစိတ်အပိုင်း(၂)ရဲ့ အခြေခံမူတွေ အကောင်အထည်ဖော်တဲ့အခြေအနေကို ဆက်လက်ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ပြင်ဆင်ရေး
ဒုတိယအချက်အနေနဲ့ ပြောကြားလိုတာကတော့ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင်ပြင်ဆင်ရေးကိစ္စ ဖြစ်ပါတယ်။ UPDJC ဟာ နိုင်ငံရေးဆွေးနွေး ပွဲတွေကို ဦးဆောင်လမ်းညွှန်ကြီးကြပ်ဖို့ တာဝန်ရှိတဲ့အပြင် နိုင်ငံရေးဆွေးနွေး မှုဆိုင်ရာမူဘောင်ကို ရေးဆွဲဖို့နဲ့ ပိုမိုကောင်းမွန်အောင် ပြင်ဆင်ဖြည့်စွက်ဖို့ အဓိကတာဝန်ရှိပါတယ်။ ပြန်ပြီးသုံးသပ်ကြည့်လိုက်ရင် ကျွန်မတို့ UPDJC က ရေးဆွဲပြီး (၁၀) ကြိမ်ကျော် ပြင်ဆင်ထားပြီးဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင်ဟာ နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး ဘယ်သူတွေ ပါဝင်ရမယ်၊ ဘယ်လိုဆွေးနွေးပွဲတွေ လုပ်ရမယ်၊ ဘယ်လိုအကြောင်းအရာတွေ ဆွေးနွေးကြရမယ်ဆိုတဲ့အချက်တွေ အများစုပါဝင်နေတာကို တွေ့ရှိနိုင် ပါတယ်။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို အခြေခံပြီး လုပ်ငန်းလမ်းညွှန် (TOR) (၈)ခုနဲ့ လုပ်ထုံးလုပ်နည်း (SOP) (၁)ခု ရေးဆွဲထားတာ ရှိပါတယ်။
ကျွန်မတို့ရဲ့ လုပ်ငန်းလမ်းညွှန် (TOR) တွေနဲ့ လုပ်ထုံးလုပ်နည်း (SOP)တွေဟာ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကိုအခြေခံပြီး ရေးဆွဲထားတာ ဖြစ်တဲ့ အတွက် အစည်းအဝေးနဲ့ ဆွေးနွေးပွဲကျင်းပရေးနဲ့ သက်ဆိုင်တာတွေက ပိုမိုများပြားနေပါတယ်။ ဒါဟာလည်း ပြည်ထောင်စုသဘောတူစာချုပ်မှာ အခြေခံမူတွေ ရယူနိုင်ရေးကို ဦးတည်ခဲ့တဲ့အတွက် ဒီလိုပုံစံမျိုး ဖြစ်နေ ကြတာပါ။ ရှေ့ဆက်မယ့် UPDJC ရဲ့ လုပ်ငန်းစဉ်တွေကို မျှော်ကြည့်လိုက်ရင် အခုညီလာခံမှာ လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုမယ့် ၂၀၂၀ အလွန် အဆင့် လိုက် လုပ်ငန်းစဉ်တွေနဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှုတွေနဲ့ လိုက်လျောညီထွေဖြစ်မယ့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကို ဦးစား ပေးရေးဆွဲရမှာ ဖြစ်ပါတယ်။ အဆင့်လိုက်ဆွေးနွေးမှုတွေ ဆက်လက် ဆောင်ရွက်ရမှာဖြစ်ပြီး UPDJC က ရရှိလာတဲ့ နိုင်ငံရေးသဘောတူညီချက် တွေကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာကိုတော့ ကျွန်မတို့ရဲ့ လုပ်ငန်း ကော်မတီတွေမှာ ဆက်လက်ညှိနှိုင်းဆွေးနွေးကြရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လက်တွေ့ကျပြီး အလုပ်ဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် တစ်ခုရရှိလာအောင် ကျွန်မတို့ UPDJC အနေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ အများကြီး လုပ်ဆောင်ကြရဦးမှာဖြစ်ပါတယ်။
အနာဂတ်ခရီး
