ကလောင်စွမ်းအားဖြင့် နိုင်ငံသားကောင်းများ ပျိုးထောင်

 

နိုင်ငံတစ်နိုင်ငံ ကောင်းရန်အတွက် နိုင်ငံသားကောင်းများ  လိုအပ် သည်။ နိုင်ငံသားတို့ စိတ်ဓာတ်မြင့်မား၊ အရည်အချင်းမြင့်မားမှသာ နိုင်ငံကိုလည်း မြင့်မြင့်မားမား တည်ဆောက်နိုင်မည်။ ဒီမိုကရေစီ စနစ် ကျင့်သုံးသည့်နိုင်ငံတွင် နိုင်ငံသားပြည်သူများ၏ ကဏ္ဍမှာ ပိုမို ကြီးမားကျယ်ပြန့်သည့်အလျောက်   နိုင်ငံသားတစ်ဦးချင်းစီတွင် အရည်အသွေးပြည့်ဝနေကြရမည်ဖြစ်သည်။  

 

နိုင်ငံသားကောင်း၏ အရည်အသွေးများကို ဉာဏ်အမြော်အမြင် (Intelligence)၊ မိမိ ကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်း (Self-Control)၊ အကောင်းအဆိုး ခွဲခြားနိုင်သည့် အသိတရား (Conscience) ဟူ၍ အရည်အသွေး သုံးရပ် သတ်မှတ်ထားရာအားလုံးသည် ပညာအပေါ်မှာသာ အခြေခံ ထားသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

 


ပညာပြည့်ဝနှလုံးလှသော နိုင်ငံသားများကသာ နိုင်ငံကို ဝင့်ထည် မြင့်မားစွာတည်ဆောက်နိုင်မည်ဖြစ်သော်လည်း မိမိတို့နိုင်ငံ၏ နိုင်ငံ သားအများစု၏ ပညာရေးအခြေအနေမှာ ပျမ်းမျှအားဖြင့် အခြေခံပညာ အလယ်တန်းမျှသာရှိနေသည်။ ကျောင်းသင်ပညာအားနည်းသည့် အပြင် ဗဟုသုတအကြားအမြင်တို့ပါ ချို့တဲ့နေမည်၊ နည်းပါးနေမည် ဆိုပါက တစ်ပါးသူတို့၏ ခြယ်လှယ်မှု၊ လွှမ်းမိုးမှုတို့ကို အလွယ်တကူ ခံရနိုင်သည်ဟူ၍ ယေဘုယျအားဖြင့် သုံးသပ်နိုင်သည်။ လှည့်ဖြား တတ်သူတို့၏  အညာအလှိုင်းများအောက်တွင်     အမြတ်ထုတ်ခံ၊ အသုံးချခံရသည့်အခြေအနေသို့ ရောက်မှန်းမသိ ရောက်သွားတတ် သည်။ ဒီမိုကရေစီစနစ်အရ နိုင်ငံရေးပါတီများ ဖွဲ့စည်းတည်ရှိနေမည် ဖြစ်ရာ အမျိုးသားအကျိုးစီးပွားထက် ပါတီအကျိုးစီးပွားကိုသာ ကျဉ်းမြောင်းစွာကြည့်တတ်ကြသည့် နိုင်ငံရေးပါတီများ၊ ပြည်သူ့ ရေးရာကိစ္စများတွင် မှန်ကန်စွာဖြေရှင်းခြင်း မပြုဘဲ နိုင်ငံရေးအမြတ် ထုတ်တတ်ကြသည့် နိုင်ငံရေးသမားများက ပြည်သူကို တစ်နည်းနည်း ဖြင့် နာကြည်းအောင် ဆွပေးကာ ကြမ်းကြမ်းတမ်းတမ်းလှုံ့ဆော်မှုများကြောင့် ပြင်းထန်သည့် ခံစားမှုများမှတစ်ဆင့်    နိုင်ငံအတွင်း စည်းလုံးညီညွှတ်မှု၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားရသည့်အခြေအနေ များမှာ နိုင်ငံသားကောင်းအရည်အသွေးများ နည်းပါးခြင်းကြောင့်ပင် ဖြစ်သည်။

 


‘‘နိုင်ငံ့သမိုင်းရေစီးကြောင်းတွင် စာပေပညာရှင်ကြီးများသည် နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ခေတ်၏ လိုအပ်ချက် အတိုင်း ကလောင်လက်နက်ဖြင့် အင်တိုက်အားတိုက် ပါဝင်ကြိုးပမ်း ခဲ့ကြသည်ကို အထင်အရှားတွေ့ရပါကြောင်း၊ နိုင်ငံသူ နိုင်ငံသားများ အတွေးအခေါ် မှန်ကန်စေရန်၊ နည်းလမ်းမှန်ကန်သော အသိဉာဏ် ဗဟုသုတတိုးပွားစေရန်၊ အကျင့်စာရိတ္တနှင့် ကိုယ်ကျင့်တရား ကောင်း မွန်စေရန်၊ လူသားအရင်းအမြစ်အရည်အသွေး တိုးတက်တောက်ပြောင် စေရန် ‘‘စာပေ’’ အားဖြင့် ထိန်းကျောင်းတည့်မတ်ပေးသွားရမည် ဖြစ်ပါကြောင်း’’ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၀ ပြည့်နှစ် အမျိုး သား စာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆု ဆုချီးမြှင့်ပွဲအခမ်းအနား၌ ဂုဏ်ပြုအမှာစကား ပြောကြား ရာတွင် ထည့်သွင်းပြောကြားခဲ့ရာ စာပေပညာရှင်တို့၏ အခန်းကဏ္ဍ ကို လေးစားအသိအမှတ်ပြုခြင်းနှင့်အတူ ကလောင်လက်နက်ပိုင်ရှင် တို့၏ တာဝန်တို့ကို မီးမောင်းထိုး ထင်ရှားစေခဲ့ခြင်းလည်းဖြစ်သည်။

 


စာရေးဆရာ စာပေပညာရှင်တို့၏ မျက်မှောက်ကာလ သမိုင်းပေး တာဝန်များသည် မိမိတို့နိုင်ငံ၏ နိုင်ငံသူ နိုင်ငံသားများ ဉာဏ်အမြော် အမြင် မြင့်မားရေး၊ မိမိကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်းမြင့်မားရေး၊ အကောင်းအဆိုး အကျိုးအပြစ်တို့ကို မှန်ကန်စွာ ခွဲခြားသိရှိနိုင်စွမ်း မြင့်မားရေးတို့ကို မြှင့်တင်ပေးရန်ပင် ဖြစ်သည်ဟု  ရှုမြင်မိသည်။   နိုင်ငံသားတို့ ပညာပြည့်ဝနှလုံးလှရေးအတွက် ကလောင်ဖြင့် လမ်းညွှန် ကြရန်၊ ကလောင်ဖြင့် ထိန်းကျောင်းကြရန် တစ်နည်းအားဖြင့် နိုင်ငံ အတွက် အဓိက လိုအပ်ချက်ဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်ဖြစ် သော နိုင်ငံသားကောင်းများကို ကလောင်စွမ်းအားဖြင့်  ပြုစုပျိုးထောင်  ကြိုးပမ်းကြရေး တိုက်တွန်းအပ်ပါကြောင်း။                ။