တတိယအချက်အနေနဲ့ ပြောကြားလိုတာကတော့ UPDJC ရဲ့ အနာဂတ် ခရီးဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ရှိခဲ့ပါ တယ်။ လွတ်လပ်ရေးရပြီးနောက် ပထမဦးဆုံး ပေါ်ပေါက်လာတဲ့ နိုင်ငံရေး ဆွေးနွေးပွဲဆိုတာကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံနဲ့ နောက်ဆက်တွဲ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံရေး ဆွေးနွေးပွဲအဆင့်ဆင့်ကို အဓိက တာဝန်ယူဆောင်ရွက်ရတာက ကျွန်မတို့ရဲ့ UPDJC ပဲ ဖြစ်ပါတယ်။ UPDJC ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်ပါဝင်တဲ့ အစိုးရအစုအဖွဲ့၊ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့နဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့ တို့နဲ့ အချိုးညီ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
နောက်ခံတွေ မတူညီကြသလို ကိုယ်စားပြုအဖွဲ့ အစည်းတွေရဲ့ ရပ်တည်ချက်တွေကလည်း မတူညီကြ ပါဘူး။ ဒီ(၄)နှစ်ကျော်ကာလအတွင်းမှာ ကျွန်မတို့အားလုံး UPDJC ဆိုတဲ့ ကော်မတီတစ်ခုအတွင်းမှာ လက်တွဲ ပူးပေါင်း ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေဟာ ငြိမ်းချမ်း တည်ငြိမ်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးဆိုတဲ့ ဘုံရည်မှန်းချက်အရပဲ ဖြစ်ပါ တယ်။ UPDJC ရဲ့ ဖွဲ့စည်းတည်ဆောက်မှုနဲ့အညီ သုံးပွင့် ဆိုင်၊ သုံးနားညီဟန်ချက်ညီညီ၊ နားလည်မှုရှိရှိ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြလို့လည်း ဒီကနေ့ ညီလာခံကြီးအထိ ကျွန်မတို့ လျှောက်လှမ်းနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
အားလုံးသိတဲ့အတိုင်း ကျွန်မတို့ရဲ့ ဆွေးနွေးပွဲတွေမှာ အကြိတ်အနယ် ငြင်းခုံရတာတွေရှိပါတယ်။ ညှိနှိုင်းလို့ မရတဲ့ အခြေအနေမှာ ခေတ္တရပ်နားပြီး အစုအဖွဲ့အလိုက် ပြန်လည်ညှိနှိုင်းရတာတွေလည်း ရှိပါတယ်။ အားလုံးက အဆင်ပြေပြီလို့ ထင်မှတ်ခဲ့ပေမယ့်လည်း မမျှော်လင့်ဘဲ ညှိနှိုင်းမရခဲ့တာတွေလည်းရှိပါတယ်။ ဒီလိုအခြေအနေ အမျိုးမျိုး၊ နိုင်ငံရေးမိုးလေဝသအမျိုးမျိုးကြားမှာ ကျွန်မ တို့ရဲ့ UPDJC ဟာ ပိုပြီးရင့်ကျက်၊ ပိုပြီးတည်ငြိမ်လာတဲ့ အနေအထားကို မီးမောင်းထိုးပြီး ပြောလိုပါတယ်။ အရင်ကဆိုရင် အစည်းအဝေးစားပွဲဝိုင်း ပေါ်ရောက်မှ တွေ့ဆုံညှိနှိုင်းလေ့ရှိကြတဲ့အတွက် သဘောတူညီချက်ရယူဖို့ ကြန့်ကြာနေတတ်တာတွေရှိခဲ့ပါတယ်။ အခုဆိုရင် ကျွန်မတို့ အချင်းချင်း ကြားမှာ ကြိုတင်တွေ့ဆုံ၊ ကြိုတင်ညှိနှိုင်းတဲ့ ချဉ်းကပ်မှုအသစ်တွေ တိုးမြှင့် ဆောင်ရွက်လာတဲ့အတွက် UPDJC စားပွဲဝိုင်းတွေမှာ အကြိတ်အနယ် ငြင်းခုံ ရတာမျိုးတွေ တစ်စထက်တစ်စ နည်းပါးလာပါတယ်။
ရလဒ်ကောင်းတွေ ထွက်ပေါ်လာ
ဒါ့အပြင် နားလည်မှုတွေ ပိုရလာပါတယ်၊ ယုံကြည်မှုတွေ ပိုရှိလာပါတယ်၊ တစ်ဦးတစ်ယောက်က ပြောတဲ့စကားကို နားထောင်ပြီး သူ့စိတ်ထဲက ခံစား ချက် ဘယ်လိုရှိတယ် ဆိုတာကို ထပ်တူထပ်မျှ နားလည်သိမြင်လာကြပါတယ်။ ဒါဟာ UPDJC ရဲ့ ရှေ့ဆက်ရမယ့် ခရီးအတွက် ကောင်းမွန်တဲ့အလားအလာ တွေပဲ ဖြစ်ပါတယ်။ နိုင်ငံရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းတွေမှာ သူ့လိုလားချက်၊ ကိုယ့်လိုလားချက် မလျှော့တမ်း ဆုပ်ကိုင်ဆွေးနွေးကြတာ ထက် ပြည်ထောင်စုရဲ့အကျိုး၊ တိုင်းရင်းသား ပြည်သူအားလုံးရဲ့ အကျိုးကို ရှေးရှုဆွေးနွေးကြတာက ပိုပြီးခရီးရောက်ပါတယ်။ စိတ်ရင်းစေတနာ မှန်ကန် ခြင်းကြောင့် ဆွေးနွေးပွဲတွေဟာ ရလဒ်ကောင်းတွေ ထွက်ပေါ်လာတာမျိုး ဖြစ်ပါတယ်။ အဓိကအချက်က ကျွန်မတို့အားလုံး ပူးတွဲပိုင်ဆိုင်ကြတဲ့ ကျွန်မ တို့ရဲ့ ပြည်ထောင်စုကြီးရဲ့ အနာဂတ်အတွက် ကျွန်မတို့အားလုံး ပူးတွဲကြိုးပမ်း ခွင့်ရရှိနေတာဟာ အဖိုးမဖြတ်နိုင်တဲ့ သမိုင်းပေးအခွင့်အရေးတစ်ခု ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောလိုတာကတော့ ကျေးဇူးတင်စကား ဖြစ်ပါတယ်။ ဒီကျေးဇူးတင်စကားကို အလေးအနက်ထားပြီး ပြောကြားလိုပါတယ်။ ဒီနိုင်ငံ ကို စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှ ပြည်တွင်းငြိမ်းချမ်း ရေးရမယ်၊ အမျိုးသားတန်းတူရေးရှိမှ အမျိုးသားညီညွတ်ရေးရမယ်၊ ဒါတွေ အားလုံး ကျွန်မတို့အားလုံး သိရှိနားလည်ထားကြပြီး ဖြစ်ပါတယ်။ ဒါဟာ ကျွန်မတို့အားလုံးရဲ့ ပန်းတိုင်ဖြစ်သလို တိုင်းရင်းသားပြည်သူအားလုံးရဲ့ အိပ်မက်လည်း ဖြစ်ပါတယ်။ ဒီကနေ့အထိ စိတ်မပျက်၊ အားမလျှော့ဘဲ စည်းစည်းလုံးလုံး၊ စုစုစည်းစည်းနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ UPDJC အဖွဲ့ဝင်တွေ အားလုံးကြောင့်လည်း (၂၁)ရာစုပင်လုံညီလာခံကို (၄) ကြိမ် မြောက်အထိ ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာတွေကို အဓိကဖြေရှင်းရတာက ကျွန်မတို့ရဲ့ UPDJC ပဲ ဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခကို စတင်စေခဲ့တဲ့၊ ညီညွတ်ရေးကို ပြိုကွဲစေခဲ့တဲ့ နိုင်ငံရေးပြဿနာ တွေဟာ ဆယ်စုနှစ်နဲ့ချီပြီး ပေါ်ပေါက်လာခဲ့တာဖြစ်တဲ့အတွက် လက်တွေ့ ဖြေရှင်းကြရမှာ လွယ်ကူလှတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ အတက်-အကျ၊ အနိမ့်-အမြင့်တွေကြား ရပ်တန့်မသွားခဲ့ဘဲ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ရှေ့ကိုရောက်အောင် ဆက်ပြီးလျှောက်နိုင်ခဲ့ပါတယ်။ ဒီလို ကြိုးပမ်းဆောင်ရွက် ချက်တွေအတွက်လည်း ကျွန်မအနေနဲ့ UPDJC အဖွဲ့ဝင်တွေအားလုံး၊ အတွင်းရေးမှူးများနဲ့ အကျိုးဆောင်တွေ၊ အလုပ်အဖွဲ့ဝင်တွေအားလုံးကို ပြည်ထောင်စုကြီးရဲ့ကိုယ်စား ကျေးဇူးအထူးတင်ရှိပါတယ်လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။